ဝန်ထမ်းတွေကို စိတ်ဓာတ်မြှင့်တင်ဖို့နဲ့ ကုမ္ပဏီမှာ ထိန်းထားနိုင်ဖို့ ဆန်းသစ်တဲ့နည်းလမ်းများ

အရင်တုန်းကဆို ကုမ္ပဏီတွေက "ဒါကကျွနု်ပ်တို့ကား၊ Lincoln ကားပါ။ ဒီမှာ ၂၅ နှစ်အလုပ်လုပ်ရင် Rolex နာရီရမယ်။ ပြီးတော့ အသက် ၆၅ နှစ် အငြိမ်းစားယူတဲ့အခါ ပင်စင်လည်းရမယ်။ ဒါကြောင့် ကျွနု်ပ်တို့ကုမ္ပဏီမှာ ကြိုးစားအလုပ်လုပ်ပါ" ဆိုပြီး ပြောလေ့ရှိကြတယ်။ ၁၉၇၀ နှစ်လွန်တွေအထိ ကုမ္ပဏီတွေဟာ အလုပ်လျှောက်သူတစ်ဦးနဲ့ လစာ၊ ခံစားခွင့်တွေဆွေးနွေးတဲ့အခါ ဒီလိုမျိုးပြောလေ့ရှိပါတယ်။ အခုက ၂၁ ရာစုပါ။ ဒီလိုနည်းနဲ့ ဝန်ထမ်းတွေကို ဆွဲဆောင်ဖို့ ကြိုးစားတာက ခေတ်နောက်ကျနေပါပြီ။ ဒီခေတ်ကြီးမှာ လူတော်တွေကို ဆွဲဆောင်ဖို့၊ ထိန်းထားဖို့ဆိုတာ ကုမ္ပဏီတိုင်းရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပါပဲ။ ၀န်ထမ်းတွေကို အလုပ်လုပ်ချင်လာအောင် လှုံ့ဆော်ဖို့နဲ့ ကုမ္ပဏီမှာ ဆက်ထိန်းထားဖို့ လစာနဲ့ခံစားခွင့်အကြောင်းပြောတဲ့အခါ အရင်ခေတ်က နည်းလမ်းတွေကို သုံးဖို့ ကြံစည်တာက လုံးဝမှားပါတယ်။ လစာကောင်းကောင်းနဲ့ အကျိုးခံစားခွင့်တွေပေးတာက အရေးကြီးတယ်ဆိုပေမယ့် ဒါတွေတစ်ခုတည်းနဲ့တော့ မလုံလောက်တော့ပါဘူး။ ဝန်ထမ်းတွေရဲ့ ကျေနပ်မှုနဲ့ သစ္စာရှိမှုကို ဘယ်လိုရယူမလဲ၊ ယှဥ်ပြိုင်နိုင်တဲ့လစာနဲ့ အကျိုးခံစားခွင့်တွေက အရေးကြီးတယ်ဆိုပေမယ့်၊ ဝန်ထမ်းတွေရဲ့ ကျေနပ်မှုနဲ့ သစ္စာရှိမှုကို အာမခံဖို့အတွက် ဒါတွေတစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ ဒီဆောင်းပါးမှာ လုပ်ငန်းတွေအနေနဲ့ ဝန်ထမ်းတွေကို အလုပ်လုပ်ချင်လာအောင် လှုံ့ဆော်ဖို့နဲ့ ဆက်လက်ထိန်းသိမ်းထားဖို့ အကောင်အထည်ဖော်နိုင်တဲ့ ဆန်းသစ်တဲ့ ဗျူဟာများကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဝန်ထမ်းများအတွက် စိတ်တိုင်းကျ ဆုချီးမြှင့်ခြင်း

