လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ

လူ့ဘဝဆိုတာက အလွန်မှရှုပ်ထွေးလှပါတယ်။ နေ့စဉ်နဲ့အမျှ ကျွန်ုပ်တို့ဟာ မမျှော်လင့်ထားတဲ့ အခြေအနေတွေ၊ စိန်ခေါ်မှုတွေ ၊ လူပေါင်းစုံတွေနဲ့  ကြုံတွေ့ရပါတယ်။ ဒီလို အခြေအနေတွေက ကျွန်ုပ်တို့ရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းကို စမ်းသပ်လေ့ရှိပါတယ်။ အထူးသဖြင့် ဖိစီးမှုများတဲ့ အလုပ်ခွင်လိုမျိုး ပတ်ဝန်းကျင်တွေမှာ စိတ်အလိုမကျမှုနဲ့ ဒေါသတွေက အလွယ်တကူ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းက မမြင်ရတဲ့ ပြဿနာတွေကို ကိုယ်စီသယ်ဆောင်ထားတယ် ဆိုတဲ့ အသိတရားက ကျွန်ုပ်တို့ရဲ့ အမြင်နဲ့ တုံ့ပြန်မှုတွေကို လုံးဝပြောင်းလဲစေနိုင်ပါတယ်။

ကျွန်ုပ်တို့ဟာ နေ့စဉ်လူမှုဘဝတွေမှာ များသောအားဖြင့် အမြဲလိုလို အလျင်လိုနေတတ်ကြပါတယ်။ ယဉ်ကြောပိတ်ဆို့မှုတွေကြားမှာ ကားမောင်းနေချိန်ဖြစ်စေ၊ ရုံးခန်းထဲမှာ ပရောဂျတ်တစ်ခုကိုလုပ်ဆောင်နေချိန်ပဲ ဖြစ်စေ အရာရာကို အမြန်ပြီး မြောက်အောင်လုပ်ဆောင်ချင်စိတ်က လွှမ်းမိုးနေတတ်ကြပါတယ်။ တစ်ရက်မှာ လူတစ်ယောက်ဟာ ရုံးကိုသွားဖို့ ဘတ်စ်ကားစောင့်နေတုန်း အဖြစ်အပျက်တစ်ခု ကြုံခဲ့ရပါတယ်။ ပုံမှန် ဒီအချိန်ဆို ရောက်နေကျ ဘတ်စ်ကားက ဒီနေ့တော့ အတော်လေး နောက်ကျနေခဲ့ပါတယ်။ ထိုသူဟာ နာရီကို ကြည့်လိုက်ပြီး ရုံးချိန်အရမ်းကပ်နေတဲ့အတွက် ရုံးနောက်ကျမှာစိုးရိမ်လာပြီး စိတ်တိုလာခဲ့ပါတယ်။ "ဘာဖြစ်လို့ ဒီလောက် နောက်ကျနေရတာလဲ" လို့ တတွတ်တွတ် ရေရွတ်နေမိခဲ့ပါတယ်။ ခဏကြာတော့ ဘတ်စ်ကား ရောက်လာခဲ့ပြီး ကားထဲကနေ ခရီးသည်တစ်ယောက်က ဘီးတပ်ကုလားထိုင်နဲ့ ဆင်းလာတာကို တွေ့လိုက်ရပါတယ်။ ယာဉ်မောင်းက သူ့ကို ကူညီပြီး ဘီးတပ်ကုလားထိုင်ကို သေချာချပေးနေပါတယ်။ နောက်ထပ် ခရီးသည်တစ်ယောက်ကလည်း ကိုယ်လက်မသန်စွမ်းသူဖြစ်ပြီး အကူအညီနဲ့ ဆင်းလာတာကို တွေ့ရပြန်ပါတယ်။ ကားပေါ်ကနေဆင်းပြီး၊ ကားအောက်ကို ဘီးတပ်ကုလားထိုင်တင်တဲ့ လမ်းလျှောက်ပြားချပေးတာတွေ၊ ပြန်သိမ်းတာတွေလုပ်နေတာကြောင့် ပုံမှန်ထက် အချိန်ပိုကြာနေတာကို သဘောပေါက်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ဘတ်စ်ကားမှန်ပေါ်က "ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါ - ကျွန်ုပ်တို့သည် မသန်စွမ်းသူများကို ဝန်ဆောင်မှုပေးနေပါသည်" လို့ရေးထားတဲ့ စာသားလေးတစ်ခုကို မြင်လိုက်ရပါတယ်။ အာ့ဒါကိုမြင်မြင်ချင်းမှာပဲ ဒေါသတွေအလိုလို ပျောက်ကွယ်သွားခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ သူတို့လည်း သွားချင်တဲ့နေရာကို သွားဖို့ ရုန်းကန်နေရတာပဲ။ ဒီလိုမျိုးပဲ ကျွန်ုပ်တို့ နေစဉ်ဘဝမှာလဲ ကားမှန်ပေါ်ကစတစ်ကာလေးလိုမျိုး လူတိုင်းလူတိုင်းမှာ မရေးထားတဲ့ စတစ်ကာလေးတွေ ဘယ်လောက်ထိရှိ‌နေလဲဆိုတာ သတိမထားမိကြပါဘူး။  ဒါကြောင့် အာ့ဒီအဖြစ်အပျက်ကနေပြီးတော့ ကျွန်ုပ်တို့ကို လူ့သဘောသဘာဝနဲ့ ပတ်သက်ပြီး အလွန်အဖိုးတန်တဲ့ သင်ခန်းစာတစ်ခု ရခဲ့ပါတယ်။

