ပြန်လည်အသုံးပြုခြင်း (Recycle, Upcycle, Downcycle) ၃ မျိုးကို ခွဲခြားသိမြင်နားလည်ခြင်း

လူအများစုက “Recycle” ဆိုတဲ့ စကားလုံးကို ကောင်းကောင်းရင်းနှီးကြပါတယ်။ အမှိုက်ပုံးတွေပေါ်မှာပဲဖြစ်ဖြစ်၊ "ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်းတွေနဲ့ပြုလုပ်ထားပါတယ်" လို့ ဖော်ပြထားတဲ့ ထုတ်ကုန်တွေပေါ်မှာပဲဖြစ်ဖြစ် နေ့စဉ်တွေ့မြင်နေကြရပါတယ်။ ဒါပေမဲ့ ပြန်လည်အသုံးပြုခြင်း လုပ်ငန်းစဉ်ကိုရော တကယ်ပဲ နားလည်ကြတာဟုတ်ရဲ့လား?

Recycle အပြင် နောက်ထပ် Upcycle နဲ့ Downcycle ဆိုပြီး သမားရိုးကျမဟုတ်တဲ့ စကားလုံးတွေလည်း ရှိပါသေးတယ်။ ဒီစကားလုံးတွေက အသုံးပြုပြီးသား ပစ္စည်းတွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စီမံခန့်ခွဲတာနဲ့ သက်ဆိုင်ပါတယ်။ Recycle, Upcycle, Downcycle ဒီသုံးခုလုံးရဲ့ အဓိကကွာခြားချက်က ဘာတွေလဲဆိုတာ ဆက်ပြီးတော့ဆွေးနွေးပါမယ်။

Recycle (ပြန်လည်အသုံးပြုခြင်း) ဆိုတာ ဘာလဲ?

ပထမဆုံးအနေနဲ့ Recycle ကို နားလည်ဖို့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လေ့လာကြည့်ရအောင်။ Recycle ဆိုတာက အသုံးပြုပြီးသား ပစ္စည်းတွေကို ပြန်လည်ဖန်တီးပြီး မူလအရည်အသွေးအတိုင်းရရှိကာ ပြန်လည် အသုံးပြုနိုင်အောင် လုပ်တာဖြစ်ပါတယ်။

ရိုးရှင်းတဲ့ ဥပမာတစ်ခု ပြောရရင်၊ သုံးပြီးသား အလူမီနီယမ်ဗူးခွံ တွေကို အရည်ပျော်အောင်လုပ်ပြီးတဲ့အခါ အချောင်းလိုက် (log) တွေ၊ အပြားချပ် (sheets) တွေအဖြစ် ပြန်ထုတ်ပါတယ်။ ပြီးတဲ့အခါမှာ အသစ်စက်စက် အလူမီနီယမ်ဗူးတွေအဖြစ် ပြန်လည်ထုတ်လုပ်တာမျိုးပါ။ ဒီလုပ်ငန်းစဉ်မှာ ပစ္စည်းရဲ့ မူလအရည်အသွေးက ပြောင်းလဲသွားခြင်းမရှိဘဲ ထိန်းသိမ်းထားနိုင်ပါတယ်။

ဒါ့အပြင် ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ပြန်လည်အသုံးပြုနိုင်တဲ့ ပုံစံက ကွာခြားနိုင်ပါတယ်။ ဥပမာအနေနဲ့ စက္ကူ ကို ပြန်လည်အသုံးပြုနိုင်ပေမယ့် ပြန်လည်ဖန်တီးမှုတိုင်းမှာ ဖိုင်ဘာ (fiber) အရည်အသွေးက လျော့နည်းသွားပါတယ်။ ဒါပေမဲ့ လျော့နည်းသွားတဲ့ အရည်အသွေးက အလုံးစုံ ပျက်စီးသွားတာမျိုး မဟုတ်တဲ့အတွက် ကတ်ထူပြား ဒါမှမဟုတ် ထုပ်ပိုးခြင်းအတွက် ကုန်ကြမ်းစက္ကူအဖြစ် ထပ်မံအသုံးပြုနိုင်ပါသေးတယ်။

Upcycle(တီထွင်ဖန်တီး ပြောင်းလဲအသုံးပြုခြင်း)ဆိုတာ ဘာလဲ?

