" စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ PESTLE Analysis "
PESTLE Analysis ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် လုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ ပြင်ပက တွန်းအားပေးနေတဲ့အရာတွေကို ဖော်ထုတ်ပေးတဲ့ Tool တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် PESTLE Analysis ဟာ လုပ်ငန်းတစ်ခုရဲ့ ပြင်ပမှာရှိနေတဲ့စိန်ခေါ်မှုတွေကို လေ့လာတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ပြင်ပစိန်ခေါ်မှုတွေ ကတော့ နိုင်ငံရေး (Political)၊ စီးပွားရေး (Economical)၊ လူမှုရေး (Social) ၊ နည်းပညာ (Technological) ၊ ဥပဒေ (Legal) နဲ့ သဘာဝပတ်ဝန်းကျင် (Environmental) တို့ပဲ ဖြစ်ပါတယ်။ PESTLE ကတော့ ဒီအချက် (၆) ချက်အတွက် အတိုကောက်ရေးထားခြင်းပဲ ဖြစ်ပါတယ်။ PESTLE Analysis ဟာလုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ Marketing Tool တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းတွေဟာ PESTLE Analysis လုပ်ခြင်းအားဖြင့် လုပ်ငန်းရဲ့ ပြင်ပမှာရှိတဲ့ သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေကို သိရှိနိုင်တဲ့အပြင် ပိုမိုကောင်းမွန်တဲ့ မဟာဗျူဟာမြောက် စီးပွားရေးစီမံကိန်းများကို ရေးဆွဲနိုင်မှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ PESTLE Analysis ရဲ့ အချက်တစ်ခုစီကို ဥပမာများနဲ့ဆွေးနွေးပြီး စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲဆိုတာ ပြောပြသွားမှာပဲ ဖြစ်ပါတယ်။
၁။ နိုင်ငံရေး (Political)
PESTLE ရဲ့ ပထမဆုံးမှာရှိနေတဲ့ P ကတော့ Political ဆိုတဲ့ နိုင်ငံရေးကို ညွှန်းဆိုပါတယ်။ နိုင်ငံရေးဆိုတဲ့အချက်ကတော့ အစိုးရနဲ့ အစိုးရကချမှတ်ထားတဲ့ မူဝါဒများဟာ လုပ်ငန်းတစ်ခုအပေါ်မှာ ဘယ်လိုအကျိုး သက်ရောက်နိုင်တယ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ဒီနေရာမှာ အခွန်လမ်းညွှန်ချက်များကဲ့သို့ စီးပွားရေးဥပဒေများ၊ စည်းမျဥ်းများနဲ့ ပတ်သက်တဲ့ အစိုးရရဲ့မူဝါဒချမှတ်မှုပုံစံများကို ပိုင်းခြားလေ့လာခြင်းပဲ ဖြစ်ပါတယ်။ Political နဲ့ သက်ဆိုင်တဲ့အရာတွေကတော့ နိုင်ငံတစ်နိုင်ငံအတွင်း နိုင်ငံရေးအခြေအနေတည်ငြိမ်မှု (ဒါမှမဟုတ်) မတည်ငြိမ်မှုများနဲ့ ၎င်းရဲ့အကျိုးဆက်များ၊ နိုင်ငံရေးမူဝါဒများ၊ အခွန်နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်များ၊ ဘဏ္ဍာရေးဥပဒေများ၊ ကုန်သွယ်မှု စည်းမျဥ်းများနဲ့ အလုပ်အကိုင်ဥပဒေများပဲ ဖြစ်ပါတယ်။
၂။ စီးပွားရေး (Economical)
