ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
လက်ရှိအနေအထားအရ ကမ္ဘာလုံးအတိုင်းအတာမှာ built environment ရဲ့ သက်ရောက်မှုကမသေးလှပါဘူး။ built environment ဆိုတာက လူတွေဖန်တီးတည်ဆောက်ထားတဲ့ အဆောက်အဦး၊ လမ်းနဲ့တံတားတွေကို ဆိုလိုတာဖြစ်ပါတယ်။ UKနိုင်ငံရဲ့အချက်အလက်တွေအရဆိုရင်ကျွန်ုပ်တို့ရဲ့ ဆောက်လုပ်ရေးနယ်ပယ်တစ်ခုတည်းကနေ နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၂၅% ဝန်းကျင်အထိရှိနေသလို ၂၀၂၁ ခုနှစ်မှာဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းကနေ carbon dioxide တန်ချိန် ၁၀ သန်းကျော် ထွက်ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အခြေခံအဆောက်အအုံ(Infrastructure) အသစ်တွေအတွက် လိုအပ်ချက်က လျော့မသွားဘဲ ၂၀၆၀ မှာ global building floor area က နှစ်ဆတိတိ တိုးလာမယ်လို့တောင် ခန့်မှန်းထားပါတယ်။
ဒီလိုအခြေအနေမှာ ရေရှည်တည်တံ့တဲ့ built environment တစ်ခုကို ဖန်တီးနိုင်ဖို့ အသစ်၊အသစ်သောနည်းလမ်း အသစ်တွေကို ရှာဖွေလုပ်ဆောင်နေကြပါတယ်။ အဲဒီထဲမှာ modular construction က အနာဂတ်အတွက် အလားအလာကောင်းတွေ အများကြီး ရှိနေပါတယ်။
Modular Construction ဆိုတာ ဘာလဲ?
Modular construction ဆိုတာ အဆောက်အဉီးနဲ့ Structure အစိတ်အပိုင်းတွေကို modules လို့ခေါ်တဲ့ ထပ်ခါတလဲလဲ အသုံးပြုနိုင်ပြီး Standard သတ်မှတ်ထားတဲ့ အစိတ်အပိုင်းတွေနဲ့ တည်ဆောက်တာဖြစ်ပါတယ်။ ဒါက အစိတ်အပိုင်းတွေကိုကြိုတင်ထုတ်လုပ်ထားတဲ့ ပုံစံတစ်မျိုးဖြစ်ပြီး ဆောက်လုပ်ရေးလုပ်မယ့်နေရာကို မရောက်ခင် စက်ရုံတစ်ခုမှာ စံသတ်မှတ်ချက်နဲ့ညီတဲ့ အစိတ်အပိုင်းတွေကို ပြုလုပ်ပြီးမှ site ဆီကို သယ်ယူ၊တပ်ဆင်၊တည်ဆောက်သွားတာဖြစ်ပါတယ်။ အရည်အသွေးကိုတသမတ်တည်းရအောင်ပြုလုပ်လို့ဖြစ်နိုင်ချေပိုများတဲ့ အခြေအနေအောက်မှာ တည်ဆောက်တဲ့အတွက် အရည်အသွေးကိုပိုကောင်းစေပြီး စံသတ်မှတ်ချက်တွေ၊ Code တွေ နဲ့ အင်ဂျင်နီယာဆိုင်ရာစည်းမျဉ်းတွေနဲ့လည်း ပိုမို ကိုက်ညီစေပါတယ်။
ဒီနည်းပညာက အရှိန်အဟုတ်ကောင်းကောင်းနဲ့ လျင်မြန်စွာခေတ်စားလာနေတဲ့ market တစ်ခုဖြစ်ပါတယ်။ UK မှာဆိုရင် ၂၀၁၉ ကတည်းက modular units တွေရဲ့ တင်သွင်းမှုနှစ်ဆ တိုးလာခဲ့ပြီး၊ နောက်ပိုင်းတည်ဆောက်တဲ့ အဆောက်အဉီးအသစ် ၁၀% လောက်မှာ modular construction နည်းလမ်းတွေ ပါဝင်လာပါတယ်။
Modular Construction တွေထဲမှာ အသုံးများတဲ့ အမျိုးအစား ၄ မျိုး ရှိပါတယ်။
- Temporary modular construction : လွယ်ကူစွာ နေရာရွှေ့ပြောင်းနိုင်တဲ့ structures များကို အဓိကထား တည်ဆောက်ပြီး tourism နဲ့ hospitality sectors တွေမှာ အသုံးများပါတယ်။
- Permanent modular construction : နေအိမ်တွေလိုမျိုး ရေရှည်အတွက် အသုံးပြုမယ့် modules များကို အဓိကထားပါတယ်။
- ပြန်ရွှေ့နိုင်တဲ့ အဆောက်အဦများ(Relocatable buildings) : အစိတ်အပိုင်းမဟုတ်ဘဲ အဆောက်အဉီးအသေးစားတွေကိုတစ်ခုလုံး ထုတ်လုပ်ပြီး လိုအပ်ရင်နေရာပြန်ရွှေ့နိုင်ပါတယ်။
- Volumetric modular construction : ကြီးမားပြီး အပိတ်အရံအပြည့်အစုံပါတဲ့ enclosed modules တွေကို ထုတ်လုပ်ခြင်းကို အဓိကထားပါတယ်။ (ဥပမာ- ရေချိုးခန်း အခန်းငယ်များ/bathroom pods)
Modular Construction ရဲ့ အကျိုးကျေးဇူးများ
