Mumbai Dabbawala

         အခုဆောင်းပါးမှာ နှစ်ပေါင်းများစွာကြာအောင်ရပ်တည်နိုင်တဲ့ Mumbai မြို့ရဲ့  Dabbawala ဆိုတဲ့ ထမင်းချိုင့်ပို့ဆောင်ပေးတဲ့လုပ်ငန်းအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ ‘Dabba’ ဆိုတာက သတ္တုနဲ့ပြုလုပ်ထားတဲ့ Cylinder ပုံစံထမင်းချိုင့်များကို ပြောတာဖြစ်ပြီး ‘Dabbawala’ ဆိုတာ ထမင်းချို့င့်ပို့ဆောင်ပေးတဲ့သူကို ပြောတာပါ။

         Dabbawala လုပ်ငန်းဆောင်တာတွေအတွက် အဓိကသော့ချက်က Mumbai Suburban Railway ဖြစ်တယ်။ သူ့ရဲ့အခြေခံအပြင်အဆင်က စက်ဘီးတွေ လက်ဆွဲလှည်းတွေနဲ့ ဘူတာရုံများနဲ့ ဖောက်သည်အိမ်များနဲ့ ရုံးများကြားမှာ ခရီးတိုများသွားလာနိုင်စေတယ်။ အဲ့ဒီရထားစနစ်က Dabbawala လုပ်ငန်းအတွက် demand ကို ဖန်တီးပေးတဲ့အစိတ်အပိုင်းလည်း ဖြစ်တယ်။ အပြင်မှာဝယ်စားရင်ဈေးကြီးတာရယ်၊ ရုံးစားသောက်ဆိုင်တွေက အရည်အသွေးမကောင်းတာတွေရယ်၊ အိမ်ကချက်တဲ့အစားစာကိုကြိုက်တာရယ်၊ ရုံးချိန်ဆိုရင် ရထားပေါ်မှာ လူတွေတအားပြည့်ကျပ်နေတော့ သတ္တုထမင်းချိုင့် Dabba သယ်ဖို့ခက်ခဲတာတွေကြောင့် ဒီလုပ်ငန်းက ဖြစ်တည်လာတယ်။ ရုံးဝန်ထမ်းတွေဟာ သူတို့ရဲ့ နေ့လယ်စာကို အိမ်တွင် ပြင်ဆင်စေပြီးတော့ အဲ့ဒီထမင်းချိုင့်တွေကို ထမင်းစားချိန်အမီ Dabbawala တွေက ပို့ဆောင်ပေးတယ်။

         မနက်ခင်းမှာ Dabbawala က ဖောက်သည်ရဲ့အိမ်တွေကနေ ထမင်းချိုင့်တွေကို ယူပြီး စက်ဘီးနဲ့ဖြစ်ဖြစ်၊ လမ်းလျှောက်ဖြစ်ဖြစ် နီးစပ်ရာ ရထားဘူတာသို့ ယူဆောင်သွားပြီး ခေါင်းရွက်သယ်လို့ရတဲ့ သစ်သားသေတ္တာလိုမျိုးထဲကို ယူလာတဲ့ ထမင်းချိုင့်တွေကို စီထည့်တယ်။ အဲ့ဒီသစ်သားသေတ္တာကို ရထားပေါ်တင်ပြီး သွားပို့ရမယ့်ရုံးနဲ့ အနီးဆုံးဘူတာကို ပို့ဆောင်တယ်။ အဲ့ဒီနေရာရောက်ရင် နောက်တစ်ကြိမ် စီပြီး အခြားလုပ်သားတစ်ဦးထံ လွဲပြောင်းပြီး နေ့လယ်စာစားချိန်မတိုင်မီ ရုံးသို့ ပို့ဆောင်ပေးတယ်။ ပြီးရင်တော့ နေ့လယ်ခင်းမှာ အဲ့ဒီလုပ်ငန်းစဉ်တွေဟာ ပြောင်းပြန်ဖြစ်သွားပြီး ထမင်းချိုင့်တွေကို မူလဖောက်သည်ရဲ့အိမ်တွေကို ပြန်ပို့ပေးတယ်။

         မြို့တော်ရှိ Dabbawala ၅,၀၀၀ ခန့်မှာ အံ့သြဖွယ်ရာ ဝန်ဆောင်မှု မှတ်တမ်းတစ်ခု ရှိတယ်။ သူတို့တွေဟာ အလုပ်ဖွင့်ရက်တွေမှာ ထမင်းဗူး ၁၃၀,၀၀၀ ကျော်ကို ကမ္ဘာ့လူဦးရေ စတုတ္ထမြောက် အများဆုံးမြို့ဖြစ်တဲ့ Mumbai တစ်မြို့လုံးအနှံ့ သယ်ယူပို့ဆောင်ပေးတယ်။ တစ်ပတ်ကို ခြောက်ရက်၊ တစ်နှစ်မှာ ၅၂ ပတ်၊ နေ့စဉ် နာရီခြောက်နာရီအတွင်း ထမင်းဗူးအလွဲအပြောင်း ၂၆၀,၀၀၀ ကျော်ကို ဆောင်ရွက်တဲ့အခါမှာလည်း အမှားအလွန်နည်းတယ်။ အံ့သြစရာကောင်းတာက Dabbawalas တွေဟာ စာတတ်မြောက်မှုအပိုင်းအားနည်းသူများဖြစ်လို့ ဒီလိုမျိုး စွမ်းဆောင်ရည်အဆင့်ကို IT စနစ် ဒါမှမဟုတ် မိုဘိုင်းဖုန်းတွေ အသုံးမပြုဘဲ ဘယ်လိုများလုပ်ဆောင်နိုင်ပါလိမ့်။