လူတွေက ဘာကြောင့် စိတ်ရှည်သည်းခံဖို့အတွက် အခြားသူတွေရဲ့ ပြဿနာတွေကို သိရှိဖို့ လိုအပ်ရပါသလဲ။ ကားမှန်ပေါ်က အာ့ဒီစတစ်ကာသာ မရှိခဲ့ဘူးဆိုရင် စိတ်ရှည်နိုင်ပါ့မလား။ လူတွေရဲ့ နဖူးပေါ်မှာ သူတို့တို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဖြစ်တဲ့ “အလုပ်လက်မဲ့ဖြစ်နေတယ်"၊ "ရောဂါဆိုးတစ်ခုနဲ့ တိုက်ပွဲဝင်နေတယ်"၊ "မိသားစုပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်"၊ "စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံနေရတယ်"၊ "ချစ်ရသူ ဆုံးရှုံးသွားတယ်"၊ "အသုံးမကျသူလို ခံစားနေရတယ်"၊ "ငွေကြေး အဆင်မပြေဘူး" စသည်ဖြင့် ရေးသားထားတဲ့ စတစ်ကာများရှိနေမှ ကျွန်ုပ်တို့က သူတို့အပေါ် ပိုမို ကြင်နာမှုနဲ့ သည်းခံမှုတွေကို ပြသနိုင်မှာလား။ ဒီမေးခွန်းတွေရဲ့ အဖြေကတော့ ရှင်းပါတယ်။ ကျွန်ုပ်တို့ဟာ အခြားသူတွေရဲ့ အခက်အခဲတွေကို သိရှိမှသာ သည်းခံတတ်လာခြင်းထက်၊ လူတိုင်းမှာ မမြင်ရတဲ့ ပြဿနာ ကိုယ်စီရှိတယ်ဆိုတဲ့ အခြေခံအသိနဲ့ သည်းခံမှု၊ ကြင်နာမှုတို့ကို မွေးမြူသင့်ပါတယ်။ ဘာလို့လဲဆိုရင် လူတိုင်းမှာ မတူညီတဲ့ နောက်ခံအခြေအနေတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကို နေ့စဉ်ဘဝမှာ ရင်ဆိုင်ဖြတ်သန်းနေရလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်ကိုမဆို မတွေ့ဆုံခင် သူတို့ရဲ့ နဖူးပေါ်မှာ ကျွန်ုပ်တို့မမြင်နိုင်တဲ့ စတစ်ကာတစ်ခုကို ကပ်ထားတယ်လို့ စိတ်ကူးကြည့်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ သည်းခံနိုင်စွမ်းနဲ့ ကြင်နာစိတ်ကို အလွယ်တကူ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေ၊ လက်အောက်ငယ်သားတွေဟာ ရုံးထဲမှာ ပရော်ဖက်ရှင်နယ်ဆန်ဆန်၊ တက်တက်ကြွကြွနဲ့ အလုပ်လုပ်နေကြတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာ ဘယ်လိုပြဿနာတွေ ရင်ဆိုင်နေရတယ်ဆိုတာကိုတော့ ကျွန်ုပ်တို့မသိနိုင်ပါဘူး။ အာ့တာတွေက ဘာတွေဖြစ်နိုင်လဲဆိုတော့