၁။ ရေရှည်တည်တံ့မှု- sustainable construction methods များကို အသုံးပြုနိုင်သလို material တွေရဲ့ "embodied carbon" (ပစ္စည်းတစ်ခု ထုတ်လုပ်ဖို့ ထွက်ရှိလာတဲ့ ကာဗွန်ပမာဏ) လျှော့ချခြင်းနဲ့ စွမ်းအင်ချွေတာတဲ့ ဒီဇိုင်း တွေကြောင့် ပတ်ဝန်းကျင်အတွက်လဲ အကျိုးရှိပါတယ်။
၂။ ပစ္စည်းအလေအလွင့် လျှော့ချခြင်း- သေချာထိန်းသိမ်းလုပ်ဆောင်နိုင်တဲ့ စက်ရုံတွေမှာ ထုပ်လုပ်တဲ့အတွက် ပစ္စည်းကနေထွက်ရှိလာတဲ့ အမှိုက်ပမာဏကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
၃။ ပြန်လည်အသုံးပြုနိုင်ခြင်း- ထုတ်လုပ်ထားတဲ့ Unit တွေက ပြန်လည်အသုံးပြုနိုင်ဖို့ အလားအလာ မြင့်မားပြီး ကာဗွန်ထွက်ရှိမှုနှုန်းကိုလျော့ကျစေပါတယ်။
၄။ အချိန်ကုန်သက်သာခြင်း- သမားရိုးကျနည်းလမ်းတွေထက် ၃၀-၅၀% ပိုမြန်ပြီး၊ ဆိုက်ဒ်ပြင်ပ(off-site) မှာ ထုတ်လုပ်တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းကို အရှိန်မြှင့်နိုင်ပါတယ်။
၅။ ကုန်ကျစရိတ် သက်သာစေခြင်း- တူညီတဲ့ဒီဇိုင်းအစိတ်အပိုင်းတွေကို ထပ်ခါထပ်ခါသုံးနိုင်တာကြောင့် ထုတ်လုပ်မှုစရိတ်သက်သာစေသလို အချိန်တိုအတွင်းအလုပ်ပြီးစေမှာမို့လို့ ကုန်ကျစရိတ်အသီးသီးကို လျှော့ချပေးပါတယ်။
၆။ ဆန်းပြားလှပတဲ့ ဒီဇိုင်း - efficient ဖြစ်ရုံသာမက ဆန်းပြားလှပတဲ့ design တွေ ဖန်တီးဖို့လည်း အခွင့်အလမ်းတွေ ရှိပါတယ်။
Modular Construction အားနည်းချက်နဲ့စိန်ခေါ်မှုများ
- ရွေးချယ်စရာ နည်းပါးခြင်း- ရွေးချယ်စရာနည်းပြီး ထပ်ခါထပ်ခါအသုံးပြုရမယ့် ဒီဇိုင်းတွေကြောင့် အဆောက်အဉီးအသီးသီးမှာ တူညီမှုတွေများလာပြီး အသွင်အပြင်သစ်တွေကိုမြင်ရတာ နည်းလာနိုင်ပါတယ်။
- သယ်ယူပို့ဆောင်ခ ကြီးခြင်း- ကြီးမားတဲ့ modules တွေကို လမ်းအနေအထား၊ အမြင့်ကန့်သတ်ချက် တို့ကြောင့် သယ်ယူပို့ဆောင်ရာမှာအခက်အခဲဖြစ်ပြီး ကုန်ကျစရိတ်လည်းများပါတယ်။
- စိတ်ကြိုက် ဖန်တီးဖို့ ခက်ခဲခြင်း- စံသတ်မှတ်ထားတဲ့ဒီဇိုင်းအပေါ်မူတည်တဲ့အတွက် ကိုယ်လိုချင်တဲ့ဒီဇိုင်းကိုစိတ်ကြိုက်ဖန်တီးဖို့ကခက်ခဲပါတယ်။
- အမြင်မကျယ်မှုတွေကြောင့် စွမ်းဆောင်ရည်အပေါ် သံသယရှိနေခြင်း - permanent structures တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အရည်အသွေးမကောင်းဘူးဆိုတဲ့ ခေတ်နောက်ကျတဲ့အမြင်တွေကြောင့် ဆောက်လုပ်ရေးကုမ္ပဏီတွေက ဒီနည်းပညာကို သုံးဖို့အတွက် တွန့်ဆုတ်စေနိုင်ပါတယ်။
- ရင်းနှီးမြှုပ်နှံမှု စရိတ် - Modules တွေရဲ့ design process က ရှုပ်ထွေးပြီး စနစ်တကျ ဖြစ်စေဖို့ အစပိုင်းမှာငွေကြေးများ အများကြီး ချသုံးဖို့ လိုအပ်တတ်ပါတယ်
နိဂုံးချုပ်အနေနဲ့ Modular construction ကို အပြည့်အဝအသုံးချနိုင်မယ်ဆိုရင် ကမ္ဘာကြီးမှာ Infrastructure အသစ်တွေလိုအပ်ချက်နဲ့ ရာသီဥတုပြောင်းလဲခြင်းစိန်ခေါ်မှုများ ကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူပြုမယ့်နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။
Daw Theint Thinzar
Lecturer, Strategy First International College
B.E (Civil) West Yangon Technological University
M.Sc. (Construction Project Management),
Heriot-Watt University, Malaysia
https://www.ube.ac.uk/whats-happening/articles/what-is-modular-construction/
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
