သင့်ရဲ့ Critical Thinking နှင့် Research Skills ကို ဘယ်လိုတိုးတက်အောင်လုပ်ကြမလဲ
Critical Thinking ဆိုတာဟာ သဘာဝအတိုင်းမဟုတ်ဘဲ လေ့လာသင်ယူရတဲ့အရာဖြစ်ပါတယ်။ ဒါက အချက်အလက်တွေကို စိစစ်ခြင်း၊ များပြားလှတဲ့အချက်အလက်တွေကို စုဆောင်းခြင်း၊ ကောင်းမွန်စွာ တွေးခေါ်စဉ်းစားခြင်း အပြင် သေချာစွာ ဆုံးဖြတ်ချက်ချခြင်းတို့ ပါဝင်ပါတယ်။
စိတ်မပူပါနဲ့။ Critical Thinking ကို သင်ကိုယ်တိုင် လေ့လာသင်ယူနိုင်ပါတယ်။ စတင်ဖို့ အတွက်ကတော့ အောက်ဖော်ပြပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
စာရေးသူရဲ့ ရည်ရွယ်ချက်ကို သတိပြုပါ။ စာရေးသူရဲ့ လုပ်ဆောင်ချက်ကို သင်အကဲဖြတ်နိုင်ပါတယ်၊ အထူးသဖြင့် သူတို့ကို ဘယ်အရာက ဒီသုတေသနကို စတင်လုပ်ဆောင်ဖို့ လှုံ့ဆော်ခဲ့တယ်ဆိုတာ သိထားရင် ပိုကောင်းပါတယ်။ ဒီအချက်တွေကို သတိထားပေးပါ။
• ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ရှောင်ပါ။
• Always, A lot, or Never ဆိုတဲ့စကားလုံးတွေကို အတည်ပြုဖို့ ကိန်းဂဏန်းတစ်ခုမပါရင် သတိထားပါ။
• ပထမပုဂ္ဂိုလ် (ငါ -I ) နဲ့ ဒုတိယပုဂ္ဂိုလ် (မင်း - You) ဆိုတဲ့ စကားလုံးတွေကို ရှောင်ပါ၊ သင်က စာဖတ်သူကို တွေးတောဆင်ခြင်ဖို့ ဒါမှမဟုတ် အကြံပေးဖို့ တောင်းဆိုမှသာ သုံးပါ။
• ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေကို ရှာပါ ။
• မတူညီတဲ့အမြင်တွေနဲ့ ဆောင်းပါးတွေကို ဖတ်ပါ။
ယုံကြည်စိတ်ချရတဲ့ အထောက်အထားတွေကို ရှာဖွေပါ
စာရေးတဲ့အခါ သိထားရမဲ့ အခြေခံအချက်ကတော့ - အဆိုတစ်ခု ပြုလုပ်ခြင်းဖြစ်ပါတယ်။ ထိုအဆိုကို ထောက်ခံနိုင်တဲ့ အထောက်အထားတွေကို ပေးရပါမယ်၊ ပြီးနောက် ဒီအရာအားလုံးကို ဆက်စပ်ဖို့ ကျိုးကြောင်းစီလျော်အောင်တွေးခေါ်နိုင်တဲ့ စိတ်ကို အသုံးပြုပါ။ သင့်ရဲ့ အရင်းအမြစ်တွေကို ဘယ်လိုစိစစ်ကြမလဲ။
Critical Thinking စွမ်းရည်တွေကို အသုံးပြုပါ။ ဒီလိုမေးခွန်းတွေကို မေးနိုင်ပါတယ် -
• စာရေးသူက လူဆယ်ယောက်ကိုပဲ လေ့လာခဲ့တာလား။
• စာရေးသူက ကုမ္ပဏီတစ်ခု ဒါမှမဟုတ် လုပ်ငန်းတစ်ခုကိုပဲ ကိုယ်စားပြုနေသလား။
• ဒီစာရေးသူက အခြားဘယ်လို ဆောင်းပါးတွေနဲ့ လေ့လာချက်တွေကို ထုတ်ဝေခဲ့ဖူးသလဲ။
• ဒီဆောင်းပါးက ပညာရပ်ဆိုင်ရာ ဂျာနယ်တစ်ခုမှာ ဖော်ပြထားတာလား၊ ဒါမှမဟုတ် တစ်ခုခုရောင်းနေတဲ့ ဝက်ဘ်ဆိုက်တစ်ခုမှာ ဖော်ပြထားတာလား။
သုတေသနကောင်းမွန်စွာ လုပ်ဆောင်ပါ
မိမိစာတမ်းကိုးကားဖို့အတွက် မှန်ကန်တဲ့နေရာတွေမှာ ရှာဖွေမယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ အထောက်အထားတွေကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။ ကောင်းမွန်စွာ သုတေသနပြုဖို့ အဓိက အကြံပြုချက်တွေကတော့ -
