တစ်ပတ်လည်စီးပွားရေးစနစ် (Circular Economy) အတွက် ဒီဂျစ်တယ်ထုတ်ကုန်လက်မှတ်
၂၀၂၇ မှ စတင်ကာ ဥရောပသမဂ္ဂ (EU) မှာ အမျိုးမျိုးသော ထုတ်ကုန်များဟာ ဒီဂျစ်တယ်ထုတ်ကုန် လက်မှတ် (Digital Product Passport - DPP) ရှိရမှာ ဖြစ်ပါတယ်။ အဲ့ဒီလက်မှတ်မှာ အဓိကအားဖြင့် ပါဝင်ပစ္စည်း (ဒါမှမဟုတ်) အစိတ်အပိုင်းများရဲ့ မူလဒေသဆိုင်ရာ အချက်အလက်များနဲ့အတူ ဘယ်ပစ္စည်းက ဘယ်လောက်အတိုင်းအတာထိ ပြန်လည်သုံးစွဲနိုင်သလဲဆိုတာမျိုးတွေပါ ပါဝင်မှာဖြစ်ပါတယ်။ TU Delft မှ သိပ္ပံပညာရှင် Jolien Ubacht ဟာ ကုမ္ပဏီတွေအနေနဲ့ အဲ့ဒီဒေတာများကို ဘယ်မှာရရှိနိုင်မလဲ၊ လက်မှတ်ထဲမှာ ဘယ်လိုထည့်သွင်းနိုင်မလဲဆိုတာတွေကို သုတေသနပြုနေပါတယ်။ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ များပြားပြီး လုပ်ရတာအဆင်မပြေတာမျိုးတွေ ပါဝင်ပေမယ့်လည်း ကုမ္ပဏီများနဲ့ အသုံးပြုသူများအနေဖြင့် ပစ္စည်းများကို ပိုမိုပြန်လည်အသုံးပြုနိုင်ရေးအတွက် အခွင့်အလမ်းများ ရှိနေပါတယ်။
Green Deal နဲ့အတူ ဥရောပသမဂ္ဂဟာ အနာဂတ်မှာ ရေရှည်တည်တံ့ခိုင်မြဲပြီး တစ်ပတ်လည်စီးပွားရေးစနစ် ဖွံ့ဖြိုးလာဖို့အတွက် အရေးကြီးတဲ့ အဆင့်တစ်ခုအနေနဲ့ ခြေလှမ်းစပြုနေပြီဖြစ်ပါတယ်။ အဲ့ဒီအရာရဲ့ အဓိက အစိတ်အပိုင်းမှာ ဒီဂျစ်တယ်ထုတ်ကုန်လက်မှတ် (Digital Product Passport - DPP) ဖြစ်ပါတယ်။ အဲ့ဒီလက်မှတ်နဲ့ ဥရောပသမဂ္ဂအတွင်းရှိ ကုမ္ပဏီများဟာ ထုတ်ကုန်ရဲ့ ဖွဲ့စည်းမှု၊ ကုန်ကြမ်းပစ္စည်းများရဲ့ မူလအစဇစ်မြစ်နဲ့ သက်တမ်းကုန်ဆုံးပြီးချိန်မှာ ပစ္စည်းအစိတ်အပိုင်းတွေရဲ့ ပြန်လည်အသုံးပြုနိုင်မှုတွေကို မဖြစ်မနေအကြောင်းကြားရမှာ ဖြစ်ပါတယ်။ အစပိုင်းအနေနဲ့ အဲ့ဒီလက်မှတ်ဟာ ကားများ၊ အီလက်ထရောနစ်ပစ္စည်းများနဲ့ အထည်အလိပ်များကဲ့သို့ ထုတ်ကုန်တွေကို ပြုလုပ်ရမှာဖြစ်ပြီး နောက်ပိုင်းတခြားထုတ်ကုန်အမျိုးအစားများပါ ပါဝင်လာမှာဖြစ်ပါတယ်။
ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်ရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ဟန်ချက်ညီခြင်း
အဲ့ဒီလက်မှတ်ရဲ့ရည်ရွယ်ချက်ကတော့ ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ဟန်ချက်ညီတဲ့ ထောက်ပံ့ဖြည့်ဆည်းကွင်းဆက် စနစ်တစ်ခုကို ပိုမိုဖန်တီးဖို့ ဖြစ်ပါတယ်လို့ သုတေသနပြုသူ Jolien Ubacht က ရှင်းပြထားပါတယ်။ ဒါ့အပြင် သူက"ဒီလက်မှတ်ဟာ ဥပမာအားဖြင့် သတ္တုကဲ့သို့ ကုန်ကြမ်းပစ္စည်းများရဲ့ ထုတ်လုပ်မှု ဒါမှမဟုတ် တူးဖော်မှုရဲ့အခြေအနေများကို ပြသထားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်အစိတ်အပိုင်းများက