စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (EI-Emotional Intelligence): ကျောင်းသားများအတွက် တစ်သက်တာ အောင်မြင်ဖို့ လျှို့ဝှက်ချက်
စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (EI) ဆိုတာ ကိုယ့်ရဲ့စိတ်ခံစားမှုရော၊ တခြားသူတွေရဲ့ စိတ်ခံစားမှုတွေကိုပါ သိရှိနားလည်ပြီး ကောင်းကောင်းထိန်းချုပ် ကိုင်တွယ်နိုင်တာကို ပြောတာပါ။ ဒီထဲမှာ ကိုယ့်ကိုယ်ကိုသိရှိနားလည်မှု (self-awareness)၊ စာနာနားလည်မှု (empathy) နဲ့ လူမှုဆက်ဆံရေးကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှု တွေ ပါဝင်ပါတယ်။ ကျောင်းတွေမှာဆိုရင် EI ဟာ ကျောင်းသားတွေရဲ့ နေ့စဉ်ဘဝနဲ့ အောင်မြင်မှုအတွက် အရမ်းကို အရေးပါပါတယ်။ EI ရဲ့ သဘောတရားနဲ့ သူ့ရဲ့ အကျိုးကျေးဇူးတွေကို နားလည်ထားခြင်းအားဖြင့် ကျောင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ဘဘယ်လိုသက်ရောက်မှုရှိလဲဆိုတဲ့ အမြင်ကို ပိုမိုနက်နက်နဲနဲ ရရှိနိုင်ပါတယ်။ EI ကို နားလည်ခြင်းဖြင့် ပညာရေးမှာ သူရဲ့အခန်းကဏ္ဍကို ပိုပြီး တန်ဖိုးထား မြင်လာနိုင်မှာပါ။
ပညာရေးမှာ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ရဲ့ အခြေခံအုတ်မြစ် (၄) ရပ်
ပညာရေးနယ်ပယ်မှာ အထူးအရေးကြီးတဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ရဲ့ အဓိက ကဏ္ဍ (၄) ခုကတော့-
၁။ ကိုယ့်ကိုယ်ကိုသိရှိနားလည်မှု (Self-awareness)
ဒါကတော့ ကိုယ်ပိုင်ခံစားချက်တွေကို ဖော်ထုတ်ပြီး နားလည်နိုင်တဲ့ စွမ်းရည်ပါ။ ကျောင်းသားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုသိရှိနားလည်မှု ဖွံ့ဖြိုးလာတဲ့အခါ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေ ဘယ်လိုဖြစ်ပေါ်နေလဲ၊ ဒီခံစားချက်တွေက ကိုယ့်အပေါ် ဘယ်လိုသက်ရောက်မှုရှိနေလဲဆိုတာကို အလွယ်တကူ သိရှိနိုင်ပါတယ်။ ဒီလိုနားလည်မှုရှိရင် မလိုအပ်တဲ့ အမှားတွေ လုပ်မိတာ၊ ကိစ္စရပ်တွေကို စိတ်ရှုပ်ထွေးနေတဲ့ အခြေအနေနဲ့ ဆောင်ရွက်မိတာမျိုးတွေကို ရှောင်ရှားနိုင်တဲ့အတွက် ကျောင်းသားတွေအတွက် အများကြီး အထောက်အကူပြုနိုင်ပါတယ်။
၂။ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်မှု (Self-Management)
ကျောင်းသားတွေဟာ သူတို့ရဲ့ စိတ်ခံစားမှုတွေကို သိရှိပြီးတာနဲ့ အဲဒီခံစားမှုတွေကို ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်မှုဆိုတာ အဓိကအားဖြင့် ချက်ချင်းလက်ငင်း လုပ်ချင်တဲ့ စိတ်ဆန္ဒတွေကို ထိန်းချုပ်ပြီး စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကို စီမံခန့်ခွဲတာ၊ လှုံ့ဆော်မှု (motivation) ကို ထိန်းသိမ်းတာမျိုးပါ။ ကိုယ့်ကိုယ်ကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့ သူတွေဟာ အခက်အခဲတွေကို ပိုကောင်းအောင် ဖြေရှင်းနိုင်ပြီး အာရုံပျံ့လွင့်တာတွေကို ရှောင်ရှားကာ ပညာရေးမှာ ထူးချွန်အောင် ကြိုးစားနိုင်ပါတယ်။
၃။ လူမှုရေးအသိ (Social awareness)
