သင့်လုပ်ငန်းရဲ့ အရင်းအမြစ်တွေကို VRIO နဲ့ စတင်ဆန်းစစ်လိုက်ပါ!
ယနေ့ခေတ် ပြင်းထန်တဲ့ စီးပွားရေးလောကမှာ အဖွဲ့အစည်းတွေအနေနနဲ့ ပြင်ပအခြေအနေတွေကို စောင့်ကြည့်ရုံသာမက ၎င်းတို့ရဲ့ အတွင်းပိုင်း အားသာချက်များကိုလည်း နားလည်ရန် လိုအပ်ပါတယ်။ VRIO Framework ဆိုတာ ကုမ္ပဏီတွေကို ၎င်းတို့ရဲ့ အတွင်းပိုင်းအရင်းအမြစ်များ (Resources) က ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်မှု အကျိုးကျေးဇူးကို မည်သို့ဖန်တီးပေးနိုင်တယ်ဆိုတာ ဖော်ထုတ်ရန် အတွက် အရေးပါတဲ့ မဟာဗျူဟာမြောက်ကိရိယာတစ်ခုဖြစ်ပါတယ်။ တန်ဖိုး (Value)၊ ရှားပါးမှု (Rarity)၊ အတုခိုးရခက်မှု (Imitability) နဲ့ အဖွဲ့အစည်း (Organization) စတဲ့ လက္ခဏာလေးရပ်ကို စစ်ဆေးခြင်းအားဖြင့် ကုမ္ပဏီများအတွက် ၎င်းတို့ရဲ့ အရင်းအမြစ်များ အမှန်တကယ် မဟာဗျူဟာကျကျ အရေးပါမပါ ဆန်းစစ်နိုင်မည်ဖြစ်ပါတယ်။
VRIO Framework ဆိုတာ ဘာလဲ။
VRIO Framework ဆိုတာ Jay Barney ဖော်ထုတ်ခဲ့တဲ့ မဟာဗျူဟာမြောက် ဆန်းစစ်ရေးကိရိယာတစ်ခုဖြစ်ပြီး ကုမ္ပဏီ အရင်းအမြစ်များနဲ့ စွမ်းရည်များကို စနစ်တကျ အကဲဖြတ်ရန် ရည်ရွယ်ထားပါတယ်။ VRIO ဆိုတာကတော့ _
- တန်ဖိုး (Value): ကိုယ့်လုပ်ငန်းမှာ ရှိတဲ့ အရင်းအမြစ်ဟာ အခွင့်အလမ်းများကို အသုံးချရန် (သို့) အန္တရာယ်တွေကို ကာကွယ်ရန် ကူညီပေးနိုင်သလား။
- ရှားပါးမှု (Rarity): အဲ့ဒီအရင်းအမြစ်ကို ပြိုင်ဘက်အနည်းငယ်ကသာ ပိုင်ဆိုင်ထားသလား?
- အတုခိုးရခက်မှု (Inimitablity): ထူးခြားတဲ့ သမိုင်းကြောင်း၊ ရှုပ်ထွေးမှု (သို့) မရှင်းလင်းမှုတို့ကြောင့် အတုခိုးရန် ခက်ခဲသလား?
- အဖွဲ့အစည်း (Organization): ကုမ္ပဏီဟာ အဲဒီအရင်းအမြစ်ကနေ အပြည့်အဝအကျိုးကျေးဇူးရရှိရန် စနစ်တကျ ဖွဲ့စည်းထားပြီးပြီလား?