• ပညာရပ်ဆိုင်ရာ Article တွေကို ရှာဖွေဖို့ သင့်ကျောင်းရဲ့ အွန်လိုင်းစာကြည့်တိုက်ကို အသုံးပြုပါ။ Peer-reviewed Article တွေကတော့ အဲဒီပညာရပ်နယ်ပယ်က အခြားပညာရှင်တွေက ပြန်လည်သုံးသပ်ထားတာဖြစ်တဲ့အတွက် ယေဘုယျအားဖြင့် အမှန်ကန်ဆုံးဖြစ်ပါတယ်။
• ကိုယ့်စာတမ်းနဲ့ ကိုက်ညီတဲ့ Article ရှာဖွေမိတဲ့ အခါ ထို Article ရဲ့ နောက်ဆုံးမှာပါတဲ့ ကိုးကားချက် စာမျက်နှာကို ကြည့်ပြီး အဲဒီအရင်းအမြစ်တွေထဲက ကိုယ့်စာတမ်းနဲ့ ကိုက်ညီမှုရှိတဲ့ စာတမ်းတစ်ချို့ကို ရှာဖွေဖတ်ရှုပါ။
• မိမိကိုးကားထားတဲ့ စာတမ်းမှ စာရေးသူက အခြားအရင်းအမြစ်တစ်ခုကို ကိုးကားထားရင်၊ ထိုမူရင်းအရင်းအမြစ်ကို ရှာဖွေပြီး ကိုယ်တိုင်ဖတ်ရှုပါ။
• ရက်စွဲတွေကို အထူးဂရုပြုပါ။ သုတေသနက ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ်ထက် ပိုပြီးကြာခဲ့ရင်၊ ဒါက ခေတ်နောက်ကျနေပါပြီ။
သင့်ရဲ့အချက်အလက်တွေကို ပြန်လည်စစ်ဆေးပါ
သင်စုဆောင်းထားတဲ့ အချက်အလက်တွေကို ပြန်လည်စစ်ဆေးခြင်းဟာ သင့်ရဲ့ သုတေသနစွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် အထောက်အပံ့ကောင်းတစ်ခုအနေနဲ့ အရေးကြီးပါတယ်။ အရင်က ပြောခဲ့သလိုပဲ၊ အင်တာနက်ဆိုတာ သတင်း အချက်အလက်တွေအများကြီးရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဘယ်သူမဆို သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အချက်အလက်စစ်ဆေးခြင်းမရှိဘဲ ထုတ်ဝေနိုင်ပါတယ်။
တစ်ခါတစ်ရံမှာ အရင်းအမြစ်တစ်ခုကနေ ရရှိတဲ့အချက်အလက်တွေဟာ လုံးဝမှားယွင်းနေတတ်ပါတယ်။ ဒါကြောင့် သင်ရရှိထားတဲ့ အချက်အလက်တွေကို အနည်းဆုံး အခြားဝက်ဘ်ဆိုက် ၂ ခုနဲ့ ပြန်လည်စစ်ဆေးဖို့ လိုအပ်ပါတယ်။ သင်ဟာ ပထမဆုံးမြင်တဲ့ကားကို ချက်ချင်းမဝယ်ဘူး (You don’t buy the first car you see? ) ဆိုတဲ့ စကားစုကို မှတ်မိပါသလား။ ဒီစည်းမျဉ်းဟာ အွန်လိုင်းကနေ အချက်အလက်စုဆောင်းခြင်းမှာလည်း အကျုံးဝင်ပါတယ်။ သင်ဟာ ဝက်ဘ်စာမျက်နှာ တစ်ခုတည်းကို စွဲမြဲပြီးမသုံးသင့်ပါဘူး။ တကယ့်ကို အသုံး၀င်ပြီး စိတ်ချရတဲ့ အချက်အလက်တွေကို ထောက်ပံ့ပေးတယ်ဆိုတဲ့ ဂုဏ်သတင်းရှိတဲ့ အရင်းအမြစ်တွေကို သာအသုံးပြုပါ။
အကယ်၍ သင်ရရှိထားတဲ့ အချက်အလက်တွေရဲ့ မှန်ကန်မှုကို သင်ကိုယ်တိုင် ကျေနပ်အောင် အတည်မပြုနိုင်ဘူးဆိုရင်၊ အဲဒီအရင်းအမြစ်ကို အသုံးမပြုတာက ပိုကောင်းပါတယ်။ ပြီးတော့ အချက်အလက်စုဆောင်းဖို့အတွက် လူမှုကွန်ရက်တွေကို ရှောင်ကျဉ်ပါ။ ဒါဟာ မှားယွင်းတဲ့အချက်အလက်တွေနဲ့ ပြည့်နှက်နေတဲ့ ပျားအုံတစ်ခုလိုဖြစ်နေပါလိမ့်မယ်။
သင့်ရဲ့တွေ့ရှိချက်တွေကို အများဆုံးအသုံးချပါ
