ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု

               လူတိုင်းရဲ့ဘဝမှာ နေ့စဉ်နဲ့အမျှ ကြိုးစားအားထုတ်မှုတွေ ပြုလုပ်နေကြရပါတယ်။ အလုပ်တစ်ခုကို အချိန်ကုန်ခံပြီး လုပ်နေတဲ့အခါ၊ ဒါမှမဟုတ် ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်နေတဲ့အခါမှာ ကျွန်တော်တို့ဟာ အားထုတ်မှုတိုင်းကနေ အကောင်းဆုံးရလဒ်ကို ရရှိချင်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ အဲဒီလို အကောင်းဆုံးရလဒ်ကို ရဖို့အတွက် ဘာကိုအဓိကထားရမလဲဆိုတာကို သိရပါမယ်။ ဒီနေရာမှာ ကျွန်တော်တို့ မကြာခဏဆိုသလို ကြားဖူးတဲ့ စွမ်းဆောင်ရည်မြင့်မှု (Efficiency) နဲ့ ထိရောက်မှု (Effectiveness) ဆိုတဲ့ စကားလုံးနှစ်လုံးကို သိရှိထားရပါမယ်။ ဒီစကားလုံးနှစ်လုံးက ဆင်တူယိုးမှားဖြစ်ပေမဲ့ အဓိပ္ပာယ်တော့ သိသိသာသာကွာခြားပါတယ်။ ဒါ့ကြောင့် ဒီနှစ်ခုရဲ့ကွာခြားချက်၊ သူတို့နှစ်ခုပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုအစွမ်းတွေ ပေါ်လာနိုင်လဲဆိုတာကို ရိုးရိုးရှင်းရှင်းနဲ့ ရှင်းပြပေးချင်ပါတယ်။

စွမ်းဆောင်ရည်မြင့်မှု (Efficiency)

               စွမ်းဆောင်ရည်မြင့်မှု (Efficiency) ဆိုတာကို ရိုးရိုးရှင်းရှင်းပြောရရင် "မှန်ကန်တဲ့အရာတွေကို မှန်မှန်ကန်ကန်လုပ်ဆောင်ခြင်း" တနည်းအားဖြင့် လုပ်ဆောင်ပုံက မှန်ကန်ရမယ်  (Doing things right) လို့ ဆိုနိုင်ပြီး ထိရောက်နိုင်စွမ်းလိုလဲ ခေါ်ပါသေးတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ရရှိနိုင်တဲ့ အရင်းအမြစ်တွေ (လူ၊ ငွေ၊ ပစ္စည်း၊ အချိန်) ကို အလေအလွင့်မရှိအောင် အကောင်းဆုံးအသုံးချပြီး အလုပ်တစ်ခုကို မြန်မြန်ဆန်ဆန်နဲ့ ကုန်ကျစရိတ်အသက်သာဆုံးဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းပါပဲ။ ဥပမာအားဖြင့် - အလုပ်တစ်ခုကို အချိန်တိုအတွင်း အပြီးလုပ်နိုင်တာ၊ သုံးစွဲရတဲ့ ကုန်ကြစရိတ်ကို အတတ်နိုင်ဆုံး လျှော့ချနိုင်တာ၊ ပစ္စည်းကိရိယာတွေကို အကောင်းဆုံးအသုံးချနိုင်တာ မျိုးတွေဖြစ်ပါတယ်။ ဒီအချက်တွေဟာ စွမ်းဆောင်ရည်မြင့်မှု (Efficiency) ကို ဖော်ပြနေတာပါဘဲ။ စွမ်းဆောင်ရည်မြင့်မှုရှိတဲ့သူတစ်ယောက်ဟာ ပေးထားတဲ့အလုပ်ကို တိကျတဲ့ လုပ်ငန်းစဉ်တွေအတိုင်း မြန်ဆန်စွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက ကိုယ်လုပ်နေတဲ့အလုပ်က ရည်မှန်းချက်နဲ့ တကယ်ပဲ ကိုက်ညီရဲ့လားဆိုတာကိုတော့ တခါတလေ ကျွန်တော်တို့သိချင်မှ သိနိုင်ပါလိမ့်မယ်။

ထိရောက်မှု (Effectiveness)