         Dabbawalas တွေရဲ့ အောင်မြင်မှုကတော့ “မှန်ကန်တဲ့ စနစ်တစ်ခု ရှိနေမယ်ဆိုရင် သာမန်လုပ်သားတွေဟာ အံ့သြဖွယ်ရာ ရလဒ်တွေကို ရရှိနိုင်ကြောင်း” သက်သေပြချက်ဖြစ်တယ်။

         စတင်တည်ထောင်ခဲ့တဲ့ ၁၈၉၀ ခုနှစ်ကနေ ဒီနေ့အထိရပ်တည်နိုင်လို့ ကမ္ဘာတစ်ဝှမ်းက အာရုံစိုက်မှုများကို ရရှိခဲ့ပြီး ထင်ရှားတဲ့ ပုဂ္ဂိုလ်များဖြစ်တဲ့ Prince Charles၊ Richard Branson နဲ့ logistics ပိုင်းမှာ နာမည်ကြီးတဲ့ Federal Express ရဲ့ ဝန်ထမ်းတွေပါ လာရောက်လည်ပတ်လေ့လာခဲ့ပါတယ်။ သာမန်လို့ထင်ရတဲ့လုပ်ငန်းလေးက ဘာကြောင့်ဒီလောက်များ နှစ်ရှည်ရပ်တည်ပြီး အောင်မြင်နေရသလဲ။ အဲ့ဒီအကြောင်းကိုလေ့လာကြမယ်။

Dabbawala တွေရဲ့ အောင်မြင်မှု အခြေခံ ထောက်တိုင် (၄) ရပ်

၁။ ဖွဲ့စည်းပုံ - စနစ်တကျ ခွဲဝေစီမံခန့်ခွဲခြင်း

  • Dabbawala ၅,၀၀၀ ခန့်ကို လူ ၂၅ ယောက်ပါဝင်တဲ့ အုပ်စုငယ်ပေါင်း ၂၀၀ အဖြစ် ဖွဲ့စည်းထားတယ်။
  • ဒီအုပ်စုငယ်တွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်နယ်ပယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတယ်။
  • သူတို့ရဲ့ဖွဲ့စည်းပုံက flat organization ပုံစံဖြစ်လို့ ဖောက်သည်တွေအတွက် တစ်လကို ရူပီး ၄၀၀ သို့မဟုတ် ၅၀၀ ခန့် (သို့) အမေရိကန်ဒေါ်လာ ၇ မှ ၉ ဒေါ်လာခန့်သာ ပေးချေရတဲ့ ကုန်ကျစရိတ်နည်းတဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်စေခဲ့တယ် ဒီဝန်ဆောင်မှုဟာ နှစ်ပေါင်း ၁၀၀ ကျော် လုပ်ကိုင်ခဲ့ပေမယ့် ဘယ်သူမှ ဒါကို ပုံတူကူးနိုင်ခြင်းမရှိပေ။

၂။ စီမံခန့်ခွဲမှု - ဒီမိုကရေစီနည်းကျ ကိုယ်တိုင်အုပ်ချုပ်ခြင်း

  •  Dabbawala တွေဟာ သူတို့ကိုယ်တိုင် စီမံခန့်ခွဲကြတယ်။ ဝန်ထမ်းခန့်ခြင်း၊ ဖောက်သည်ရှာဖွေခြင်း၊ ဈေးနှုန်းညှိခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းတို့ကို အုပ်စုလိုက် ဆုံးဖြတ်ကြတယ်။
  • လုပ်သားတိုင်းဟာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး ဖောက်သည်များနှင့် နက်ရှိုင်းတဲ့ ယုံကြည်မှုဆက်ဆံရေး တည်ဆောက်နိုင်တယ်။
  • အုပ်ချုပ်ရေးကော်မတီများကို အုပ်စုများမှ ရွေးကောက်တင်မြှောက်ထားပြီး ကြီးကြပ်မှုပေးတယ်။