ပြန်လည်အသုံးပြုနိုင်မလဲဆိုတာကိုလည်း ဖော်ပြထားမှာ ဖြစ်ပါတယ်။ တစ်ပတ်လည်အသုံးပြုမှုကို တိုးမြှင့်ခြင်းဟာ သဘာဝပတ်ဝန်းကျင် အတွက်သာမက အလွန်ရှားပါးတဲ့အရင်းအမြစ်များကို ပြန်လည်ရယူမှုမှာလည်း လိုအပ်နေတာဖြစ်ပါတယ်။ ပစ္စည်းများကို ပိုမိုပြန်လည်အသုံးပြုဖို့ စီမံနိုင်တာကြောင့် တင်သွင်းဖို့လိုအပ်တဲ့ ပစ္စည်းအသစ်များလည်း လျော့နည်းသွားပြီး ဥရောပသမဂ္ဂဟာလည်း တခြားနိုင်ငံများမှ အရေးပါတဲ့ ကုန်ကြမ်းပစ္စည်းများအပေါ် မှီခိုမှုလည်း လျော့နည်းသွားမှာဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အစိတ်အပိုင်းတိုင်းမှ ဒေတာစုဆောင်းခြင်း
TPM (Total Productive Maintenance) ဌာနမှ လုပ်ကိုင်နေတဲ့ စီမံကိန်းတစ်ခုမှာ ကားများရဲ့ ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်မှ ဒေတာများကို စုဆောင်းမှုအပေါ် ဦးတည်ကာ ဆောင်ရွက်နေကြပါတယ်။ ကားတစ်စီးမှာ အီလက်ထရောနစ်ပစ္စည်းများ၊ အင်ဂျင်၊ ထိုင်ခုံများ၊ ဘက်ထရီကဲ့သို့ အစိတ်အပိုင်း အများအပြား ပါဝင်ပါတယ်။ အဲ့ဒီအစိတ်အပိုင်းများဟာလည်း ပလတ်စတစ်များ၊ အထည်အလိပ်များ၊ သတ္တုများကဲ့သို့ တစ်ခုချင်းစီပစ္စည်းများနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
မသုံးတော့တဲ့ကားများကို Recycle လုပ်ပြီး လုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီများဟာ အဲ့ဒီပစ္စည်းအားလုံးရဲ့ မူလဇစ်မြစ်များ၊ ဘယ်ကုန်ကြမ်းပစ္စည်းများဖြင့် ပါဝင်ဖွဲ့စည်းထားသလဲနဲ့ ဘယ်အခြေအနေအထိ ပြန်လည်အသုံးပြုနိုင်လဲဆိုတာတွေကို တိကျစွာသိရှိထားဖို့ လိုအပ်ပါတယ်။ အဲ့ဒီလက်မှတ်ဖြင့် ကားရဲ့သတ်မှတ်ထားတဲ့ သက်တမ်းအဆုံးမှာ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းများကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ သုတေသနပညာရှင်တွေဟာ လက်မှတ်အတွက် တရားဝင် ထုတ်ပြန်ရမယ့်ဒေတာများကို ကိုင်တွယ်နိုင်တဲ့ ကုမ္ပဏီများကို ရှာဖွေနေပြီး အဲ့ဒီဒေတာများကို ဘယ်အဖွဲ့ အစည်းက ဒီကွင်းဆက်ထဲမှာ လိုအပ်တဲ့ဒေတာများကို ပေးနိုင်မလဲဆိုတာကိုလည်း လေ့လာနေပါတယ်။
ဒီဂျစ်တယ်ပတ်ဝန်းကျင်အတွက် ဒီဇိုင်းရွေးချယ်ခြင်း