နောက်ထပ်နည်းလမ်းတစ်ခုကတော့ Upcycle ပါ။ ဒါက ပစ္စည်းတွေကို စွန့်ပစ်တဲ့နည်းလမ်းအားမရွေးချယ်ခင် တန်ဖိုးပြန်တတ်အောင် ပြုလုပ်တာကို ဆိုလိုပါတယ်။ တချို့ပစ္စည်းတွေက တစ်ကြိမ်အသုံးပြုပြီးရင် အမှိုက်ဖြစ်သွားစရာ မလိုပါဘူး။ အဲဒီပစ္စည်းတွေကို တန်ဖိုးရှိတဲ့ အသုံးအဆောင်ပစ္စည်းအသစ်တွေအဖြစ် ပြောင်းလဲပြီး မူလပစ္စည်းထက်တန်ဖိုးတတ်စေဖို့ Upcycle နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

Upcycling ဆိုတာ "Green Design" ဒါမှမဟုတ် "Eco-Design" အတွေးအခေါ်ပေါ်မှာ အခြေခံထားပြီး သဘာဝအရင်းအမြစ်တွေကို အထိရောက်ဆုံး အသုံးချဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါဟာ ပစ္စည်းအသစ်တွေနဲ့ ထုတ်လုပ်တာ မဟုတ်ဘဲ အသုံးပြုပြီးသား ပစ္စည်းတွေရဲ့ သက်တမ်းကို တိုးစေဖို့ ရည်ရွယ်ထားတာပါ။ ပစ္စည်းတွေကို အမှိုက်အဖြစ်မစွန့်ပစ်လိုက်ခင် ပြန်လည်အသုံးပြုပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

Upcycled ထုတ်ကုန်တွေဟာ မူလပစ္စည်းနဲ့ မတူပေမယ့် မူလပစ္စည်းကို ထိထိရောက်ရောက် အသုံးချထားတာ ဖြစ်ပါတယ်။ Upcycling ရဲ့ အခက်အခဲကတော့ အသုံးပြုမယ့် ပစ္စည်းအမျိုးအစားနဲ့ ထပ်မံ ပြုလုပ်လိုတဲ့ ထုတ်ကုန်ပေါ် မူတည်ပြီး သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် ဦးစားပေးလုပ်ဆောင်ရတာပဲ ဖြစ်ပါတယ်။

ရိုးရှင်းတဲ့ Upcycling ဥပမာတွေအနေနဲ့ အလူမီနီယမ်ဗူးခွံ တွေကို အပင်စိုက်တဲ့ပန်းအိုးအဖြစ် သုံးတာ၊ သုံးပြီးသား အဝတ်အထည်တွေကို လက်ကိုင်အိတ်တွေအဖြစ် ပြုလုပ်တာမျိုးတွေ ပါဝင်ပါတယ်။ ထုတ်ကုန်အသစ်တွေ ဖန်တီးရာမှာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။ ဥပမာအားဖြင့် အလူမီနီယမ်ဗူးတွေနဲ့ မော်ဒယ်ပုံစံတွေ ပြုလုပ်တာ၊ စက်ဘီးရဲ့အစိတ်အပိုင်းများမှ နာရီတွေ ဖန်တီးတာ စသည်ဖြင့်ပေါ့။

Upcycling နဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေဟာ သက်တမ်းကုန်သွားတဲ့အခါမှာလည်း Recycle လုပ်နိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ အထူးသဖြင့် Upcycled Aluminium တွေကတော့ ၁၀၀% ပြန်လည်အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် သဘာဝအရင်းအမြစ်တွေကို ထပ်မံအသုံးပြုပြီး တန်ဖိုးရှိတဲ့ ထုတ်ကုန်အသစ်တွေကို ဖန်တီးနိုင်ပါတယ်။

Downcycle (အဆင့်လျှော့ချ ပြန်လည်အသုံးပြုခြင်း) ဆိုတာ ဘာလဲ?

နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Downcycle ပါ။ ဒါက ပစ္စည်းတွေရဲ့ မူလအရည်အသွေး ကျဆင်းသွားပေမယ့် အသုံးဝင်နိုင်သေးတဲ့ သက်တမ်းတစ်ခုကို အသက်သွင်းပေးထားတာဖြစ်ပါတယ်။ Downcycling ဟာ တန်ဖိုးတက်သွားခြင်း၊ မူလအရည်အသွေးကိုထိန်းထားနိုင်ခြင်းမရှိပေမဲ့ အမှိုက်တစ်ခုအဖြစ်စွန့်ပစ်ခံရတာမဖြစ်စေဖို့  ပစ္စည်းသက်တမ်းကို ဆက်ပြီးတိုးမြှင့်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

Downcycle ကို Upcycle နဲ့ ဆင်တူတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ အဓိက ကွာခြားချက်ကတော့ Downcycle ကအနုတ် သဘောကိုဆောင်ပြီး ပြန်လည်ဖန်တီးလိုက်တဲ့ထုတ်ကုန်တိုင်းရဲ့ အရည်အသွေးက လျော့နည်းသွားကာ Downcycle လုပ်ငန်းစဉ်တိုင်းမှာ အရည်အသွေး ပို ပိုပြီး နိမ့်ကျသွားတာပါပဲ။ နောက်ဆုံးမှာတော့ ဒီပစ္စည်းတွေဟာ အသုံးမပြုနိုင်တော့တဲ့ အမှိုက်အဖြစ်ကို ရောက်ရှိသွားပါတယ်။

Downcycle ရဲ့ ထင်ရှားတဲ့ ဥပမာကတော့ ပလတ်စတစ် ပါပဲ။ လူအများစုက "ပလတ်စတစ်က ပြန်လည်အသုံးပြုနိုင်တယ်" လို့ ယုံကြည်ကြပါတယ်။ တကယ်တော့ ပြန်လည်အသုံးပြုနိုင်ပေမယ့် ကန့်သတ်ချက်တွေ ရှိပါတယ်။ ပလတ်စတစ်ကို ပြန်လည်အသုံးပြုတဲ့အခါတိုင်း သူ့ရဲ့ အရည်အသွေး (quality) က ကျဆင်းသွားတတ်ပါတယ်။ ဥပမာအားဖြင့်၊ ပလတ်စတစ် ရေသန့်ဘူး ကို ပြန်လည်ပြုလုပ်ပြီးနောက်မှာ အရင်လို ရေသန့်ဘူး ထပ်လုပ်လို့ မရတော့ဘဲ၊ ပလတ်စတစ်အိတ် ဒါမှမဟုတ် အခြားအရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေအဖြစ်ပဲ ထုတ်လုပ်နိုင်တော့တာမျိုးပါ။ ဒါကို Downcycling လို့ ခေါ်ပါတယ်။

ပလတ်စတစ်ရေဘူး (PET Plastics) တွေနဲ့ လုပ်ထားတဲ့ အိတ်တွေ၊ ဖိနပ်တွေဟာ ပိုပြီး ဈေးကြီးတဲ့အတွက် Upcycle လိုသဘော ထင်ရနိုင်ပေမယ့် တိတိကျကျ ကြည့်ရင် ထပ်မံအသုံးပြုနိုင်တဲ့ အကြိမ်ရေက ကန့်သတ်ထားပါတယ်။ ပလတ်စတစ်ပစ္စည်းရဲ့ မူလလုပ်ဆောင်နိုင်စွမ်း (ဥပမာ- အစားအသောက် ထုပ်ပိုးခြင်း) ကို ပြန်လည်ပေးနိုင်စွမ်း မရှိတော့ပါဘူး။ ဒါ့အပြင် ဒီအိတ်တွေ၊ ဖိနပ်တွေကနေ နောက်ထပ် ဘာမှ အသစ်ပြန်လုပ်ဖို့ အရည်အသွေးမကျန်တော့တာမျိုး၊ ဒါမှမဟုတ် အရမ်းကို အရည်အသွေးအဆင့်နိမ့်တဲ့ ပစ္စည်းတွေပဲ ထပ်လုပ်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ Downcycling နဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေဟာ အနာဂတ်မှာ အမှိုက်ဖြစ်လာမယ်ဆိုရင်တောင် အမှိုက်ဖြစ်ချိန်ကို နှောင့်နှေးစေနိုင်တဲ့ အရေးကြီးတဲ့ နည်းလမ်းတစ်ခုအဖြစ် ရှိနေပါသေးတယ်။

https://aluminiumloop.com/en/3-differences-of-recycling-loops/ ဆောင်းပါးကိုသင့်တော်သလိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Theint Thinzar (GPIS/ Academic)