စဉ်ဆက်မပြတ် သင်ယူ လေ့လာလိုစိတ်ဖြင့် ဘဝတစ်သက်တာကျွမ်းကျင်မှုတွေကိုဖန်တီးပုံဖော်ခြင်း

         စဉ်ဆက်မပြတ် သင်ယူမှုဆိုတာက ပုဂ္ဂိုလ်ရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တိုးတက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ဒါဟာ တစ်ဦးတစ်ယောက်ချင်းစီအတွက် ကိုယ့်ရဲ့သက်ဆိုင်ရာနယ်ပယ်မှာ မကျန်ရစ်ခဲ့ဖို့၊ ခေတ်ရေစီးကြောင်း အပြောင်းအလဲတွေကို သိရှိနားလည်ဖို့နဲ့ မရေရာမှုတွေကို လိုက်လျောညီထွေဖြစ်အောင် နေနိုင်ဖို့ ကူညီပေးနိုင်တဲ့ လုပ်ဆောင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ Plutarch ပြောခဲ့သလို "စိတ်ဆိုတာ ဖြည့်ရမယ့်ခွက်တစ်လုံး မဟုတ်ပါဘူး၊ မီးညှိပေးရမယ့် မီးစာတစ်တိုင် ဖြစ်တယ်"လို့ဆိုပါတယ်။ ဒီဆောင်းပါးမှာ စဉ်ဆက်မပြတ် သင်ယူခြင်းရဲ့ အရေးပါပုံနဲ့ ရုံးတွင်းမှာရော ရုံးပြင်ပမှာပါ တစ်ဦးချင်းစီအတွက် ဘယ်လို အကျိုးပြုနိုင်တယ်ဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

သိချင်စူးစမ်းလိုစိတ်

         သိချင်စိတ်ဟာ သင်ယူခြင်းမီးကို စတင်မီးမွှေးပေးတဲ့ မီးပွားမီးစ ဖြစ်ပါတယ်။ ဒါဟာ အသိပညာအသစ်တွေနဲ့ အတွေ့အကြုံအသစ်တွေကို ရှာဖွေဖို့၊ မေးခွန်းထုတ်ဖို့နဲ့ ရှာဖွေတွေ့ရှိချင်စိတ်များ ဖြစ်ပေါ်လာပြီး တစ်သက်တာသင်ယူမှုအတွက် စိတ်အားထက်သန်တဲ့ဆန္ဒပဲ ဖြစ်ပါတယ်။ Albert Einstein ပြောခဲ့တဲ့ ဆိုရိုးရှိတဲ့ စကားကတော့ "ကျွန်တော့်မှာ ထူးခြားတဲ့ စွမ်းရည်တွေ မရှိပါဘူး။ ကျွန်တော်ဟာ စိတ်အားထက်သန်စွာနဲ့ သိချင်စိတ်ပြင်းပြသူတစ်ယောက်သာ ဖြစ်ပါတယ်" လို့ ဆိုဖူးပါတယ်။ စူးစမ်းလိုစိတ်ဟာ လူတွေကို သတင်းအချက်အလက်အသစ်တွေ၊ ကျွမ်းကျင်မှုအသစ်တွေနဲ့ အမြင်သစ်တွေကို ရှာဖွေဖို့ တွန်းအားပေးတဲ့ လောင်စာပဲ ဖြစ်ပါတယ်။

         သုတေသနတွေအရ စူးစမ်းလိုစိတ်ဟာ "အပြုသဘောဆောင်တဲ့ ခံစားချက်တွေ မြင့်မားခြင်း၊ စိုးရိမ်ပူပန်မှုတွေ လျော့နည်းခြင်း၊ ဘဝကို ပိုပြီးကျေနပ်မှုရှိခြင်း" တို့နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စူးစမ်းလိုစိတ်ဟာ တစ်သက်တာ သင်ယူမှု ခရီးအတွက် စတင်တဲ့ တွန်းအားမျှသာ ရှိပါသေးတယ်။

ကျွမ်းကျင်တတ်မြောက်မှု (စဉ်ဆက်မပြတ် သင်ယူမှုရဲ့ လမ်းပြမီး)

​​​​​​​         ကျွမ်းကျင်မှု ဆိုတာကတော့ သင်ယူခြင်းမီးကို ဆက်လက် လောင်ကျွမ်းနေစေတဲ့ အရာလို့ ပြောလို့ရပါတယ်။ ဒါဟာ အကောင်းမွန်ဆုံးသော ရလဒ်တွေကိုလေ့လာ လိုက်စားခြင်းနဲ့ ကိုယ့်ရဲ့ အစွမ်းအစ ကို အပြည့်အဝရရှိဖို့အတွက် ဆန္ဒပဲ ဖြစ်ပါတယ်။

​​​​​​​         ကျွမ်းကျင်တတ်မြောက်မှုဆိုတာက သင်ယူခြင်းမီးကိုဆက်လက်တည်ရှိနေအောင်လုပ်တဲ့အရာတစ်ခုပါ။ဒါပေမယ့် ကျွမ်းကျင်မှုဆိုတာ သွားရောက်ရမယ့် ခရီးပန်းတိုင်တစ်ခုထက် ဆက်တိုက်တိုးတက်အောင်၊ မွမ်းမံဖို့လုပ်နေရမယ့်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