လက်မှတ်ရဲ့ အရေးကြီးတဲ့ နောက်ထပ်တစ်ချက်ကတော့ ICT ပြဿနာဖြစ်ပါတယ်။ အချက်အလက်အားလုံးကို ဘယ်ဒီဂျစ်တယ်ပတ်ဝန်းကျင်မှာ စုဆောင်းပြီး ဘယ်လိုပုံစံနဲ့ တင်ပြမှာလဲဆိုတာ ဖြစ်ပါတယ်။ Ubacht က သင်ဟာ အဲ့ဒီအတွက် အမျိုးမျိုးသော ဒီဇိုင်းရွေးချယ်မှုများ ပြုလုပ်နိုင်ပါတယ်။ ထုတ်ကုန်အားလုံးအတွက် ဗဟိုဒေတာဘေ့စ်နဲ့ ဝက်ဘ်ဆိုဒ်တစ်ခုလုံးဟာ အရမ်းကောင်းလှပါတယ်။ သို့ပေမဲ့ လက်တွေ့မှာ စုဆောင်းရမယ့် ဒေတာအရေအတွက်များလွန်းတာကြောင့် မလွယ်ကူနိုင်ပါဘူး။ အဲ့ဒီအစား ထုတ်ကုန် ဒါမှမဟုတ် စက်မှုလုပ်ငန်းအလိုက် ဒီဂျစ်တယ်ပလက်ဖောင်းတစ်ခုစီထားကြည့်ရင် ပိုပြီးအဆင်ပြေပါတယ်။ အဲ့ဒီနေရာမှာ ကုမ္ပဏီများဟာ ထုတ်ကုန်နဲ့သက်ဆိုင်တဲ့ ဒေတာများကို ဖလှယ်နိုင်မှာဖြစ်ပါတယ်။ ကုမ္ပဏီများဟာ အဲ့ဒီပလက်ဖောင်းမှတစ်ဆင့် စံချိန်စံညွှန်းပြုလုပ်ထားတဲ့ ပရိုတိုကော (API) များဖြင့် ချိတ်ဆက်ထားကာ ကိုယ်ပိုင်ဒေတာများကို ထိန်းသိမ်း ထားရှိထားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒေတာစံချိန်စံညွှန်းပြုလုပ်မှုနဲ့ လုပ်ဆောင်မှု စနစ်တစ်လျှောက်လုံးအတွက် ပူးပေါင်းဆောင်ရွက်မှုများပါ လိုအပ်ပါတယ်။ Delft မှာ ကျွန်ုပ်တို့ဟာ အဲ့ဒီဒီဂျစ်တယ်ထုတ်ကုန် လက်မှတ်အတွက် ဒေတာမျှဝေမှုအပေါ် ဒီဇိုင်းရွေးချယ်မှုများကို စီစဉ်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
Customer များကို ပညာပေးခြင်း
Customer များဟာလည်း ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ဟန်ချက်ညီမှုရှိတဲ့ ရွေးချယ်မှုများ ပြုလုပ်နိုင်ဖို့အတွက် ဒီဂျစ်တယ်လက်မှတ်မှ အသေးစိတ်အချက်အလက်များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်ပ ဆက်သွယ်ရေးတွေကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်။ Ubacht က ကုမ္ပဏီအနေနဲ့ အာဏာပိုင်များဆီသို့ တရားဝင်အချက်အလက်များ ပေးပို့ရတာအပြင် Customer များကိုလည်း အချက်အလက်များရယူနိုင်ဖို့ အခွင့်အလမ်းပေးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအချက်အလက်များမှာ မူလဇစ်မြစ် အခြေအနေတွေအပြင် စက်ကို စွန့်ပစ်နိုင်တဲ့နေရာများ ဒါမှမဟုတ် ပြန်လည်ပြင်ဆင်နိုင်တဲ့ နေရာများအကြောင်းပါ ပါဝင်ပါတယ်။ အဲ့ဒီ ဆက်သွယ်မှုကို ထိရောက်စေဖို့အတွက် အလွယ်တကူ ဝင်ရောက်နိုင်ဖို့ လုပ်ဆောင်ရမှာပါ။ QR ကုဒ် ဒါမှမဟုတ် RFID အမှတ်အသားနဲ့တကွ ထုတ်ကုန်မှာ ထည့်သွင်းထားတဲ့ Chip ကဲ့သို့သော ပစ္စည်းဖြင့် Customer များဟာ ဖုန်းမှတစ်ဆင့် ထုတ်ကုန်အချက်အလက်များကို လွယ်ကူစွာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
လက်တွေ့အကောင်အထည်ဖော်မှုကို စောင့်ကြည့်ထိန်းချုပ်ခြင်း