  • ဘဝရဲ့ ဖိစီးမှုများ: တစ်ခါတလေ လုပ်ဖော်ကိုင်ဖက်တစ်ဦးက အိမ်ထောင်ရေး ပြိုကွဲမှုရဲ့ ဝမ်းနည်းမှုကို ဖုံးကွယ်ထားနိုင်ပါတယ်။ တချို့ကလည်း ချစ်ရသူ ဆုံးပါးသွားတဲ့ ဝေဒနာကို သည်းခံနေရတာမျိုး၊ ဒါမှမဟုတ် အိမ်မှာ နာမကျန်းတဲ့ မိဘ၊ ကလေးတွေကို ဂရုစိုက်နေရတာမျိုးတွေ ရှိနိုင်ပါတယ်။

  • ငွေကြေးနဲ့ အလုပ်အကိုင် ဖိအား: အိမ်ခြံမြေ ချေးငွေဖိအား၊ ကလေးပညာရေး ကုန်ကျစရိတ်တွေ၊ အလုပ်အကိုင် မတည်ငြိမ်မှုတွေကို စိုးရိမ်ပူပန်နေရတာမျိုးလည်းရှိနိုင်ပါတယ်။

  • စိတ်ကျန်းမာရေးနဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ စိန်ခေါ်မှုများ: စိတ်ဓာတ်ကျတာတွေ၊ စိုးရိမ်ပူပန်မှု လွန်ကဲတာတွေ၊ ADHD ဒါမှမဟုတ် အော်တစ်ဇင် လက္ခဏာတွေကို ဖုံးကွယ်ထားရသူတွေ၊ မိမိကိုယ်မိမိ တန်ဖိုးထားမှု နည်းပါးတာ ဒါမှမဟုတ် လူမှုရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ နေ့စဉ်ရုန်းကန်နေရသူတွေလည်း ရှိနိုင်ပါတယ်။

  • ကျန်းမာရေး ပြဿနာများ: နာတာရှည် နာဖျားနေသူ၊ ကုသမှုခံယူနေရသူ ဒါမှမဟုတ် မမြင်သာတဲ့ နာမကျန်းမှုတွေ (ဥပမာ- နာတာရှည် နာကျင်ကိုက်ခဲမှု ဝေဒနာ၊ မောပန်းလွယ်ခြင်း) ခံစားရသူတွေလည်း ရှိနိုင်ပါတယ်။

ဒီလို မမြင်ရတဲ့ စတစ်ကာတွေကို သူတို့ရဲ့ နဖူးမှာ ကပ်မထားပေမဲ့ ဒီအရာတွေဟာ သူတို့ရဲ့ စွမ်းဆောင်ရည်၊ စိတ်ဓာတ်၊ အခြားသူတွေနဲ့ ဆက်ဆံရေး၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်မှု ရှိနေတတ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ပိုပြီး နားလည်မှု၊ စိတ်ရှည်မှုနဲ့ စာနာမှုတွေ ထားရှိဖို့ အရေးကြီးပါတယ်။ သူတို့ ဘာတွေရင်ဆိုင်နေရတယ်ဆိုတာကို မသိနိုင်ပေမဲ့၊ ကျွန်ုပ်တို့ရဲ့ ကြင်နာတဲ့ ဆက်ဆံမှုက သူတို့အတွက် ကြီးမားတဲ့ အားအင်တစ်ခု ဖြစ်လာနိုင်ပါတယ်။