ဝန်ထမ်းများအား အားပေးမြှင့်တင်ရာမှာ နည်းလမ်းတစ်မျိုးကိုပဲ သုံးခြင်းဟာ တဖြည်းဖြည်း ခေတ်နောက်ကျလာနေပါပြီ။ ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ခေတ်မီလိုအပ်ချက်များ၊ ဦးစားပေးမှုများနဲ့ ရာထူးတိုးတက်ရေး ရည်မှန်းချက်များကို ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် သစ္စာရှိပြီး စိတ်အားထက်သန်တဲ့ လုပ်သားအင်အားကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Personalizing incentives ဖန်တီးရာမှာ အရေးကြီးတဲ့ အရာကတော့ ဝန်ထမ်းတစ်ဦးချင်းစီကို အမှန်တကယ် ဘယ်အရာကမြှင့်တင်ပေးနိုင်တယ်ဆိုတာကို နားလည်ဖို့ဖြစ်ပါတယ်။ အချို့ဝန်ထမ်းများအတွက် ရာထူးတိုးတက်မှုအခွင့်အလမ်းများနဲ့ ကျွမ်းကျင်မှုတိုးတက်ရေးတွေဟာ အဓိကဖြစ်နိုင်ပြီး၊ အချို့အတွက်ကတော့ လုပ်ငန်းခွင်နဲ့ ပုဂ္ဂလိကဘဝ ဟန်ချက်ညီမှု၊ အသိအမှတ်ပြုခံရမှု ဒါမှမဟုတ် ငွေကြေးဆုလာဘ်များက ပိုမိုဦးစားပေးဖြစ်နိုင်ပါတယ်။ သီးသန့်ဒီဇိုင်းဆွဲထားတဲ့ တိုးတက်ရေး အစီအစဉ်များ (Personalized development plans) ဟာ ဝန်ထမ်းများရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ကုမ္ပဏီဟာ ၎င်းတို့ကို အမှန်တကယ် နားလည်ကြောင်း ပြသရာလည်း ရောက်ပါတယ်။

ဥပမာအားဖြင့်၊ ကုမ္ပဏီများဟာ ဝန်ထမ်းများရဲ့ ရာထူးတိုးတက်ရေး ရည်မှန်းချက်များနဲ့ ကိုက်ညီတဲ့ သီးသန့်ဒီဇိုင်းဆွဲထားတဲ့ တိုးတက်ရေး အစီအစဉ်များ (Personalized development plans) ကို ပံ့ပိုးပေးနိုင်ပါတယ်။ ထိုအစီအစဉ်များမှာ အကြံပေးမှု အစီအစဉ်များ၊ ခေါင်းဆောင်မှုသင်တန်းများ သို့မဟုတ် ၎င်းတို့ရဲ့ စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ အထူးစီမံကိန်းများ ပါဝင်နိုင်ပါတယ်။

ဝန်ထမ်းများ စိတ်ပါဝင်စားမှု မြှင့်တင်ရာတွင် နည်းပညာကို အသုံးချခြင်း

ခေတ်သစ်လုပ်ငန်းခွင်များမှာ နည်းပညာဟာ ပိုမိုအရေးပါလာပြီး ၎င်းကို ထိရောက်စွာအသုံးချခြင်းဖြင့် ဝန်ထမ်းများရဲ့ စိတ်ပါဝင်စားမှုနဲ့ လှုံ့ဆော်မှုကို ပိုမိုမြှင့်တင်နိုင်ပါတယ်။

ထိုပလက်ဖောင်းများကို ဝန်ထမ်းများရဲ့ အောင်မြင်မှုများအတွက် အသိအမှတ်ပြုဆုချီးမြှင့်ရာတွင်လည်း အသုံးပြုနိုင်ပါတယ်။ ထိုသို့ပြုလုပ်ရာမှာ အချင်းချင်း အသိအမှတ်ပြုခြင်း (peer-to-peer recognition) ဒါမှမဟုတ် ကုမ္ပဏီတစ်ခုလုံးပါဝင်တဲ့ ချီးကျူးဂုဏ်ပြုမှုများ (company-wide kudos) ဖြင့် ဆောင်ရွက်နိုင်ပါတယ်။

ထိုပလက်ဖောင်းများကို အသုံးပြုဖို့ နည်းလမ်းမှာ အလုပ်တာဝန်များကို ဂိမ်းသဖွယ်ပြုလုပ်ခြင်း (gamify) ဖြစ်ပါတယ်။ ဝန်ထမ်းများဟာ အမှတ်များ (points)၊ ဘတ်ဂျ်များ (badges) ဒါမှမဟုတ် ဆုလာဘ်များ ရရှိနိုင်တဲ့ ဂိမ်းများမှတစ်ဆင့် ကုမ္ပဏီရဲ့ အလုပ်ကို ပိုမိုစိတ်ဝင်စားဖွယ်ကောင်းပြီး ပျော်စရာကောင်းအောင် ပြုလုပ်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ အထူးသဖြင့် အရောင်းဝန်ထမ်းများ (sales teams) ဒါမှမဟုတ် ရည်မှန်းချက်ပန်းတိုင်များနဲ့အညီ လုပ်ဆောင်ရတဲ့ အခြားနယ်ပယ်များတွင်လည်း ထိရောက်မှုရှိပါတယ်။ အကြောင်းမှာ ယှဉ်ပြိုင်မှုပုံစံဖြင့် လုပ်ဆောင်ခြင်းဟာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။