လူမှုရေးအသိဆိုတာကတော့ လူအများစု ခံစားရလေ့ရှိတဲ့ စိတ်ခံစားမှုတွေကို သိရှိနားလည်တာ နဲ့ သက်ဆိုင်ပါတယ်။ ကျောင်းပတ်ဝန်းကျင်မှာ လူမှုရေးအသိရှိတဲ့ ကလေးတွေဟာ ပူးပေါင်းဆောင်ရွက်တတ်ကြတယ်၊ တခြားသူတွေရဲ့အမြင်ကို လေးစားတတ်ပြီး သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကောင်းမွန် ကြပါတယ်။ ဒီစွမ်းရည်က အတန်းထဲမှာ သူငယ်ချင်းတွေနဲ့ရော ဆရာ၊ ဆရာမတွေနဲ့ပါ သင့်လျော်တဲ့ အပြန်အလှန်ဆက်ဆံမှုတွေ ရှိစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာပါ။
၄။ ဆက်ဆံရေးကို စီမံခန့်ခွဲနိုင်မှု (Relationship Management)
စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ရဲ့ ဒီအပိုင်းကတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ထိန်းသိမ်းဖို့ အာရုံစိုက်ပါတယ်။ ဒီအပိုင်းအတွက် ကျောင်းသားတွေဟာ ရှင်းလင်းပြတ်သားစွာ ပြောဆိုဆက်သွယ်ဖို့၊ ပဋိပက္ခတွေကို ဖြေရှင်းဖို့နဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလူမှုဆက်ဆံရေးစွမ်းရည်တွေဟာ အပြုသဘောဆောင်တဲ့ သင်ယူမှုပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့အတွက် အရမ်းကို အရေးပါပြီး အဲဒီပတ်ဝန်းကျင်မှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အချင်းချင်းနားလည်မှုတွေက ပိုမိုထိရောက်ပြီး အထောက်အကူပြုတဲ့ အငွေ့အသက်ကို ဖြစ်ပေါ်စေပါတယ်။
EI က ကျောင်းသားတွေရဲ့ အောင်မြင်မှုကို ဘယ်လို အထောက်အကူပြုသလဲ
ကျောင်းသားတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (EI) ဟာ သူတို့ရဲ့ ပညာရေးနဲ့ လူမှုရေးဆိုင်ရာ အောင်မြင်မှု တွေကို သိသိသာသာ ပုံဖော်ပေးပါတယ်။ EI မြင့်မားသူတွေဟာ သူငယ်ချင်းတွေ၊ဆရာ၊ ဆရာမတွေနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်တဲ့အတွက် သင်ယူမှုပတ်ဝန်းကျင်ကိုပါ အပြုသဘောဆောင်လာစေပါတယ်။ ဒီကျောင်းသားတွေဟာ စိတ်ဖိစီးမှုကို ပိုကောင်းအောင် ကိုင်တွယ်ဖြေရှင်းနိုင်ကြပြီး ဒါဟာ ပညာရေးမှာ ထူးချွန်အောင်မြင်ဖို့အတွက် အရေးကြီးတဲ့ အချက်ပါ။ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်တဲ့အတွက် စာသင်ကြားမှုအပေါ် ပိုပြီး အာရုံစိုက်နိုင်ကာ စိန်ခေါ်မှုတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်စွမ်း ရှိကြပါတယ်။ EI ကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးခြင်းဟာ သင့်လျော်တဲ့ အချိန်မှာ ပညာရေးဆိုင်ရာ အထောက်အပံ့ပေးခြင်းနဲ့အတူ အောင်မြင်တဲ့ သင်ယူမှုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီကဏ္ဍနှစ်ခုကို ဟန်ချက်ညီအောင် ပေါင်းစပ်လိုက်မယ်ဆိုရင် ပိုမိုပြည့်စုံပြီး ထိရောက်တဲ့ ပညာရေးအတွေ့အကြုံကို ရရှိစေမှာပါ။ ပညာရေးမှာ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ရဲ့ အကျိုးကျေးဇူးတွေ ကို နားလည်ထားခြင်းက ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာ EI ကို ဘာကြောင့် ထည့်သွင်းသင်ကြားဖို့ အရေးကြီးတယ်ဆိုတာကို ပြသနေပါတယ်။
ကျောင်းသားများမှာ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ကို မြှင့်တင်ခြင်း