PESTLE ရဲ့ E ကတော့ Economical ဆိုတဲ့ စီးပွားရေးကို ညွှန်းဆိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအခြေ အနေဟာလည်း လုပ်ငန်းဆောင်ရွက်မှုများအပေါ်မှာ သိသိသာသာ သက်ရောက်မှုရှိပါတယ်။ ဥပမာအားဖြင့် ငွေကြေးဖောင်းပွမှုနဲ့ အတိုးနှုန်းများတိုးလာတာနဲ့အမျှ စက်ပစ္စည်းများရဲ့ ဈေးနှုန်းနဲ့ပြုပြင်ထိန်းသိမ်းမှု စရိတ် များလည်း တိုးလာပါတယ်။ ဒါ့အပြင် ငွေကြေးလဲလှယ်နှုန်းမြှင့်တက်လာတဲ့အတွက် ကုန်ကြမ်းတင်သွင်းမှု အပေါ်အခွန်တိုးမြှင့်လာကာ ကုန်ပစ္စည်းဈေးနှုန်းများကို မြှင့်တက်လာစေပါတယ်။ နိုင်ငံရဲ့ စီးပွားရေးအခြေ အနေဟာ စီးပွားရေးလုပ်ငန်းများရဲ့ တိုးတက်မှုနဲ့စွမ်းဆောင်ရည်ကို တိုက်ရိုက်သက်ရောက်မှု ရှိစေပါတယ်။ Consumer များရဲ့ ငွေကြေးသုံးစွဲနိုင်မှုအခြေအနေကို သိရှိဖို့ကလည်း လုပ်ငန်းတိုင်းအတွက် လိုအပ်ပါတယ်။ Economical နဲ့ သက်ဆိုင်တဲ့အရာတွေကတော့ ငွေကြေးဖောင်းပွမှုနှုန်း၊ အတိုးနှုန်းများ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနဲ့ အလုပ်လက်မဲ့နှုန်း၊ ငွေကြေးလဲလှယ်နှုန်းနဲ့ ကုန်ကြမ်းအတွက်ကုန်ကျစရိတ်တို့ပဲ ဖြစ်ပါတယ်။
၃။ လူမှုရေး (Social)
PESTLE ရဲ့ S ကတော့ Social ကို ကိုယ်စားပြုပါတယ်။ ဒီအချက်ကတော့ စီးပွားရေးလုပ်ငန်းတွေကို သူတို့ Customer တွေရဲ့ လိုအပ်ချက်တွေ သိရှိနားလည်ဖို့အတွက် ကူညီပေးပါတယ်။ ဒီအချက်ကိုလေ့လာခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူမှုပတ်ဝန်းကျင်၊ လူတွေရဲ့အမူအကျင့်များနဲ့ လူများကြားမှာ ပေါ်ပေါက်လာတဲ့ ခေတ်ရေစီးကြောင်းများ၊ Customer တွေရဲ့ တန်ဖိုးထားမှုများ၊ မျှော်လင့်ချက်များ၊ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒများကို သိရှိနိုင်ပါတယ်။ Social Factors တွေကို ဂရုတစိုက်လေ့လာခြင်းဟာ ကောင်းမွန်တဲ့ စီးပွားရေးစီမံချက်နဲ့ မဟာဗျူဟာအတွက် အရေးပါတဲ့အရာတစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး တွေ့ကြုံနေရတဲ့ Customer များရဲ့ ပြဿနာများကို ဖြေရှင်းဖို့ Customer Analysis လုပ်တဲ့နေရာမှာ Social Factor က ကူညီပေးပါတယ်။ Social Factor မှာပါတဲ့ အရာတွေကတော့ Demographic Characteristics၊ Education Level၊ ယဥ်ကျေးမှု ခေတ်ရေစီးကြောင်းများ၊ လူတွေရဲ့ စိတ်သဘောထားပြောင်းလဲလာမှုများ၊ လူနေမှုပုံစံပြောင်းလဲလာပုံများ၊ လူတွေရဲ့ ကြိုက်နှစ်သက်မှုပုံစံနဲ့ တန်ဖိုးထားတဲ့အရာများပဲ ဖြစ်ပါတယ်။
၄။ နည်းပညာ (Technological)
PESTLE ရဲ့ T ကတော့ Technological ကို ကိုယ်စားပြုပါတယ်။ Technological factor ကတော့ စီးပွားရေး ဈေးကွက်နဲ့ လုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှုရှိတဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆန်းသစ်တီထွင်မှုများကို လေ့လာဆန်းစစ်ပါတယ်။ လုပ်ငန်းများဟာ ကိုယ်ယှဥ်ပြိုင်နေတဲ့ စီးပွားရေးလောကမှာ ရေရှည်ရပ်တည်နိုင်ဖို့ရာ အတွက် တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာများကို အမီသုံးစွဲနိုင်ဖို့ လိုပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာများဟာ လုပ်ငန်းအတွက် စိန်ခေါ်မှုခြိမ်းခြောက်မှုအနေနဲ့လည်း ရှိနေပါတယ်။ ဥပမာအားဖြင့် လုပ်ငန်းတစ်ခုက ရောင်းချနေတဲ့ ကုန်ပစ္စည်းတစ်ခုကို တခြားလုပ်ငန်းတစ်ခုမှ နည်းပညာအကူအညီနဲ့ ပိုမိုကောင်းမွန်ပြီး ဈေးသက်သာတဲ့ပစ္စည်းထုတ်လုပ်ကာ အစားထိုးဝင်ယူသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေအနေနဲ့ ခေတ်ရေစီးကြောင်းအရ အသစ်ဖြစ်ပေါ်လာတဲ့အရာတွေနဲ့ တိုးတက်မှုများအပေါ် အမီလိုက်ပြီး မိမိလုပ်ငန်းအတွင်းမှာ Update လုပ်ထားဖို့လိုပါတယ်။ လုပ်ငန်းတိုင်းဟာ သူတို့ရဲ့ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို ခေတ်နဲ့အညီထုတ်လုပ်နိုင်ဖို့အတွက် နောက်ဆုံးပေါ်နည်းပညာတွေကို ပိုင်ဆိုင်ထားဖို့ လိုပါတယ်။ Technological factor မှာ ပါဝင်တဲ့အရာတွေကတော့ ဒစ်ဂျစ်တယ် ဒါမှမဟုတ် မိုဘိုင်းနည်းပညာ အပြောင်းအလဲများ၊ Automation, Research and Development တို့ပဲဖြစ်ပါတယ်။
၅။ ဥပဒေ (Legal)
PESTLE ရဲ့ L ကတော့ Legal ကို ကိုယ်စားပြုပါတယ်။ လုပ်ငန်းတစ်ခုအတွက် သူတို့လုပ်ကိုင်နေတဲ့ နိုင်ငံရဲ့ ပိုင်နက်အတွင်းမှာ တရားဥပဒေအရ ခွင့်ပြုထားတဲ့အရာတွေ ကန့်သတ်ထားတဲ့အရာတွေကိုလည်း သိဖို့ အရေးကြီးပါတယ်။ နိုင်ငံအတွင်းမှာ ချမှတ်ထားတဲ့ ဥပဒေများ ဒါမှမဟုတ် ဥပဒေပြဌာန်းခြင်းဆိုင်ရာ ပြောင်းလဲမှုများနဲ့ လုပ်ငန်းဆောင်ရွက်မှုများအပေါ် သူတို့ရဲ့ အကျိုးသက်ရောက်မှုတွေကို သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။ Legal factor တွေကတော့ အလုပ်အကိုင်ဥပဒေ၊ စားသုံးသူဥပဒေ၊ ဒေသဆိုင်ရာ ကုန်သွယ်မှု စည်းမျဥ်းများနဲ့ တားမြစ်ချက်များပဲ ဖြစ်ပါတယ်။
၆။ သဘာဝပတ်ဝန်းကျင် (Environmental)
PESTLE ရဲ့ E ကတော့ Environmental ကို ကိုယ်စားပြုပါတယ်။ Environment factor ကို လေ့လာခြင်းကလည်း လုပ်ငန်းတိုင်းအောင်မြင်ဖို့ရာအတွက် အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ Carbon Footprint၊ ရာသီဥတုပြောင်းလဲခြင်းများ၊ Recycle နည်းလမ်းများနဲ့ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်း၊ ရေရှည်တည်တံ့မှု (Sustainability) စတဲ့ အချက်တွေဟာလည်း လုပ်ငန်းလည်ပတ်ဆောင်ရွက်တဲ့နေရာမှာ အကျိုးသက်ရောက်မှု ရှိစေတာမို့ လုပ်ငန်းတိုင်းအနေနဲ့ အမြဲလေ့လာ ဆန်းစစ်နေဖို့လိုပါတယ်။ ဒါကတော့ လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်အရေးပါတဲ့ PESTLE analysis အကြောင်းကို ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။
www.edrawmind.com ရဲ့ PESTLE Analysis ဆောင်းပါးမှ တချို့ကို သင့်လျော်အောင် ဘာသာပြန် ကိုးကားထားပါတယ်။
Daw Htet Pann Wai
Meiktila University of Economics
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
