"သင့်လုပ်ငန်းကြော်ငြာအတွက် သိသာစွာ အကျိုးပြုတဲ့ 3D Animation Billboard"
ကမ္ဘာမှာရှိတဲ့ လုပ်ငန်းအများစုဟာ မိမိတို့ရဲ့ ကုန်ပစ္စည်းကြော်ငြာဖို့ လူသိများဖို့အတွက် Media Channel တွေ မျိုးစုံကို အသုံးပြုနေကြပါတယ်။ ၂၁ ရာစုမှာဆိုရင် ကြော်ငြာ media မျိုးစုံထဲကမှ Social Media မျိုးစုံကိုလည်း အသုံးပြုနေကြပါတယ်။ ခုနောက်ဆုံးမှာတော့ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွေမှာ ခေတ်စားလာတဲ့ 3D Animation Billboard တွေဟာ ပုံမှန်ကြော်ငြာ Billboard များထက် ပိုမိုစိတ်ဝင်စားစေပြီး လမ်းတစ်လျှောက် သွားလာနေတဲ့သူများကို ပိုမိုဆွဲဆောင်နိုင်စေပါတယ်။ ရိုးရိုး Billboard တစ်ခုအနေနဲ့မဟုတ်ဘဲ သက်ဝင်လှုပ်ရှားမှုများ၊ သဘာဝနဲ့ပိုမိုနီးစပ်မှုများကြောင့် ပရိသတ်အများစုရဲ့ အာရုံစိုက်မှုများကို ပိုမိုဖမ်းစားစေပါတယ်။
ဒါ့အပြင် ကျွန်မတို့တစ်တွေဟာ 3D billboard ရဲ့ ထူးခြားတဲ့ ဖန်တီးမှုများကြောင့် အဲ့ဒီကြော်ငြာကို ပိုမိုမှတ်မိတတ်ကြပါတယ်။ စိတ်မှာပိုမိုအမှတ်ရခြင်းနဲ့အတူ ကုန်ပစ္စည်းကိုပါ တွဲလျက်မှတ်မိပြီး Brand ကိုပါ တွဲပြီးမှတ်မိသွားတတ်ကြပါတယ်။ နည်းပညာများ ပိုမိုတိုးတက် လာတာကြောင့် 3D Animation Billboard ကိုအသုံးပြုပြီး နိုင်ငံတကာမှာပါ ကိုယ့် product နဲ့ ပတ်သက်ပြီး Branding ကို တည်ဆောက်နိုင်ပါသေးတယ်။ 3D Animation Billboard များကို လူသွားလူလာများတဲ့ မြင်ကွင်းနေရာများ၊ အချက်အချာကျတဲ့ နေရာများမှာ တပ်ဆင်ပြီး ကြော်ငြာခြင်းဖြင့် လုပ်ငန်းတွေအတွက် မိမိတို့ကုန်ပစ္စည်းတံဆိပ်ကို ပိုမိုလူသိစေသလို အောင်မြင်စေပြီး ထုတ်ကုန်များရဲ့ ရောင်းအားကိုလည်း တိုးစေပါတယ်။
3D animation billboard များကို ခေတ်မီတိုးတက်တဲ့နိုင်ငံများနဲ့ နည်းပညာအဆင့်မြင့်တဲ့ နိုင်ငံတွေမှာ အသုံးပြုမှု ပိုမိုများပြားပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ 3D billboard များကို သူတို့ရဲ့ကြော်ငြာများမှာ အလေးထား အသုံးပြုကြပါတယ်။ Beijing, Shanghai, Guangzhou နဲ့ တခြားမြို့ကြီးများမှာ စိတ်ဝင်စားဖွယ် 3D billboard များကိုလည်း မြင်တွေ့နိုင်ပါတယ်။ Wangfujing နဲ့ Sanlitun လူသွားလူလာများတဲ့ နေရာများ၊ နာမည်ကြီး စျေးဝယ်စင်တာများမှာ ပိုမိုကြော်ငြာလေ့ရှိသလို လူအများစုသွားလာတဲ့ မီးရထားဘူတာများ၊ လေဆိပ်များ၊ ဘတ်စ်ကားဘူတာများမှာလည်း ကြော်ငြာလေ့ရှိပါတယ်။
“Huawei, Xiaomi” တို့လို နည်းပညာမြင့်မားတဲ့ကုမ္ပဏီများက သူတို့ရဲ့ နောက်ဆုံးပေါ် နည်းပညာပစ္စည်းများကို 3D Billboard များမှာ ကြော်ငြာကြလေ့ရှိပါတယ်။ တရုတ်နှစ်သစ်ကူးအချိန်အခါမျိုးမှာလည်း ပျော်ရွှင်စရာ အထိမ်းအမှတ်များ၊ မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေများစုံပြီး စျေးဝယ်ထွက်တဲ့အချိန်မှာ ထုတ်ကုန် များကို ကြော်ငြာခြင်းနဲ့ နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုတဲ့ အထိမ်းအမှတ် Creation များကို China ရဲ့ 3D Billboard များမှာ တွေ့ရတတ်ပါတယ်။