ကိုယ့်လုပ်ငန်းမှာ ရှိတဲ့ အရင်းအမြစ်တစ်ခုဟာ ဒီအချက်လေးချက်စလုံးနဲ့ ကိုက်ညီမှသာ ၎င်းဟာ ရေရှည်တည်တံ့နိုင်တဲ့ ယှဉ်ပြိုင်နိုင်မှု အကျိုးကျေးဇူးကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
“VRIO Framework ရဲ့ အကျိုးကျေးဇူးများ”
- အတွင်းပိုင်းဆန်းစစ်မှုကို အားပေးခြင်း _ PESTEL (သို့) Porter’s Five Forces ကဲ့သို့ ပြင်ပပုံစံများနဲ့ မတူဘဲ VRIO ဟာ အတွင်းပိုင်းအချက်များကိုသာ အဓိကထား စဉ်းစားပါတယ်။ ဒါကြောင့် အဖွဲ့အစည်းများအား ၎င်းတို့ရဲ့ အဓိကကျွမ်းကျင်မှုများကို သုံးသပ်ပြီး ထိရောက်စွာ အသုံးချနိုင်ရန် အထောက်အကူဖြစ်စေပါတယ်။
- မဟာဗျူဟာများ ချမှတ်ရာတွင် အထောက်အကူဖြစ်စေခြင်း _ VRIO ဟာ အရင်းအမြစ်များကို အကဲဖြတ်ရန် စနစ်တကျနည်းလမ်းတစ်ခုကို ပေးစွမ်းနိုင်တာကြောင့် မည်သည့်နေရာတွင် ရင်းနှီးမြှုပ်နှံရမည်၊ မည်သည့်စွမ်းရည်များကို မြှင့်တင်ရမည် နဲ့ မည်သည့်အရာများကို စွန့်လွှတ်ရမည်ဆိုတာကို ဆုံးဖြတ်ရာတွင် ပိုမိုလွယ်ကူစေပါတယ်။
- ရေရှည်တည်တံ့တဲ့ ယှဉ်ပြိုင်နိုင်မှု အရင်းအမြစ်များကို ဖော်ထုတ်ပေးခြင်း _ တန်ဖိုးရှိပြီး ရှားပါးကာ အတုခိုးရခက်တဲ့ အပြင် စနစ်တကျဖွဲ့စည်းထားတဲ့ အရင်းအမြစ်များဟာ မကြာခဏဆိုသလို မဟာဗျူဟာမြောက် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းတို့မှာ ပိုင်ဆိုင်မှုဆိုင်ရာနည်းပညာ၊ ထူးခြားတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှု (သို့) အထူးကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်များ ပါဝင်နိုင်ပါတယ်။
- အခြားမဟာဗျူဟာမြောက်ကိရိယာများနဲ့ တွဲဖက် သုံးနိုင်ခြင်း_ VRIO ဟာ အတွင်းပိုင်းဆန်းစစ်မှုမှာ ထူးချွန်သော်လည်း SWOT (အားသာချက်များ၊ အားနည်းချက်များ၊ အခွင့်အလမ်းများ၊ ခြိမ်းခြောက်မှုများ) နဲ့ PESTEL (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ ပတ်ဝန်းကျင်၊ ဥပဒေ) ကဲ့သို့သော ကိရိယာများနဲ့ တွဲဖက်အသုံးပြုပါက ပိုမိုအားကောင်းတတ်ပါ တယ်။
VRIO ကို ထိရောက်စွာ အသုံးပြုနည်း
၁။ အရင်းအမြစ်များကို စာရင်းပြုစုပါ။
ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံများ၊ ဉာဏပစ္စည်းပိုင်ဆိုင်မှုများ၊ လူသားစွမ်းရည်များနဲ့ အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းစဉ်များ အပါအဝင် ရုပ် နဲ့ ရုပ်မဲ့အရင်းအမြစ်အားလုံးကို စာရင်းပြုစုပါ။
၂။ အရင်းအမြစ်တစ်ခုချင်းစီကို အကဲဖြတ်ပါ။
ကိုယ့်လုပ်ငန်းမှာ ရှိတဲ့ အရင်းအမြစ်ဟာ တန်ဖိုးရှိပါသလား၊ ရှားပါးပါသလား၊ အတုခိုးရခက်ပါသလား၊ စနစ်တကျဖွဲ့စည်းထားပါသလားဟု မေးခွန်းထုတ်ပါ။ အကဲဖြတ်ရာတွင် အချက်အလက်နဲ့ တကွ သက်သေအထောက်အထားများကို အသုံးပြုပါ။
