နေ့စဉ်ဘဝမှာ Critical Thinking ကို ဘယ်လိုအသုံးချမလဲ
ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ဆုံးဖြတ်ချက်တွေဟာ ရှုပ်ထွေးလေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း (Critical Thinking) ဟာ အရေးပါတဲ့ စွမ်းရည်တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ Critical Thinking ဆိုတာ သတင်းအချက်အလက်တွေကို အပေါ်ယံ သုံးသပ်တာမဟုတ်ဘဲ အကြောင်းအရာတစ်ခုရဲ့ အရင်းအမြစ်၊ ခိုင်မာမှုနဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကိုပါ စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ ဒီစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်သလို ပုဂ္ဂိုလ်ရေးအရရော ပညာရေးမှာပါ တိုးတက်မှုတွေ ရရှိစေနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Critical Thinking ကို သင့်ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေထဲမှာ လက်တွေ့ကျကျနဲ့ လွယ်လွယ်ကူကူ ထည့်သွင်းအသုံးချနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ်။
၁။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်း (Self-Reflection)
Critical Thinking ကို လေ့ကျင့်ဖို့ ပထမဆုံးအဆင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပါ။ နေ့စဉ်ဘဝမှာ သင့်ရဲ့ အတွေး၊ ခံစားချက်နဲ့ လုပ်ဆောင်ချက်တွေကို ခဏလောက် ရပ်နားပြီး ပြန်စဉ်းစားပါ။ ဒီလိုလုပ်ခြင်းက ကိုယ့်ရဲ့ အတွေးအမြင်တွေ ဘက်လိုက်မှုရှိ၊ မရှိနဲ့ ထင်မြင်ယူဆချက်တွေကို နားလည်လာစေပြီး အခြေအနေတွေကို ပိုမိုခွဲခြမ်းစိတ်ဖြာနိုင်ဖို့ လွယ်ကူစေပါတယ်။ "ဒီနေ့ ငါ ဘာကြောင့် ဒီလို တုံ့ပြန်မိတာလဲ။" "ငါ့ရဲ့ ဆုံးဖြတ်ချက်တွေအတွက် ဘယ်အရာက လှုံ့ဆော်မှု ဖြစ်စေတာလဲ။" စတဲ့ မေးခွန်းတွေကို မေးမြန်းခြင်းအားဖြင့် ကိုယ့်ရဲ့ အတွေးဖြစ်စဉ်တွေကို ပိုပြီး သတိထားမိလာပါလိမ့်မယ်။ ကိုယ့်ရဲ့အတွေးတွေကို ချရေးတာဟာ ပိုပြီး ရှင်းလင်းပြတ်သားစေပြီး ဆန်းစစ်သုံးသပ်နိုင်ဖို့ အထောက်အကူပြုပါတယ်။
၂။ ပွင့်လင်းတဲ့ မေးခွန်းတွေ မေးပါ။
“ဟုတ်တယ်” ဒါမှမဟုတ် “မဟုတ်ဘူး” လို့ပဲ ဖြေလို့ရတဲ့ မေးခွန်းတွေအစား နက်နက်ရှိုင်းရှိုင်း တွေးခေါ်ရတဲ့ ပွင့်လင်းတဲ့ မေးခွန်းတွေ (Open-ended Questions) ကို မေးတတ်အောင် လေ့ကျင့်ပါ။ ဥပမာ- "ဒီအိုင်ဒီယာကို မင်းကြိုက်လား။" လို့ မေးမယ့်အစား “ဒီအိုင်ဒီယာရဲ့ အားသာချက်နဲ့ အားနည်းချက်တွေက ဘာတွေလဲလို့ မင်းထင်လဲ။” လို့ မေးပါ။ ဒီလိုမေးခွန်းတွေက အပြန်အလှန် ဆက်သွယ်ပြောဆိုမှုကို ပိုမိုကောင်းမွန်စေပြီး အတွေးသစ်တွေလည်း ထွက်ပေါ်လာစေပါတယ်။ သင်ဟာ သင်ယူသူဖြစ်စေ၊ သင်ကြားသူဖြစ်စေ အမြဲတမ်း စူးစမ်းတတ်တဲ့ စိတ်ကို မွေးမြူထားပါ။ ဘာကြောင့်၊ ဘယ်လို၊ ဘယ်အရာကဆိုတဲ့ မေးခွန်းတွေကနေတစ်ဆင့် အကြောင်းအရာတစ်ခုရဲ့ အသေးစိတ်အချက်အလက်တွေကို ပိုမိုနားလည်လာပါလိမ့်မယ်။
၃။ သတင်းအချက်အလက် အရင်းအမြစ်များကို ခွဲခြမ်းစိတ်ဖြာပါ။
ဒီနေ့ခေတ်လို သတင်းအချက်အလက်တွေပေါများတဲ့ခေတ်မှာ ကိုယ်လက်ခံရရှိတဲ့ သတင်းတွေရဲ့ ယုံကြည်စိတ်ချရမှု၊ မှန်ကန်မှုနဲ့ ဘက်လိုက်မှု ရှိ၊ မရှိကို အမြဲသုံးသပ်ပါ။ သတင်းတစ်ခုခုကို ဖတ်တဲ့အခါ သတင်းရင်းမြစ်ရဲ့ နာမည်ဂုဏ်၊ ပေးထားတဲ့ အထောက်အထားနဲ့ ဘက်လိုက်နိုင်တဲ့ အလားအလာတွေကို ထည့်သွင်းစဉ်းစားပါ။ စာရေးသူရဲ့ ကိုယ်ရေးရာဇဝင်၊ ထုတ်ဝေတဲ့ မီဒီယာရဲ့ နောက်ခံသမိုင်းနဲ့ ကိုးကားထားတဲ့ အရင်းအမြစ်တွေကိုလည်း ရှာဖွေစစ်ဆေးပါ။ ဒီအလေ့အကျင့်က သတင်းအမှားတွေရဲ့ ဩဇာလွှမ်းမိုးမှုကို လျှော့ချပေးပြီး အချက်အလက်မှန်တွေအပေါ် အခြေခံတဲ့ ကိုယ်ပိုင်အမြင်တစ်ခုကို တည်ဆောက်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