အလုပ်ခွင်မှာ ကြင်နာတယ်၊ စိတ်ရှည်တယ်ဆိုတာက ကြီးမားတဲ့ အင်အားတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ယုံကြည်မှုနဲ့ လုံခြုံမှုပတ်ဝန်းကျင် ဖန်တီးပေးပါတယ်။ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အားနည်းချက်တွေ၊ ဘဝဖိစီးမှုတွေကြောင့် အလုပ်မှာ အာရုံမစိုက်နိုင်တာကို နားလည်ပေးမယ့် ခေါင်းဆောင်၊ လုပ်ဖော်ကိုင်ဖက်တွေရှိတယ်ဆိုတာ သိတဲ့အခါ ပိုပြီးယုံကြည်မှုရှိလာပြီး ပွင့်ပွင့်လင်းလင်း ဆက်သွယ် လာနိုင်ပါတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးက ဖန်တီးမှုအသစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အကောင်းဆုံး နေရာတစ်ခုပါပဲ။ ဒါ့အပြင် ထိရောက်တဲ့ ဆက်သွယ်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ တစ်စုံတစ်ဦးရဲ့ အပြုအမူကို ချက်ချင်း မဝေဖန်ခင်၊ မှားယွင်းတဲ့ ကောက်ချက်တွေ မချခင် "သူတို့ရဲ့ နောက်ကွယ်က ဇာတ်လမ်းက ဘာဖြစ်နိုင်မလဲ" ဆိုပြီး ခဏရပ်ပြီး စဉ်းစားကြည့်တာက မလိုလားအပ်တဲ့ ပဋိပက္ခတွေနဲ့ အထင်အမြင်လွဲမှားမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒီလို စိတ်ရှည်မှုက ပွင့်လင်းပြီး နားလည်မှုရှိတဲ့ ဆက်သွယ်မှုကို ဖြစ်ပေါ်စေပါတယ်။ လူတစ်ဦးချင်းစီရဲ့ ရုန်းကန်မှုတွေကို နားလည်ပေးတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ပိုပြီး စည်းလုံးညီညွတ်တဲ့၊ အချင်းချင်း ထောက်ခံမှုပေးတတ်တဲ့ ယဉ်ကျေးမှုကို ဖန်တီးလာနိုင်ပါတယ်။ ဒါက အဖွဲ့အတွင်းမှာ ယုံကြည်မှု၊ သစ္စာစောင့်သိမှုနဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးပါတယ်။ စိတ်ရှည်ပြီး ကြင်နာတတ်တဲ့ ခေါင်းဆောင်တွေဟာ ဝန်ထမ်းတွေရဲ့ သစ္စာစောင့်သိမှုကို ပိုပြီး ရရှိလေ့ရှိပါတယ်။ ဝန်ထမ်းတွေကလည်း သူတို့ရဲ့ ခေါင်းဆောင်တွေကို ပိုမို လေးစားပြီး အလုပ်ကို ပိုပြီးအားစိုက်ထုတ် လုပ်ဆောင်လာတတ်ကြပါတယ်။

အလုပ်ခွင်မှာ ကျွန်ုပ်တို့အားလုံးဟာ ပိုပြီး စိတ်ရှည်သည်းခံနိုင်ဖို့၊ အချင်းချင်း နားလည်မှုရှိရှိ ဆက်ဆံနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကို လက်တွေ့ကျကျ ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတာ ကြည့်ရအောင်။

  • ချက်ချင်း မဝေဖန်မိဖို့: တစ်စုံတစ်ယောက်က အမှားတစ်ခုခု လုပ်မိတာပဲဖြစ်ဖြစ်၊ အလုပ်နောက်ကျတာပဲဖြစ်ဖြစ်၊ စိတ်အနှောင့်အယှက် ဖြစ်နေတာပဲဖြစ်ဖြစ် ချက်ချင်းဝေဖန်တာမျိုး မလုပ်ပါနဲ့။ ပထမဆုံးအနေနဲ့ ဘာတွေဖြစ်နေလဲဆိုတာကို နားလည်အောင် ကြိုးစားပါ။ "ဘာတွေဖြစ်နေလဲ၊ ကျွန်တော်/ကျွန်မ ဘယ်လိုကူညီပေးရမလဲ" လို့ မေးကြည့်ပါ။ ဒါက စိတ်ရှည်ခြင်းရဲ့ ပထမဆုံးခြေလှမ်းပါပဲ။

  • ကောင်းကောင်း နားထောင်တတ်ဖို့: လုပ်ဖော်ကိုင်ဖက်တွေက သူတို့ပြောချင်တာကို ပြောလာတဲ့အခါ အာရုံစိုက်ပြီး နားထောင်ပေးပါ။ တစ်ခါတလေ သူတို့က အကြံဉာဏ်တွေထက် နားလည်ပေးမယ့်သူကို ပိုလိုအပ်နေတတ်ပါတယ်။ စိတ်ဝင်တစား နားထောင်ပေးတာက သူတို့အတွက် ကြီးမားတဲ့အားတစ်ခု ဖြစ်စေပါတယ်။

  • လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပေးဖို့: တစ်စုံတစ်ယောက် အခက်အခဲကြုံနေရပြီဆိုရင် သူတို့ရဲ့ အလုပ်ဝန်ကို ခဏတာ ပေါ့ပါးသွားအောင် ကူညီပေးနိုင်ပါတယ်။ လိုအပ်တဲ့ အရင်းအမြစ်တွေ၊ အချက်အလက်တွေ ထောက်ပံ့ပေးတာမျိုး၊ ဒါမှမဟုတ် ကျန်းမာရေးနဲ့ မိသားစုအတွက် ခွင့်ယူခွင့်ရှိတာမျိုးတွေကို ပြန်သတိရအောင်ပြောပေးတာမျိုးနဲ့ ပံ့ပိုးပေးနိုင်ပါတယ်။ ဒါဟာ စာနာမှုနဲ့ လက်တွေ့ကျတဲ့ အကူအညီပေးခြင်းပါပဲ။