၃။ ယှဉ်ပြိုင်မှုဆိုင်ရာ အကျိုးဆက်များကို ဆန်းစစ်ပါ။
အချက်လေးချက်စလုံးနဲ့ ကိုက်ညီတဲ့ အရင်းအမြစ်များကသာ ရေရှည်တည်တံ့တဲ့ ယှဉ်ပြိုင်နိုင်မှု အကျိုးကျေးဇူးကို ပေးစွမ်းနိုင်ပါတယ်။ အခြားအရာများကတော့ သာတူညီမျှဖြစ်ခြင်း (သို့) ယာယီအကျိုးကျေးဇူးများသာ ဖြစ်စေနိုင်ပါတယ်။
၄။ မဟာဗျူဟာမြောက် ရွေးချယ်မှုများ ပြုလုပ်ပါ။
VRIO ဖြစ်စေနိုင်တဲ့ အရင်းအမြစ်များကို ကာကွယ်ရန်နဲ့ အသုံးချရန် ရင်းနှီးမြှုပ်နှံပါ။ အားနည်းတဲ့ အရင်းအမြစ်များမှ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ခွဲဝေအသုံးချပါ (သို့) စွန့်လွှတ်ပါ။
လက်တွေ့ဥပမာ အနေနဲ့ Apple Inc. ဟာ VRIO ကို အသုံးပြုတဲ့ ဥပမာကောင်းတစ်ခုဖြစ်ပါတယ်။ ၎င်းရဲ့ အမှတ်တံဆိပ်ဂုဏ်သတင်း (တန်ဖိုးရှိ၊ ရှားပါး)၊ ပိုင်ဆိုင်မှုဆိုင်ရာ ဒီဇိုင်းစွမ်းရည်များ (အတုခိုးရခက်) နဲ့ ecosystem ပေါင်းစည်းမှု (စနစ်တကျဖွဲ့စည်းထား) တို့ဟာ ပြိုင်ဘက်များ ယှဉ်ပြိုင်ရန် ခက်ခဲတဲ့ ယှဉ်ပြိုင်နိုင်မှု အားသာချက်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် VRIO Framework ဆိုတာ မဟာဗျူဟာမြောက် အရင်းအမြစ်ဆန်းစစ်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းအတွင်းပိုင်း နဲ့ ပတ်သက်ပြီး တွေးတောဆင်ခြင်မှုနဲ့ စနစ်တကျအကဲဖြတ်မှုကို အားပေးခြင်းအားဖြင့် ၎င်းဟာ ကုမ္ပဏီတွေ အတွက် ခိုင်မာပြီး ယှဉ်ပြိုင်နိုင်မှုအားသာချက်ရရှိရန် အထောက်အကူပြုပါတယ်။ သို့ပေမယ့် ၎င်းကို ပြင်ပကိရိယာများနဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် ဟန်ချက်ညီ ပြည့်စုံတဲ့ မဟာဗျူဟာမြောက် အမြင်တစ်ခုရရှိစေမှာ ဖြစ်ပါတယ်။ မှန်ကန်စွာ အသုံးပြုနိုင်ပါက VRIO ဟာ ကုမ္ပဏီများအတွက် အဆက်မပြတ် ပြောင်းလဲနေတဲ့ ဈေးကွက်မှာ ၎င်းတို့ရဲ့ အစွမ်းထက်ဆုံးသော အရင်းအမြစ်များကို ဖော်ထုတ်ရန်၊ ကာကွယ်ရန်နဲ့ အမြတ်ထုတ်ရန် အထောက်အပံ့ ဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။
References
Slack, N., Brandon-Jones, A. and Johnston, R. (2022) Operations Management. 10th Ed. Harlow: Pearson.
Daw Hninn Pwint Oo
M.Com, B.Com** (MEUE)
Latest Articles
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
2 weeks ago
ကောင်းမွန်တဲ့ AI Tool တစ်ခု ဘယ်လိုဖန်တီးရမလဲ
2 weeks ago
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
3 weeks ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
3 weeks ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
3 weeks ago