၃။ လုပ်ငန်းစဉ် - ရိုးရှင်းပေမယ့် တိကျခိုင်မာမှုရှိခြင်း

  • ရိုးရှင်းတဲ့ ကုဒ်စနစ် - ဒါဘာဗူးများပေါ်တွင် အရောင်၊ နံပါတ်နှင့် အက္ခရာများပါတဲ့ ရိုးရှင်းသည့် ကုဒ်စနစ်ကို အသုံးပြုတယ်။ ဒီစနစ်က စာတတ်မြောက်မှုနည်းတဲ့လုပ်သားတွေအတွက် လွယ်ကူစေပြီး ထမင်းချိုင့်တွေကို အမြန်စီဖို့ ခွင့်ပြုပေးတယ်။
  • ပြောင်းလွယ်ပြင်လွယ် လုပ်သားအင်အား - အုပ်စုတိုင်းတွင် အခက်အခဲဖြစ်ရင် ဘယ်လုပ်ငန်းစဥ်တွင်မဆို အစားထိုးဝင်ရောက်လုပ်ကိုင်နိုင်တဲ့လုပ်သားအပိုများ ထားရှိတယ်။ လုပ်သားအားလုံးက ထမင်းချိုင့်စုတယ်၊ စီတယ်၊ ပို့ဆောင်တယ် စတဲ့လုပ်ငန်းတာဝန်စုံကို လုပ်ကိုင်နိုင်စွမ်းရှိကြတယ်။
  • တင်းကျပ်တဲ့စံချိန်စံညွှန်းများ - ထမင်းချိုင့် အရွယ်အစားနဲ့ ပုံစံညီညာမှုကို တင်းကျပ်စွာ ထိန်းသိမ်းထားတယ်။ ဖောက်သည်တွေကိုလည်း သူတို့ရဲ့ထမင်းချိုင့်တွေ အချိန်မီပြင်ဆင်ရန် လိုက်နာစေတယ်။

၄။ ယဉ်ကျေးမှု - မိသားစုဓလေ့နှင့် ရည်မှန်းချက်တူညီခြင်း

  • စိတ်ဓာတ်: လုပ်သားများတွင် မိသားစုလိုမျိုး ပါဝင်တယ် ဆိုတဲ့ အားကောင်းတဲ့ ခံစားချက်ရှိပြီး တစ်ဦးကိုတစ်ဦး နက်ရှိုင်းစွာ ဂရုစိုက်ကြတယ်။
  • ရိုးရှင်းတဲ့ရည်မှန်းချက်: "အချိန်မီပို့ဆောင်ရန်" ဆိုတဲ့ ရိုးရှင်းခိုင်မာတဲ့ ရည်မှန်းချက်ကို အားလုံးက လက်ကိုင်ထားကြတယ်။ ဒီတာဝန်ကို ဘာသာရေးဆိုင်ရာ တာဝန်တစ်ရပ်အဖြစ် မြင်ကြတယ်။
  • ယဉ်ကျေးမှုတူညီခြင်း: လုပ်သားအများစုဟာ တူညီတဲ့ဒေသမှ လာကြပြီး တူညီတဲ့ နောက်ခံယဉ်ကျေးမှု၊ တန်ဖိုးထားမှုများနှင့် အလုပ်လုပ်သည့် ကျင့်ဝတ်ရှိကြသည်။ ဒါကြောင့် ညှိနှိုင်းဆောင်ရွက်မှု လွယ်ကူစေတယ်။

         Dabbawala အောင်မြင်မှုက မှန်ကန်စွာဒီဇိုင်းဆွဲထားတဲ့ စနစ်တစ်ခုရှိရင် သာမန်လုပ်သားများသည်လည်း အံ့သြဖွယ်ရာ ရလဒ်များရရှိနိုင်ကြောင်း သက်သေပြနေသည်။ ခေါင်းဆောင်တွေဟာ ကိုယ့်ကိုကိုယ် စနစ်ရဲ့ ဗိသုကာပညာရှင်များအဖြစ်မြင်ရန် လိုအပ်ပြီး ဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှု၊ လုပ်ငန်းစဉ်နှင့် ယဉ်ကျေးမှုတို့ကို ညီညွတ်အောင် ညှိယှက်ပေးဖို့ အရေးကြီးတယ်။ ဤထောက်တိုင်လေးရပ်အပြန်အလှန်အားဖြည့်ပေးရင် စနစ်တစ်ခုလုံး ခိုင်မာစေပါတယ်။

         ဘယ်လုပ်ငန်းတွင်မဆို၊ ရှုပ်ထွေးတဲ့နည်းပညာများ ဒါမှမဟုတ် အထူးချွန်ဆုံးသော ပညာရှင်များထက် ကောင်းမွန်စွာ ဒီဇိုင်းဆွဲထားတဲ့စနစ်တစ်ခုက ပိုမိုအရေးကြီးကြောင်း Dabbawala က သင်ကြားပေးနေပါတယ်။

         hbr.org မှ Mumbai’s Models of Service Excellence ဆောင်းပါးမှ သင့်တော်ရာကို ကောက်နှုတ် ဘာသာပြန်ထားပါတယ်။

References

Thomke, S., 2012. Mumbai's Models of Service Excellence. [Online]
Available at: https://hbr.org/2012/11/mumbais-models-of-service-excellence
[Accessed 28 September 2025].

 

Daw Myint Zu Phyo

BBM (NMDC), MBA (YUE)