  • ကြင်နာတဲ့ စကားလုံးတွေ ရွေးချယ်ပြောဆိုဖို့: ကျွန်ုပ်တို့ ပြောတဲ့စကားလုံးတွေက ကြီးမားတဲ့ သက်ရောက်မှုရှိပါတယ်။ "ဒီနေ့ မင်း သိပ်အာရုံမစိုက်နိုင်ဘူးနဲ့တူတယ်၊ အဆင်ပြေရဲ့လား" လို့ မေးတာမျိုး၊ ဒါမှမဟုတ် "ဒီတစ်ခေါက် မမှားအောင် သေချာကြိုးစားပါ၊ ဒါပေမဲ့ မှားသွားရင်လည်း အတူတူ ပြင်ဆင်လိုက်ကြမယ်" ဒီလိုမျိုး အားပေးတဲ့စကားတွေ ပြောတာက လုပ်ဖော်ကိုင်ဖက်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေပြီး သူတို့ကို ပိုပြီး စိတ်လုံခြုံမှုရစေပါတယ်။

  • ကိုယ်ချင်းစာစိတ် (Empathy) ထားတတ်ဖို့: ကိုယ်တိုင်လည်း ခက်ခဲတဲ့အချိန်တွေ ဖြတ်သန်းဖူးတယ်ဆိုတာကို သတိရပါ။ အဲဒီလိုပဲ အခြားသူတွေရဲ့ အတွေ့အကြုံတွေကို နားလည်ဖို့ ကြိုးစားပါ။ ကိုယ်ချင်းစာစိတ်ထားခြင်းက ကျွန်ုပ်တို့ကို ပိုမို လူသားဆန်စေပြီး အချင်းချင်း ပိုမို နားလည်မှုရှိတဲ့ အလုပ်ခွင်ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပါလိမ့်မယ်။

ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တိုင်း၊ အဖွဲ့အစည်းထဲက လူတိုင်းမှာ သူတို့တစ်ဦးထဲပဲ ခံစားနေရတဲ့ ဘဝရဲ့ မမြင်ရတဲ့ “စတစ်ကာ”တွေ နဲ့ နေ့စဉ် ရုန်းကန်နေရတဲ့ "စစ်မြေပြင်" တွေရှိနေကြပါတယ်။ ဒီမမြင်ရတဲ့ ရုန်းကန်မှုတွေကို သတိမထားမိရင် စိတ်မရှည်တာ၊ မလိုမုန်းထားတာတွေက အလွယ်တကူဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ စိတ်ရှည်မှု၊ နားလည်မှုနဲ့ ကြင်နာမှုပြသမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ အလုပ်ခွင်ကို လူသားချင်း စာနာထောက်ထားမှုရှိတဲ့၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့၊ ယုံကြည်မှုရှိတဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲစေနိုင်ပါတယ်။ တစ်ခြားသူတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းကို မသိဘူးဆိုရင်တောင် သူတို့ရဲ့ မမြင်ရတဲ့ စတစ်ကာတွေကို လေးစားသည်းခံနိုင်တဲ့ စိတ်ရှည်မှုဆိုတဲ့ လက်နက်နဲ့ပဲ ကျွန်ုပ်တို့ဟာ အလုပ်ခွင်အတွင်းမှာ ပိုကောင်းတဲ့၊ ပိုထိရောက်တဲ့ ပတ်ဝန်းကျင်တစ်ခုကို အတူတကွ တည်ဆောက်နိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းဟာ မမြင်နိုင်တဲ့ တိုက်ပွဲတွေကို တိုက်နေကြရလို့ပါပဲ။ ဒါကြောင့် ကျွန်ုပ်တို့ တတ်နိုင်သမျှ လုပ်ပေးနိုင်တာကတော့ ကြင်နာစွာ စိတ်ရှည်ပေးဖို့ပဲ ဖြစ်ပါတယ်။

 

TechTarget ရဲ့ “Why empathy in the workplace is importantကိုဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။

 

Daw Thwet Shwe Yee Htun

B. Com, M.com**(MEUE)

Meiktila University of Economics