အသိအမှတ်ပြုမှုနဲ့ အပြန်အလှန်တန်ဖိုးထားမှုရှိသော  ယဉ်ကျေးမှုတစ်ရပ် တည်ဆောက်ခြင်း

လုပ်ငန်းခွင်မှာ စိတ်တိုင်းကျမှုနဲ့ နည်းပညာအသုံးချမှုဗျူဟာတွေရဲ့ အရေးပါမှုကို တွေ့မြင်ရသလို အသိအမှတ်ပြုမှုနဲ့ တန်ဖိုးထားမှုရှိသော ယဉ်ကျေးမှုဟာလည်း အလွန်အရေးကြီးပါတယ်။ အသိအမှတ်ပြုခံရတယ်လို့ ခံစားရသောဝန်ထမ်းများဟာ လုပ်ငန်းတွင်ပိုမိုပါဝင်လိုစိတ်ရှိကာ ပိုမိုထိရောက်စွာအလုပ်လုပ်တတ်ပြီး ကုမ္ပဏီအားသစ္စာရှိကြပါတယ်။ အသိအမှတ်ပြုခြင်းဟာ ကုန်ကျစရိတ်များစွာမလိုအပ်သလို ရှုပ်ထွေးစရာလည်းမရှိပါဘူး။ ရိုးရှင်းတဲ့အပြုအမူလေးများကပင် ကြီးမားသောအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

ဥပမာအားဖြင့် "လတစ်လရဲ့ အကောင်းဆုံးဝန်ထမ်း" ဆုချီးမြှင့်ခြင်း၊ အချင်းချင်းအသိအမှတ်ပြုတဲ့ စနစ်များ နဲ့ စီမံခန့်ခွဲမှုအဖွဲ့မှ ရုတ်တရက် ချီးကျူးခြင်းတို့ပါဝင်ပါတယ်။ အရေးအကြီးဆုံးမှာ အသိအမှတ်ပြုမှုကို ပုံမှန်နဲ့ အဓိပ္ပါယ်ရှိရှိပြုလုပ်ဖို့ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ သိသာတဲ့ပါဝင်မှုများကို အခြေခံပြီး အသိအမှတ်ပြုမှုပေးခြင်းဟာ အထူးအရေးကြီးပါတယ်။

လုပ်ငန်းခွင်နဲ့ ပုဂ္ဂလိကဘဝ ဟန်ချက်ညီမှုကို မြှင့်တင်ခြင်း

COVID-19 ကပ်ရောဂါအလွန်ကာလတွင် ပြောင်းလွယ်ပြင်လွယ်ရှိမှုနဲ့ ကျန်းမာရေးရဲ့ အရေးပါမှုကို ပိုမိုထင်ရှားစေခဲ့ပြီးနောက် လုပ်ငန်းခွင်နဲ့ လူနေမှုဘဝ ဟန်ချက်ညီမှုဟာလည်း ဝန်ထမ်းများအတွက် အဓိကဦးစားပေးလိုအပ်ချက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ဒီဟန်ချက်ညီမှုကို အလေးထားသော ကုမ္ပဏီများဟာ ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုကို မြှင့်တင်နိုင်ရုံသာမက အလုပ်ပင်ပန်းမှုလျော့နည်းစေကာ ဝန်ထမ်းထွက်နှုန်ကိုလည်း လျှော့ချနိုင်ပါတယ်။