               ထိရောက်မှု (Effectiveness) ဆိုတာကတော့ "မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်ခြင်း" (Doing the right things) ကို ဆိုလိုတာပါ။ ဒါက ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို သတ်မှတ်ပြီး အဲဒီပန်းတိုင်ဆီကို ရောက်အောင် ဦးတည်လုပ်ဆောင်နိုင်စွမ်းပါပဲ။ ထိရောက်မှုရှိတဲ့သူတစ်ယောက်ဟာ ပေးထားတဲ့ အရင်းအမြစ်တွေ ဘယ်လောက်ကုန်သွားတယ်၊ ဘယ်လောက်ကြာသွားတယ်ဆိုတာထက် ရည်မှန်းထားတဲ့ ပန်းတိုင်ကို တကယ်ပဲရောက်မရောက်ဆိုတာကိုသာ အဓိကထားပါတယ်။ ဥပမာ -ဌာနရဲ့ ရည်မှန်းချက်တွေကို အချိန်မီပြည့်မီအောင် လုပ်ဆောင်နိုင်တာ၊ စျေးကွက်ရှာဖွေရေး အစီအစဉ်တစ်ခုကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်တာ၊ ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို မှန်ကန်စွာ ဖြည့်ဆည်းပေးနိုင်တာ မျိုးတွေ ဖြစ်ပါတယ်။ ထိရောက်မှုက အောင်မြင်မှုရဲ့ အနှစ်သာရကို ဖော်ပြတာပါ။ ကိုယ်လုပ်နေတဲ့အလုပ်က တကယ်ပဲ အရေးပါတဲ့ အရာတစ်ခုလား၊ ပန်းတိုင်ကို ဦးတည်နေလားဆိုတာကို ဆုံးဖြတ်နိုင်စွမ်းလည်း ဖြစ်ပါတယ်။
 

ထိရောက်မှုနှင့်စွမ်းဆောင်ရည်မြင့်မှု မျှတအောင် ပေါင်းစပ်ခြင်း

               အဖွဲ့အစည်းတစ်ခု၊ ဒါမှမဟုတ် လူတစ်ယောက်ရဲ့ အောင်မြင်မှုအတွက် စွမ်းဆောင်ရည်မြင့်မှုနဲ့ ထိရောက်မှု နှစ်ခုစလုံးက မရှိမဖြစ်လိုအပ်ပါတယ်။ နောက်ပြီး ဒီနှစ်ခုရဲ့ ပေါင်းစပ်မှုအပေါ် မူတည်ပြီး ရလဒ် (၄) မျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။

၁။ ထိရောက်မှုလည်းမရှိ၊ စွမ်းဆောင်ရည်မြင့်မှုလည်းမရှိ (Poor Performance)

ဒီအခြေအနေကတော့ အဆိုးဆုံးပါပဲ။ ပုံထဲက အနီရောင်ဧရိယာပါ။ "မှားယွင်းတဲ့အရာတွေကို လုပ်ရုံသာမကဘဲ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်ခြင်း" (Doing the wrong things and doing them in the wrong way) လို့ ဆိုနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရည်မှန်းချက်တွေကလည်း မမှန်ကန်ပါဘူး၊ လုပ်ဆောင်တဲ့နည်းလမ်းတွေကလည်း မမှန်ကန်တာ၊ ခေတ်နောက်ကျနေတာ၊ ဒါမှမဟုတ် အလေအလွင့်များနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အရင်းအမြစ်တွေ၊ အချိန်တွေ အလဟဿကုန်ဆုံးပြီး ရလဒ်ကလည်း ဆိုးရွားပါတယ်။ ဒီနေရာမှာ ရှိနေရင် အဖွဲ့အစည်းက တဖြည်းဖြည်းနိမ့်ကျသွားနိုင်ပါတယ်။

၂။ စွမ်းဆောင်ရည်မြင့်မှုသာရှိပြီး ထိရောက်မှုမရှိ (Wasted Efforts)

ဒါကတော့ ပုံထဲက အဝါရောင်ဧရိယာပါ။ "မှားယွင်းတဲ့အရာတွေကို မှန်မှန်ကန်ကန်လုပ်ဆောင်ခြင်း" (Doing the wrong things right) လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ လူတွေဟာ အင်မတန်စွမ်းဆောင်ရည်မြင့်မှုရှိကြပါတယ်။ အလုပ်တွေကို မြန်မြန်ဆန်ဆန်၊ တိတိကျကျ၊ အရင်းအမြစ်အကုန်အကျနည်းနည်းနဲ့ ပြီးမြောက်အောင် လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့လုပ်နေတဲ့အလုပ်တွေက မူလပန်းတိုင်နဲ့ လွဲချော်နေတာမျိုး၊ လုံးဝအကျိုးမရှိတဲ့အလုပ်တွေကို လုပ်နေတာမျိုးတွေ ဖြစ်နေတတ်ပါတယ် (ရေလိုက် ငါးလိုက် လွဲသလိုပေါ့)။ ဥပမာ - စျေးကွက်ရဲ့လိုအပ်ချက်နဲ့ လုံးဝမကိုက်ညီတဲ့ ထုတ်ကုန်တစ်ခုကို အင်မတန်စွမ်းဆောင်ရည်မြင့်မှုရှိတဲ့ ထုတ်လုပ်မှုစနစ်နဲ့ ထုတ်လုပ်နေတာမျိုးပါ။ ဒီလိုအခြေအနေမှာ အားထုတ်မှုတွေက အချည်းနှီးဖြစ်သွားပါတယ်။