သင်ယူသူတွေကြားမှာ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (EI) ကို သင်ကြားပေးပြီး တည်ဆောက်တာဟာ အချိန်ယူရတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်သလို ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေနဲ့ မိဘတွေဆီကနေပါ ကတိကဝတ်နဲ့ ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်ပါတယ်။ ကျောင်းတွေအနေနဲ့ EI ရဲ့ အခြေခံနယ်ပယ်လေးရပ်ကို ခိုင်မာအားကောင်းစေမဲ့ ပုံစံတွေကို ထည့်သွင်းကျင့်သုံးဖို့ အခွင့်အလမ်းတွေ ရှိပါတယ်။ ဥပမာအားဖြင့် အခန်းကဏ္ဍယူ သရုပ်ဆောင်ခြင်း (role play)၊ အဖွဲ့လိုက် ဆွေးနွေးခြင်း နဲ့ မှတ်တမ်းရေးတဲ့ စာအုပ် (journals) ထားရှိခြင်းဖြင့် လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ကျောင်းသားတွေကို တိုက်တွန်းအားပေးနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒါတွေဟာ EI စွမ်းရည်တွေကို မြှင့်တင်ဖို့ အသုံးပြုနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းတွေ ဖြစ်လို့ပါ။ ဆရာ၊ ဆရာမတွေ ဟာ ကျောင်းသားတွေရဲ့ EI ကို ပုံဖော်ပေးသူတွေပါ။ သူတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုသိရှိနားလည်မှု၊ စာနာနားလည်မှုနဲ့ ရှင်းလင်းပြတ်သားတဲ့ ဆက်သွယ်ပြောဆိုမှု တွေကို ပြသခြင်းအားဖြင့် စံနမူနာကောင်း ပြသနိုင်ပါတယ်။ မိဘတွေ ကလည်း အားကောင်းတဲ့ သြဇာလွှမ်းမိုးမှု ရှိပါတယ်။ ပွင့်လင်းစွာ စကားပြောဆိုခြင်း၊ စိတ်ခံစားမှုတွေကို အသိအမှတ်ပြုပေးခြင်းနဲ့ လုံခြုံတဲ့ အိမ်ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းတို့က ကျောင်းမှာ သင်ပေးတဲ့အရာတွေကို ပိုပြီး ခိုင်မာစေပါတယ်။ မိဘနဲ့ ဆရာ၊ ဆရာမတွေဟာ ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှု ခရီးစဉ်မှာ ပါဝင်ပတ်သက်ပြီး လက်တွဲလုပ်ဆောင်တဲ့အခါ ရရှိတဲ့ရလဒ်က နက်နဲပြီး ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။
EI ကို မြှင့်တင်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများ
EI ရဲ့ အကျိုးကျေးဇူးတွေက ကောင်းမွန်ပေမဲ့ ကျောင်းသားတွေကြားမှာ ဒီစွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့က မလွယ်ပါဘူး။ အကြီးမားဆုံး အတားအဆီးကတော့ အချိန် ပါပဲ။ ကျောင်းသင်ရိုးညွှန်းတမ်းတွေက ပြည့်ကျပ်နေတဲ့အတွက် စိတ်ခံစားမှုဆိုင်ရာ သင်ယူမှုအတွက် အချိန်ပေးဖို့ နေရာနည်းပါတယ်။ ပညာရပ်ဆိုင်ရာ စံနှုန်းတွေ ပြည့်မီအောင် တွန်းအားပေးနေရတာကြောင့် စိတ်ခံစားမှုဆိုင်ရာ ပညာရေးကို နောက်ကို ရောက်သွားစေပြီး ဦးစားပေးကိစ္စ မဟုတ်တော့တာမျိုး ဖြစ်စေပါတယ်။ တခြားပြဿနာတွေလည်း ရှိပါသေးတယ်-
- ကျောင်းသားတွေရဲ့ EI အဆင့် မတူညီခြင်း။ တချို့ကျောင်းသားတွေက စိတ်ခံစားမှုတွေကို အလွယ်တကူ သိရှိပြီး ထိန်းချုပ်နိုင်ပေမဲ့ တချို့ကတော့ ပိုပြီး ခက်ခဲကြပါတယ်။
- ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသားအားလုံးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ခက်ခဲခြင်း။ EI အဆင့် မတူညီတာက ဒီတာဝန်ကို ပိုပြီး ခက်ခဲစေပါတယ်။
- EI နဲ့ ပတ်သက်တဲ့ အယူအဆ အလွဲများ။ တချို့လူတွေက EI ဆိုတာ မွေးရာပါ အရည်အချင်းလို့ ထင်မြင်ကြပါတယ်။ တချို့ကလည်း ပညာရပ်ဆိုင်ရာ ဉာဏ်ရည် (academic intelligence) ထက် အရေးမပါဘူးလို့ ယူဆကြပါတယ်။
ဒီလိုအမြင်တွေကို ပြောင်းလဲဖို့က အဓိကသော့ချက်ပါ။ EI ကို သင်ကြားပေးခြင်းဟာ သင်္ချာ ဒါမှမဟုတ် သိပ္ပံဘာသာရပ်တွေကို သင်ကြားပေးသလို အရေးကြီးတယ် ဆိုတာကို ကျွန်တော်တို့ မြင်အောင် ကြည့်ဖို့ လိုအပ်ပါတယ်။