၄။ တက်ကြွစွာ နားထောင်ပါ။ (Active Listening)
တစ်စုံတစ်ယောက် ပြောတဲ့အခါ စကားပြောသူကို အာရုံစိုက်ပြီး သူတို့ပြောတဲ့အကြောင်းအရာတွေကို ဝေဖန်ပိုင်းခြားတွေးခေါ်ပါ။ တက်ကြွစွာ နားထောင်ခြင်းဟာ နားလည်မှုလွဲမှားတာတွေကို လျှော့ချပေးပြီး ဆက်သွယ်ပြောဆိုမှုကို ပိုမိုကောင်းမွန်စေပါတယ်။ စကားပြောသူရဲ့ စကားလုံးတွေအပြင် ကိုယ်အမူအရာတွေကိုပါ သတိထားကြည့်ရှုပါ။ နားလည်မှုလွဲတာမျိုး မဖြစ်ရအောင် မေးခွန်းတွေ ထပ်မံမေးမြန်းပြီး ပြန်လည်အကြံပြုချက်ပေးပါ။ ဥပမာ- "မင်းပြောချင်တဲ့အချက်က ဒါလား။" စသည်ဖြင့် ပြန်မေးခြင်းအားဖြင့် စကားပြောဆိုသူကို လေးစားကြောင်းပြသနိုင်သလို ကိုယ့်ရဲ့နားလည်မှု မှန်ကန်ကြောင်းလည်း အတည်ပြုနိုင်ပါတယ်။
၅။ အခြား ရှုထောင့်များကို ထည့်သွင်းစဉ်းစားပါ။
ကိုယ့်ရဲ့အတွေးအမြင်ကို တစ်ဖက်တည်းကပဲ မကြည့်ဘဲ အခြား ရှုထောင့်တွေကနေပါ ထည့်သွင်းစဉ်းစားဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပါ။ ဒီအလေ့အကျင့်က သင့်ရဲ့ အတွေးအမြင်ကို ပိုမိုကျယ်ပြန့်လာစေပြီး Critical Thinking စွမ်းရည်ကိုလည်း မြှင့်တင်ပေးပါတယ်။ ဆုံးဖြတ်ချက်တစ်ခု မချခင်မှာ "အခြားသူတစ်ယောက်ဆိုရင် ဒီအခြေအနေကို ဘယ်လိုမြင်မလဲ?" လို့ မေးကြည့်ပါ။ စာအုပ်တွေ၊ ဆောင်းပါးတွေ ဒါမှမဟုတ် ရုပ်ရှင်တွေကနေတစ်ဆင့် အခြားရှုထောင့်အမျိုးမျိုးကို ရှာဖွေလေ့လာပါ။ ဒါဟာ ပြဿနာတစ်ခုရဲ့ အကြောင်းအရာအစုံကို မြင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
၆။ အသိဉာဏ်ပညာကို တစ်သက်တာလုံး ရှာဖွေပါ။
အမြဲတမ်း စူးစမ်းလိုစိတ်နဲ့ အသိပညာအသစ်တွေကို သင်ယူဖို့ အသင့်ရှိနေပါ။ သင်တန်းတွေတက်တာ၊ စာအုပ်တွေဖတ်တာ ဒါမှမဟုတ် ကိုယ့်ကို ဉာဏ်ရည်ဉာဏ်သွေး အသစ်တွေ သုံးစေမယ့် လုပ်ဆောင်မှုတွေမှာ ပါဝင်ပါ။ အစဉ်တစိုက် သင်ယူနေခြင်းဟာ သင့်ရဲ့စိတ်ကို နိုးကြားနေစေပြီး Critical Thinking စွမ်းရည်ကိုလည်း အချိန်နဲ့အမျှ တိုးတက်စေပါလိမ့်မယ်။
အချုပ်အားဖြင့်ဆိုရသော် Critical Thinking ကို နေ့စဉ်ဘဝမှာ ထည့်သွင်းအသုံးပြုခြင်းဟာ ဘဝရဲ့စိန်ခေါ်မှုတွေကို ပိုမိုယုံကြည်မှုရှိရှိနဲ့ ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။ ဒီစွမ်းရည်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အရေးပါရုံသာမကဘဲ ကိုယ်ရေးကိုယ်တာ တိုးတက်မှုနဲ့ ပတ်ဝန်းကျင်ကို ပိုမိုနားလည်နိုင်ဖို့အတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဒီအလေ့အကျင့်တွေကို နေ့စဉ်ဘဝမှာ တဖြည်းဖြည်းချင်း ထည့်သွင်းခြင်းအားဖြင့် ပိုမိုအမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာပြီး ပိုမိုပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
How to Incorporate Critical Thinking into your Daily Life မှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Daw Sandi Su Hlaing
Lecturer, Strategy First Int'l College
B.C.Sc., B.C.Sc. (Hons), M.C.Sc.
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