ဂျပန်နိုင်ငံရှိ နာမည်ကြီးတဲ့ 3D Animation Billboard ကြော်ငြာကတော့ Shinjuku မှာရှိတဲ့ ကြော်ငြာကြောင်လေးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းက နာမည်ကြီးလာပြီး လူအများစိတ်ဝင် စားစေတဲ့ 3D ကြော်ငြာတစ်ခုဖြစ်ပါတယ်။ Tokyo ရဲ့ Shinjuku Station အနီးမှာရှိပြီး လူသွားလူလာ အများဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ ကြောင်လေးဟာ တကယ့်ကိုအသက်ဝင်ပြီး လှုပ်ရှားမှုရော အသံပါ ကောင်းမွန်ပြီး ခရီးသွားလူအများရဲ့ အမြင်အာရုံကို ဆွဲဆောင်နိုင်စေပါတယ်။
ဒီကြော်ငြာကို နေ့ခင်းပိုင်းနဲ့ ညအချိန်ပိုင်းအတွင်း တွေ့မြင်နိုင်ပြီး ကြောင်လေးက အချိန်အတော်ကြာ လှုပ်ရှားနေတတ်ပါတယ်။ နိုင်ငံအနှံ့မှ ခရီးသွားများကိုလည်း Shinjuku ကိုလာအောင် ဆွဲဆောင်ဖို့အတွက်လည်း ဒီကြော်ငြာ လေးကိုအသုံးပြုပါတယ်။ Shinjuku 3D ကြောင်လေးဟာ လူအများရဲ့ အာရုံကိုဖမ်းစားပြီး Shinjuku မှာရှိတဲ့ တခြားကုန်ပစ္စည်းတွေကို လာရောက်ကြည့်ရှုဖို့ အထူးကောင်းမွန်တဲ့ Marketing နည်းလမ်း တစ်ခုလည်းဖြစ်ပါတယ်။ Shinjuku 3D ကြော်ငြာကြောင်လေးဟာ ပုံမှန်ကြော်ငြာတွေနဲ့မတူဘဲ လူတွေအတွက် ပျော်ရွှင်ဖို့နဲ့ စိတ်လှုပ်ရှားစေဖို့ ရည်ရွယ်ထားပါတယ်။
ဒါ့အပြင် New York Time Square မှာရှိတဲ့ 3D Animation Billboard များမှာလည်း ကမ္ဘာ့ နာမည်ကြီး Samsung, Apple, Microsoft တို့လို နည်းပညာကုမ္ပဏီကြီးများဟာ သူတို့ရဲ့ နောက်ဆုံး ထုတ်ကုန်များကို ကြော်ငြာဖို့ 3D Billboard များကို အသုံးပြုကြပါတယ်။ Nike, Adidas, Gucci, Louis Vuitton တို့လို ဖက်ရှင်နဲ့ အားကစားပစ္စည်း ကုမ္ပဏီများကလည်း သူတို့ရဲ့ နောက်ဆုံးပေါ် collection တွေကိုကြော်ငြာဖို့ 3D Billboard များကို အသုံးပြုကြပါတယ်။ BMW, Tesla, Audi စတဲ့ မော်တော်ကားကုမ္ပဏီကြီးများက သူတို့ရဲ့ နောက်ဆုံးထုတ်ကားများကို ပြသဖို့ 3D Billboard များကို အသုံးပြုကြပါတယ်။
Marketing အတွက် ရှေ့ပြေးတဲ့ 3D Animation Billboard များကို မိမိတို့ရဲ့ လုပ်ငန်းကြော်ငြာ တွေမှာ အသုံးပြုခြင်းအားဖြင့် ပုံမှန် billboard များထက် ပိုမိုစိတ်ဝင်စားစေတာကြောင့် ကြော်ငြာကို အထူးသတိပြုမိစေပါတယ်။ ဒါ့အပြင် 3D billboard များကို အသုံးပြုခြင်းက ပြိုင်ဘက်များထက် မိမိရဲ့ အမှတ်တံဆိပ်ကိုထူးခြားပြီး လူပိုသိစေကာ စျေးကွက်ထဲကို ပိုမိုထိုးဖောက်နိုင်စေပါတယ်။ သို့ပေမဲ့ 3D animation များကို ဖန်တီးဖို့ အချိန်သေချာယူရပြီး ထိန်းသိမ်းဖို့နဲ့ အရင်းအနှီး ကုန်ကျစရိတ်မှာ အရမ်းမြင့်မားနိုင်တာကြောင့် လုပ်ငန်းကြီးများသာ အများစု အသုံးပြုနိုင်ကြပါတယ်။ နည်းပညာပိုင်းအနေနဲ့လည်း နည်းပညာဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှာသာ အသုံးပြုတတ် ကြပါတယ်။ 3D animation billboard များကို အကောင်းဆုံးဖန်တီးပြီး သက်ဆိုင်ရာကြော်ငြာ မီဒီယာအဖွဲ့အစည်းများနဲ့ လုပ်ဆောင်ပါက မိမိလုပ်ငန်းရဲ့ ထုတ်ကုန်ဟာ ကြော်ငြာလောကမှာ ကောင်းမွန်တဲ့ နေရာတစ်ခုရောက်နိုင်ပြီး လူတိုင်းရဲ့ စိတ်ထဲမှာ စွဲထင်ကျန်စေပါတယ်။
ဒီအတွက်ကြောင့်လည်း 3D animation billboard များက ကြော်ငြာတိုင်းမှာ ထိထိရောက်ရောက် Response ရှိတာကြောင့် ကုန်ကျစရိတ်နဲ့ အချိန်များပြားစွာ သုံးစွဲမှုများကို သေချာစီမံပြီး လုပ်ငန်း အတွက်အသုံးပြုရင် ကမ္ဘာ့စျေးကွက်ထိပါ ထိုးဖောက်နိုင်တာကြောင့် လုပ်ငန်းတွေအတွက် အကျိုးပြုတဲ့ Advertising Media Channel တစ်ခု ဖြစ်ပါတယ်။
Daw Ei Mon Soe
ME-IT(TU-Mdy)
MBA (SIU, Thailand)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