EI နဲ့ ပတ်သက်တဲ့ အယူအဆ အမှားများ
တချို့လူတွေက စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် ဟာ ပြောင်းလဲလို့မရဘဲ သတ်မှတ်ပြီးသား အရာ လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အဲဒါ မမှန်ပါဘူး။ သုတေသနတွေက လေ့ကျင့်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားမှုတွေနဲ့ EI ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ကြောင်း သက်သေပြထားပါတယ်။ ဒီလိုတိုးတက်မှုဖြစ်အောင် မြှင့်တင်ပေးရာမှာ ကျောင်းတွေနဲ့ မိဘတွေက အဓိက အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ နောက်ထပ် အယူအဆအမှားတစ်ခုကတော့ EI ဟာ ပညာရေးဆိုင်ရာ အောင်မြင်မှု (academic success) လောက် အရေးမပါဘူး ဆိုတာပါပဲ။ တကယ်တမ်းကျတော့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်နဲ့ ပညာရေးဆိုင်ရာ ဉာဏ်ရည်တို့ဟာ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်တဲ့ ကျောင်းသားတွေဟာ ပညာရေးမှာပါ ထူးချွန်ကြပါတယ်။ ကျောင်းတွေမှာ EI ရဲ့ အရေးပါပုံကို အသိအမှတ်ပြုခြင်းဟာ ဘက်စုံဖွံ့ဖြိုးပြီး နယ်ပယ်အားလုံးမှာ အောင်မြင်မယ့် ကျောင်းသားတွေကို မွေးထုတ်ဖို့အတွက် အရမ်းကို အရေးကြီးပါတယ်။
နိဂုံးချုပ်အနေနဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်(EI)ဟာ ကျောင်းသားတွေရဲ့ အောင်မြင်မှုကို တွန်းအားပေးပါတယ်။ ကျောင်းသားတွေ သူတို့ရဲ့ စိတ်ခံစားမှုတွေကို နားလည်ပြီး ထိန်းချုပ်နိုင်တဲ့အခါ ကျောင်းမှာကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ပိုကောင်းအောင် ဖြေရှင်းနိုင်ပါတယ်။ ကျောင်းတွေ၊ မိဘတွေနဲ့ ရပ်ရွာလူထုတွေအားလုံးဟာ ပူးပေါင်းပြီး EI ကို မြှင့်တင်ပေးရပါမယ်။ ဒါမှသာ ကျောင်းသားတွေဟာ ပညာရေးပိုင်းရော၊ ကိုယ်ပိုင်ဘဝ တိုးတက်မှုအတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်တွေကို ရရှိပိုင်ဆိုင်နိုင်မှာပါ။ EI ကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ခြင်းက ကျောင်းမှာ လက်ငင်း အောင်မြင်မှု တွေသာမက ရေရှည်ဘဝအတွက် အကျိုးကျေးဇူးတွေ ကိုပါ ယူဆောင်လာပေးပါတယ်။ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဟာ ဘဝရဲ့ နယ်ပယ်တိုင်းကို သက်ရောက်မှုရှိတဲ့အတွက် ရေရှည်အောင်မြင်မှုနဲ့ အကျိုးကျေးဇူးကို မျှော်မှန်းတဲ့ ကျောင်းသားတွေအတွက် ဒီစွမ်းရည်ကို မွေးမြူပျိုးထောင်ပေးဖို့ဟာ အလွန်အရေးကြီးပါတယ်လို့ ပြောပါရစေ။
www.appsychology.com မှ The role of emotional intelligence in student success ဆောင်းပါးကို သင့်လျော်အောင် ဘာသာပြန်ဆိုထားပါတယ်။
Daw Htet Pann Wai
B.Com (Q**), M.Com
Meiktila University of Economics
Latest Articles
လုပ်ငန်းခွင်တွင် ဝန်ထမ်းများ စိတ်အားထက်သန်မှု၏ အရေးပါပုံ
1 day ago
Mumbai Dabbawala
2 days ago
လုပ်ငန်းတွေကို ရေရှည်တည်တံ့အောင် နေရာယူစေမယ့် “စွမ်းဆောင်ရည်ထိန်းချုပ်မှု” လျှို့ဝှက်ချက်
5 days ago
“Nobu Matsuhisa ရဲ့ အရသာနှင့် ဗိသုကာကို ပေါင်းစပ်သူရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်ပါယာ”
1 week ago
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
1 week ago