သင့်စာတမ်းထဲမှာ အထောက်အထားတွေကို အသုံးပြုဖို့အတွက် အဓိကသော့ချက်ကတော့ ကိုးကားချက်တွေကို ဖြန့်ကျဲထည့်သွင်းတာမျိုး မဟုတ်ဘဲ၊ သုတေသနကို သင့်ရဲ့အဆိုပြုချက်ထဲမှာ ပေါင်းစပ်ထည့်သွင်းဖို့ဖြစ်ပါတယ်။ ထိုသုတေသနရဲ့ အရေးပါမှုနဲ့ သက်ရောက်မှုတွေကို ရှင်းပြပါ။ "မုန်လာဥနီတွေက သင့်အတွက်ကောင်းတယ်" လို့ရေးတာက တစ်မျိုးဖြစ်ပေမယ့်၊ မုန်လာဥနီတွေက ဘာကြောင့်ကောင်းတယ်၊ ဘယ်လိုကောင်းတယ်ဆိုတာကို Table တွေသုံးကာ သက်သေသာဓက နဲ့ သုတေသနအပေါ်အခြေခံပြီး ရှင်းပြတာက ပိုပြီးစိတ်၀င်စား ဖို့ကောင်းပါတယ်။
အမှန်တကယ် Critical Thinking စွမ်းရည်တွေကို ပြသနိုင်ဖို့အတွက်၊ သင်ဖတ်ထားတဲ့အရာတွေကို ပေါင်းစပ်ပြီး (မှန်ကန်စွာ ကိုးကားကာ) သင့်ရဲ့အဆိုပြုချက်ထဲကို ထည့်သွင်းပါ။ စာလုံးအစီအစဉ်နဲ့ တည်ဆောက်ပုံကို အထူးဂရုပြုပါ။ အခြားစာရေးသူတွေက ဘယ်လိုအချက်အလက်တွေကို အသုံးပြုပြီး သင့်ကို ယုံကြည်မှုရအောင်လုပ်သလဲဆိုတာ ဖတ်ကြည့်ပါ၊ ပြီးတော့ သူတို့ရဲ့နည်းဗျူဟာတွေကို သင့်စာဖတ်သူအတွက် အလားတူစွာအသုံးပြုပါ။
Critical Thinking က ပိုကောင်းတဲ့ သုတေသနစွမ်းရည်တွေကို ဖြစ်ပေါ်စေပြီး၊ ပိုကောင်းတဲ့ သုတေသနစွမ်းရည်တွေက ပိုကောင်းတဲ့ စာရေးတဲ့ စွမ်းရည်တွေကို ဖြစ်ပေါ်စေပါတယ်။ သင်ယုံကြည်စိတ်ချရတဲ့ Reference တွေကို ရှာဖွေတဲ့အခါ၊ ဒါက သင့်ရဲ့အဆိုပြုချက်တွေကို ပိုထိရောက်စွာ ထောက်ခံပေးနိုင်ပါတယ်။ ပြီးတော့ သင်ဟာ အချက်အလက်တွေကို ကြည့်ရှုနားထောင်တဲ့အခါ ဘက်လိုက်မှုနဲ့ စည်းရုံးသိမ်းသွင်းမှုတွေအတွက် သေချာစွာ လေးလေးနက်နက် ခွဲခြားတတ်လာပါလိမ့်မယ်။ ထို့အပြင် ကျောင်းပြင်ပမှာလည်း ပိုကောင်းတဲ့ စကားပြောဆိုနိုင်သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
prime.adamsacademy.com နဲ့ tutor.com website တွေမှ ဆောင်းပါးများကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Daw May Thiri Khit
BA (Russian), YUFL
Diploma in English (YUFL), ADBM, DBM
M.Econ. (International Program), Chiang Mai University, Thailand
Latest Articles
Kaizen - နေ့တိုင်းနည်းနည်းချင်း ပိုကောင်းအောင် လုပ်ကြစို့
3 days ago
အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးစီမံခန့်ခွဲမှုစနစ်များရဲ့ အခန်းကဏ္ဍ
1 week ago
Halo Effect: သင့်ရဲ့ဆုံးဖြတ်ချက်တွေကို တိတ်တဆိတ် ထိန်းချုပ်နေသူ
1 week ago
ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ
4 weeks ago
ငွေကြေးကုန်ကျမှုမများဘဲ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်မယ့် Growth Hacking Marketingရဲ့ လျှို့ဝှက်ချက်
4 weeks ago