၃။ ထိရောက်မှုသာရှိပြီး စွမ်းဆောင်ရည်မြင့်မှုမရှိ (Lost Opportunities)

ဒီအခြေအနေကတော့ ပုံထဲက နောက်ထပ် အဝါရောင်ဧရိယာပါ။ "မှန်ကန်တဲ့အရာတွေကို မှားယွင်းတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်ခြင်း" (Doing the right things wrong) လို့ ဆိုနိုင်ပါတယ်။ ဒီအဖွဲ့အစည်းက မှန်ကန်တဲ့ ရည်မှန်းချက်တွေ၊ ကောင်းမွန်တဲ့ မဟာဗျူဟာတွေ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့လုပ်ဆောင်တဲ့ နည်းလမ်းတွေက စွမ်းဆောင်ရည်မြင့်မှုမရှိတဲ့အတွက် အရင်းအမြစ်တွေ၊ အချိန်တွေ အများကြီး အလဟဿကုန်ဆုံးစေပါတယ်။ ဥပမာ - ကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခုကို ဈေးကွက်ထဲ မထုတ်နိုင်သေးဘဲ အချိန်တွေဆွဲနေမိတာမျိုး၊ ဒါမှမဟုတ် အရင်းအမြစ်တွေ အများကြီးဖြုန်းတီးမိတာမျိုးပါ။ ဒီလိုအခြေအနေမှာ အောင်မြင်မှုတွေက ပျောက်ဆုံးသွားတဲ့အခွင့်အရေးတွေ ဖြစ်သွားနိုင်ပါတယ်။

၄။ စွမ်းဆောင်ရည်မြင့်မှုရော ထိရောက်မှုပါရှိ (Peak Performance)

ဒါကတော့ ပုံထဲက အစိမ်းရောင်ဧရိယာပါ။ အကောင်းဆုံးအခြေအနေပါပဲ။ "မှန်ကန်တဲ့အရာတွေကို မှန်မှန်ကန်ကန်လုပ်ဆောင်ခြင်း" (Doing the right things right) လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ လူတွေဟာ ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်တွေရှိသလို၊ အဲဒီပန်းတိုင်တွေဆီရောက်ဖို့အတွက် အရင်းအမြစ်တွေကို အထိရောက်ဆုံးအသုံးချနိုင်စွမ်းလည်းရှိပါတယ်။ ဒါဟာ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုရဲ့ အမြင့်ဆုံးအဆင့်လို့ ပြောလို့ရပါတယ်။ ဒီလိုအခြေအနေမှာရှိတဲ့ အဖွဲ့အစည်းတွေဟာ တသမတ်တည်းတိုးတက်နေပြီး အောင်မြင်မှု အသီးအပွင့်တွေကို ရိတ်သိမ်းနိုင်ပါတယ်။

               အချုပ်အားဖြင့်ဆိုရရင် စွမ်းဆောင်ရည်မြင့်မှုနဲ့ ထိရောက်မှုဆိုတာ မျှတအောင်ပေါင်းစပ်ထားတဲ့ အနုပညာတစ်ခုပါပဲ။ စီမံခန့်ခွဲသူတစ်ယောက်အနေနဲ့၊ ဒါမှမဟုတ် ဝန်ထမ်းတစ်ယောက်အနေနဲ့ ကိုယ်လုပ်နေတဲ့အလုပ်က မှန်ကန်တဲ့ရည်မှန်းချက်ကို ဦးတည်နေရဲ့လားဆိုတာကို အရင်ဆုံးဆန်းစစ်ဖို့လိုပါတယ်။ ပြီးမှသာ အဲဒီရည်မှန်းချက်ကိုရောက်ဖို့အတွက် အကောင်းဆုံး၊ အထိရောက်ဆုံးနည်းလမ်းတွေကို ရှာဖွေရပါမယ်။

"မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်ဖို့" (Effectiveness) က ကျွန်တော်တို့ကို မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို တင်ပေးပြီး၊ "မှန်ကန်တဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်ဖို့" (Efficiency) ကတော့ အဲဒီလမ်းကြောင်းပေါ်မှာ ဘေးကင်းလုံခြုံစွာနဲ့ အရှိန်အဟုန်ကောင်းကောင်းနဲ့ သွားနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။”

ဒီနှစ်ခုကို မျှတစွာ ပေါင်းစပ်နိုင်မှသာ ကိုယ်ပိုင်ဘဝနဲ့ လုပ်ငန်းခွင်မှာ အမြင့်ဆုံးစွမ်းဆောင်ရည် (Peak Performance) ကို ရရှိနိုင်မှာဖြစ်ပါတယ်။

U Zin Lwin Thant
Lecturer, Strategy First Int'l College
B.Act, M.Act (MUE)