လုပ်ငန်းခွင်နဲ့ လူနေမှုဘဝ ဟန်ချက်ညီမှုကို မြှင့်တင်ဖို့ ဆန်းသစ်တဲ့နည်းလမ်းများမှာ အလုပ်ချိန်ပြောင်းလဲနိုင်မှု၊ အဝေးမှအလုပ်လုပ်ကိုင်နိုင်ခွင့်နဲ့ အပိုအားလပ်ရက်များ ပံ့ပိုးပေးခြင်းတို့ ပါဝင်ပါတယ်။ အခုခေတ်မှာ တချို့ကုမ္ပဏီတွေက တစ်ပတ်ကို လေးရက်ပဲ အလုပ်လုပ်တဲ့စနစ် (four-day workweek) ကို စမ်းသပ်နေကြပါတယ်။ ဒါမှမဟုတ်လည်း ဝန်ထမ်းတွေကို သူတို့အဆင်ပြေတဲ့အချိန်မှာ အလုပ်လုပ်ခွင့်ပေးတဲ့ ပြောင်းလဲနိုင်တဲ့ အချိန်ဇယား (flexible scheduling) တွေနဲ့ စီမံနေကြတာလည်း ရှိပါတယ်။ ဥပမာ ပြောရရင် - ဝန်ထမ်းတစ်ယောက်က တစ်ရက်ကို ၁၀ နာရီကြာ လေးရက်အလုပ်လုပ်ပြီး သောကြာနေ့တိုင်း အားလပ်ရက်ယူနိုင်တာမျိုးပေါ့။ ဒီလိုဆို သုံးရက်တာ အားလပ်ရက်ရတော့ ပိုပြီးလန်းဆန်းသွားမှာပေါ့။

ဒီလို အချိန်ဇယားပြောင်းလဲတာတွေအပြင်၊ ကုမ္ပဏီတွေက ဝန်ထမ်းတွေရဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာရေးအတွက် ကျန်းမာရေးအစီအစဉ်တွေ (wellness programs) ကိုလည်း ထည့်သွင်းပေးလာကြပါတယ်။ ဒီအစီအစဉ်တွေထဲမှာ လေ့ကျင့်ခန်းသင်တန်းတွေ၊ စိတ်ကျန်းမာရေးအတွက် အကူအညီတွေ၊ ပြီးတော့ ကျန်းမာတဲ့နေထိုင်မှုပုံစံတွေကို အားပေးတဲ့ စိန်ခေါ်မှုတွေ (wellness challenges) ပါဝင်နေပါတယ်။ ဥပမာ - တစ်လကို ဘယ်နှစ်ကြိမ် လေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့ စိန်ခေါ်မှုမျိုး။

ဝန်ထမ်းတွေကို ကိုယ်ပိုင်စီမံခွင့်နဲ့ တာဝန်ယူလုပ်ကိုင်ခွင့်တွေ ပေးခြင်း
တကယ်တော့ ဝန်ထမ်းတစ်ယောက်က သူ့အလုပ်ကို ကိုယ်ပိုင်အလုပ်လို့ ခံစားမိရင် ပိုပြီးအားသွန်ခွန်စိုက် လုပ်တတ်ကြပါတယ်။ ဒီတော့ သူတို့ကို ဆုံးဖြတ်ချက်တွေ ကိုယ်တိုင်ချမှတ်ခွင့်၊ အကြံဉာဏ်အသစ်တွေ တင်ပြခွင့်၊ လုပ်ငန်းလည်ပတ်မှုမှာ တကယ်ပါဝင်ဆောင်ရွက်ခွင့်တွေ ပေးလိုက်ရင် လုပ်ငန်းကျေနပ်မှုတွေ တိုးလာမယ်၊ ဆန်းသစ်တီထွင်မှုတွေလည်း ပေါ်ထွက်လာမှာဖြစ်ပါတယ်။ နောက်တစ်ချက်က စီမံကိန်းတွေမှာ ဝန်ထမ်းတွေကို တာဝန်အပြည့်ယူခွင့်ပေးဖို့ပါ။ ဒီလိုလုပ်ပေးတာက သူတို့ရဲ့အလုပ်နဲ့ ပိုပြီးနက်နက်ရှိုင်းရှိုင်း ချိတ်ဆက်သွားစေပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်က ကုမ္ပဏီအောင်မြင်ဖို့ တကယ်အရေးပါတယ်ဆိုတဲ့ ခံစားချက်ရလာရင် ဝန်ထမ်းတွေက သူတို့တာဝန်တွေကို ပိုပြီးအာရုံစိုက်လာ၊ တာဝန်ယူလာတတ်ကြပါတယ်။ ဒီလိုမျိုး လွတ်လပ်ခွင့်နဲ့ တာဝန်ယူမှုတွေ ပေးလိုက်တာက ဝန်ထမ်းတွေအတွက်ရော ကုမ္ပဏီအတွက်ပါ အကျိုးရှိတဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။