Ubacht ပြောကြားထားသလိုပဲ Digital Product Passport ဟာ TPM ရဲ့ ရှေ့ပြေးထူးခြားတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာနဲ့ စီမံခန့်ခွဲမှုဘက်ကသာမက အုပ်ချုပ်ရေးဆိုင်ရာ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ထိန်းချုပ်ခြင်းနဲ့ အကောင်အထည်ဖော်မှုတို့ကို ဘယ်သူက တာဝန်ယူစောင့်ကြည့်မလဲ။ Ubacht က "ဒီအရာကို နိုင်ငံတစ်ခုချင်းစီတိုင်းက သူတို့ ကိုယ်တိုင်စီမံပေးရမယ့် အပိုင်းဖြစ်ပါတယ်။ အဓိကမေးခွန်းကတော့ ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ လုပ်ဆောင်နိုင်တဲ့နည်းလမ်းတစ်ခုကတော့ စျေးကွက်အဖွဲ့အစည်းဆိုင်ရာများကို ထိန်းချုပ်ခွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ထုတ်ကုန်များတင်သွင်းခြင်းအတွက်ဆိုရင် သင့်တို့မှာ ပုံမှန် လုပ်ရိုးလုပ်စဉ်တွေက ရှိပြီးသားဖြစ်ပါတယ်။ ထပ်မံထည့်သွင်းစဉ်းစားရမယ့် အရာတစ်ခုကတော့ ပြန်လည်အသုံး ပြုခြင်းမှာ ပါဝင်တဲ့အဖွဲ့အစည်းများကို ကြီးကြပ်ပေးရတာတွေ ဖြစ်နိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဒီဇိုင်းအသစ်ဖန်တီးခြင်း
Ubacht အဆိုအရ ဒီဂျစ်တယ်ထုတ်ကုန်လက်မှတ်ရဲ့ မိတ်ဆက်မှုဟာ ထုတ်ကုန်ဒီဇိုင်းမှာ လုံး၀ပြောင်းလဲမှု တစ်ခုကို လမ်းပြပေးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီဇိုင်းဖန်တီးခြင်းအဆင့်မှာ အစိတ်အပိုင်းများ ဒါမှမဟုတ် ပစ္စည်းများရဲ့ သက်တမ်းသတ်မှတ်ချက် ကုန်သွားတဲ့အချိန်မှာ ပြန်လည်အသုံးပြုနိုင်မှုအပိုင်းအပေါ်ကို ပိုမိုစဉ်းစားဖို့ လိုအပ်ပါတယ်။ TU Delft ရဲ့ Delft Circularity Lab မှာ ဒီအကြောင်းအရာများအပေါ် သုတေသနများစွာကို လေ့လာလျက်ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
tudelft.nl မှ Jolien Ubacht (Assistant Professor at the faculty of TPM at TU Delft) ရေးသားထားသော A digital product passport for a circular economy ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန် ရေးဖွဲ့ထားပါတယ်။
Daw May Thiri Khit
BA (Russian), YUFL
Diploma in English (YUFL), ADBM, DBM
M.Econ. (International Program)
Chiang Mai University, Thailand
Latest Articles
မက်ဒေါ်နယ်က Ansoff Matrix Strategy ကို အသုံးချပြီး ဈေးကွက်ကို ဘယ်လိုသိမ်းပိုက်ခဲ့သလဲ
6 hours ago
အရည်အချင်းတိုးတက်မှုတွေကို ကိုယ်တိုင်ဖန်တီးပြီး ပြောင်းလဲမှုတွေကြားမှာ အောင်မြင်စွာရပ်တည်ပါ
1 day ago
ဝန်ထမ်းများ အလုပ်အား ကျေနပ်မှုအပေါ် သက်ရောက်မှုရှိသော အချက်များ
2 days ago
ကုန်ပစ္စည်းစာရင်းစီမံရာတွင် ABC စနစ်အသုံးပြုခြင်း
3 days ago
“ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေတဲ့ Green Building အကြောင်း”
1 week ago