​​​​​​​         ရိုးရိုးရှင်းရှင်းပြောရရင် ခက်ခဲတဲ့အရာတွေကို လုပ်ခြင်းက ကျွန်တော်တို့ကို တိုးတက်စေပြီး၊ နောက်ဆုံးမှာ ထိုနယ်ပယ်ရဲ့ ကျွမ်းကျင်သူတွေ ဖြစ်လာစေနိုင်ပါတယ်။

​​​​​​​         ကျွန်ုပ်တို့ရဲ့ ဦးနှောက်တွေနဲ့ ပတ်သက်ပြီးလည်း အဲဒီလိုပဲ ပြောနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အသိပညာကို ဘယ်လို ချဲ့ထွင်မလဲ၊ ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်မှုတွေကို ဘယ်လို တိုးချဲ့ကြမလဲ၊ ကျွန်ုပ်တို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ဘယ်လိုပြုစုပျိုးထောင်ကြမလဲ ဆိုတဲ့ ထူးခြားတဲ့ စိန်ခေါ်မှုအသစ်တွေကို လက်ခံရယူခြင်းပဲ။ ဖြစ်ပါတယ်။

အကျိုးကျေးဇူးများ

​​​​​​​         စဉ်ဆက်မပြတ် သင်ယူခြင်းက အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းအသစ်တွေကို ဖန်တီးပေးပြီး ယနေ့ခေတ် အလျင်အမြန် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ တစ်ဦးချင်းစီကို အခြားသူတွေထက် ရှေ့ရောက်နေအောင် ကူညီပေးနိုင်ပါတယ်။ကျွမ်းကျင်ပညာရှင်တွေဟာ သူတို့ရဲ့ နယ်ပယ်မှာ နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းတွေနဲ့ တိုးတက်မှုတွေကို သိရှိနိုင်ဖို့အတွက် ညီလာခံတွေ တက်ရောက်နိုင်တယ်၊ သင်တန်းတွေ တက်နိုင်တယ် ဒါမှမဟုတ် စက်မှုလုပ်ငန်းဆိုင်ရာ ထုတ်ဝေမှုစာစောင်တွေကို ဖတ်ရှုနိုင် ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေကို နောက်မကျအောင်လုပ်ဆောင်နိုင်ပါတယ်။

​​​​​​​         စဉ်ဆက်မပြတ် သင်ယူမှုမှာ စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ အသစ်အသစ်တွေကို သင်ယူခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေးစားမှုကို မြှင့်တင်ပေးနိုင်ပြီး မှတ်ဉာဏ်နဲ့ သိမြင်မှုဆိုင်ရာ ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ စိန်ခေါ်မှုအသစ်တွေနဲ့ သင်ယူမှုအတွေ့အကြုံအသစ်တွေမှာ ပါဝင်ခြင်းဟာ အောင်မြင်မှုနဲ့ရည်ရွယ်ချက်ရှိရှိ နေထိုင်ခြင်း ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တာကြောင့် စိုးရိမ်ပူပန်မှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

​​​​​​​         သင်ယူခြင်းဟာ လူ့ဘဝရဲ့ တိုးတက်မှုအတွက် အခြေခံကျတဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် တစ်သက်တာသင်ယူမှုကလက်တွေ့အကျိုးကျေးဇူးတွေအတွက်တင်မကဘဲ၊ ကျွန်တော်တို့ဘဝကို ပိုမိုပြည့်စုံစေပြီး ကြီးထွားဖွံ့ဖြိုးစေတဲ့အတွက်ကြောင့် လက်ခံကျင့်သုံးကြဖို့လုပ်ဆောင်သင့်ပါတယ်။ တွေးခေါ်ပညာရှင် Seneca ရေးသားခဲ့တဲ့ စကားတစ်ခွန်းက ဒီအကြောင်းကို ကောင်းကောင်းအကျဉ်းချုပ်နိုင်ပါတယ်- "သင်အသက်ရှင်နေသမျှ ကာလပတ်လုံး၊ အသက်ရှင်နေတတ်အောင် ဘယ်လို နေထိုင်ရမယ်ဆိုတာကို ဆက်လက်သင်ယူနေပါ။"လို့ဆိုပါတယ်။

forbes.com မှ The Power Of Lifelong Learning: How Curiosity Forges Mastery ဆောင်းပါးကိုဆီလျော်အောင်ရေးသားထားခြင်းဖြစ်ပါတယ်။

https://www.forbes.com/councils/forbesbusinesscouncil/2023/04/21/the-power-of-lifelong-learning-how-curiosity-forges-mastery/

Daw Zin Lin Htet
Lecturer, Strategy First Int'l College
B.E (Civil) Magway Technological University 
M.Sc. (Construction Project Management),
Heriot-Watt University, Malaysia