ဝန်ထမ်းတွေအတွက် အဆက်မပြတ်သင်ယူဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးခြင်း
တကယ်တမ်းကျတော့ ဝန်ထမ်းတွေကို ထိန်းသိမ်းဖို့ဆိုရင် အဆက်မပြတ်သင်ယူမှုက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ သင်တန်းတွေ၊ ဖွံ့ဖြိုးရေးအစီအစဉ်တွေ ပုံမှန်ရနေတဲ့ ဝန်ထမ်းတွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ခံစားရပြီး ကုမ္ပဏီမှာ ဆက်ပြီးအလုပ်လုပ်ချင်စိတ် ပိုများလာတတ်ကြပါတယ်။ ခေတ်မီတဲ့ကုမ္ပဏီတွေကလည်း အရင်ကလို သင်တန်းခန်းထဲမှာ ထိုင်ပြီး စာရွက်တွေကြည့်ရတဲ့ သင်တန်းမျိုးတွေထက် ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းတွေကို ရွေးချယ်လာကြတယ်။ ဥပမာ - အွန်လိုင်းကနေ ကိုယ်လိုချင်တဲ့သင်တန်းတွေတက်လို့ရတာ၊ ဆွေးနွေးပွဲတွေလုပ်တာ၊ အသိအမှတ်ပြုလက်မှတ်တွေ ရနိုင်တဲ့ အစီအစဉ်တွေ စသဖြင့်ပေါ့။

နောက်ပြီး အတွေ့အကြုံရှိသူတွေနဲ့ တွဲဖက်အလုပ်လုပ်တဲ့ စနစ် (mentorship program) တွေကလည်း အရမ်းထိရောက်ပါတယ်။ လမ်းညွှန်တစ်ယောက်ရှိရင် ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်အကိုင်မှာ ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာ ပိုပြီးရှင်းလင်းသွားပါတယ်။ ဒီလိုဆို သူတို့လည်း ကျေနပ်မှုရှိမယ်၊ ကုမ္ပဏီမှာလည်း ကြာကြာနေချင်စိတ်ရှိလာမှာဖြစ်ပါတယ်။

ဒီတော့ ဝန်ထမ်းတွေကို သင်ယူဖို့ အခွင့်အလမ်းတွေ ဆက်တိုက်ဖန်တီးပေးဖို့က ကုမ္ပဏီတိုင်းအတွက် အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။

နိဂုံး
ဝန်ထမ်းတွေကို စိတ်ဓာတ်လှုံ့ဆော်ပြီး လုပ်ငန်းမှာထိန်းသိမ်းနိုင်ဖို့ဆိုတာက ဘယ်လုပ်ငန်းအတွက်မဆို အောင်မြင်ဖို့ အဓိကသော့ချက်ဖြစ်ပါတယ်။ အရင်တုန်းကလို လစာကောင်းကောင်းနဲ့ အကျိုးခံစားခွင့်လေးတွေပေးရုံနဲ့တော့ မလုံလောက်တော့ပါဘူး။ ဒီခေတ်ကြီးမှာ လူကောင်းတွေကို ဆွဲဆောင်ဖို့၊ ထိန်းသိမ်းဖို့ဆိုရင် ဝန်ထမ်းတွေရဲ့ ဘဝအရည်အသွေးတိုးတက်ဖို့နဲ့ သူတို့ရဲ့ကျွမ်းကျင်မှုတွေ တိုးတက်ဖို့ကို အမှန်တကယ် ရင်းနှီးမြှုပ်နှံပေးရပါတယ်။ လုပ်ငန်းခွင်တွေက တစ်နေ့တစ်ခြား ပြောင်းလဲနေတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ ပြောင်းလွယ်ပြင်လွယ်ရှိဖို့၊ အသစ်အဆန်းတွေကို လက်ခံနိုင်ဖို့၊ ဝန်ထမ်းတွေရဲ့အတွေ့အကြုံကို မြှင့်တင်ပေးဖို့ အားလုံးလိုအပ်နေပါတယ်။

ဒီတော့ Lincoln ကားတွေ၊ Rolex နာရီတွေလို ပစ္စည်းတွေပေးတာထက် ပိုပြီးအရေးကြီးတာက ဝန်ထမ်းတွေကို တကယ်လှုံ့ဆော်နိုင်မဲ့ သူတို့ကို ကုမ္ပဏီနဲ့အတူရှိနေစေချင်စိတ်ဖြစ်စေမဲ့ ယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက်ဖို့ပါပဲ။ ဒါကမှ ရေရှည်အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ပါ။

forbes.com website မှ “Innovative Approaches To Employee Motivation And Retention” ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw May Thiri Khit

BA (Russian), YUFL

Diploma in English (YUFL), ADBM, DBM

M.Econ. (International Program), Chiang Mai University, Thailand