လုပ်ငန်းတွေကို ရေရှည်တည်တံ့အောင် နေရာယူစေမယ့် “စွမ်းဆောင်ရည်ထိန်းချုပ်မှု” လျှို့ဝှက်ချက်

             ရုတ်တရက် ဝယ်လိုအား မြင့်တက် တက်လာတဲ့အချိန်မှာ သင့်လုပ်ငန်းက အဆင်ပြေစွာ ကိုင်တွယ်နိုင်သလား?” ဒါမှမဟုတ် အော်ဒါတွေ အများကြီးရလာလို့ ပျော်ရမယ့်အစား "လုပ်အားမလုံလောက်မှု" နဲ့ "ဝယ်ယူသူတွေရဲ့ မကျေနပ်မှု" တွေနဲ့ပဲ ရင်ဆိုင်နေရသလား?

ဒီလို အခွင့်အလမ်းတွေကို လက်လွတ်မခံရအောင် ယနေ့ခေတ်လို  အပြောင်းအလဲမြန်တဲ့ စီးပွားရေးလောကမှာ စွမ်းဆောင်ရည် (Capacity) စီမံကိန်းချခြင်းနဲ့ ထိန်းချုပ်ခြင်း က လုပ်ငန်းတွေအတွက် လုံးဝ မရှိမဖြစ်ပါပဲ။ ဒီဆောင်းပါးထဲမှာ-

  • သင့်လုပ်ငန်းရဲ့ လုပ်အားအင်အား ကို ဘယ်လို အကောင်းဆုံး အသုံးချမလဲ?
  • ကြိုတင်မခန့်မှန်းနိုင်တဲ့ စိန်ခေါ်မှုတွေကို ဘယ်လို အကွက်မြင် ဖြေရှင်းမလဲ?
  • ဖောက်သည်တွေကို စိတ်ကျေနပ်စေပြီး ကုန်ကျစရိတ်ပါ သက်သာ စေမယ့် လျှို့ဝှက်ချက် နည်းဗျူဟာတွေ!

တွေကို လက်တွေ့ကျကျ ဥပမာတွေနဲ့တကွ ရှင်းပြပေးသွားပါမယ်။

စွမ်းဆောင်ရည် (Capacity) ဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ?

စွမ်းဆောင်ရည် ဆိုတာကို ရိုးရှင်းစွာ ပြောရရင်... သင့်လုပ်ငန်းက လက်ရှိ ရှိတဲ့ လူအင်အား၊ စက်ကိရိယာနဲ့ ပစ္စည်းတွေကို အသုံးပြုပြီး သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုအတွင်း အများဆုံး ထုတ်လုပ်နိုင်တဲ့ ပမာဏ ကို ပြောတာပါ။

ဥပမာ- သင့်ရဲ့ ကော်ဖီဆိုင်မှာ ဘာရီစ်တာ ၂ ယောက်ရှိတယ်။ တစ်ယောက် တစ်နာရီကို ကော်ဖီ (၁၅) ခွက် ပြင်နိုင်ရင်၊ သင့်ဆိုင်ရဲ့ စွမ်းရည် က တစ်နာရီကို ကော်ဖီအခွက်ရေ (၃၀) ပဲ ဖြစ်ပါတယ်။ နေ့လည်စာစားချိန်မှာ ကော်ဖီအခွက်ရေ စုစုပေါင်း (၄၀) လောက် အော်ဒါဝင်လာရင်... ဒုက္ခရောက်မယ်ဆိုတာ သင်သိပါလား?

Capacity Planning (စွမ်းဆောင်ရည် စီမံကိန်းချခြင်း) ရဲ့ ရည်ရွယ်ချက်ကတော့... လက်ရှိနဲ့ အနာဂတ် ဝယ်လိုအား ကို ဖြည့်ဆည်းနိုင်ဖို့အတွက် သင့်မှာ လူအင်အား၊ စက်ပစ္စည်း၊ နေရာ နဲ့ ကုန်ကြမ်း တွေ လုံလောက်မှုရှိစေဖို့ ကြိုတင်ပြင်ဆင်တာပါပဲ။ ဒါမှ ရှိတာတွေ အလဟဿ မဖြစ် ပဲ လုပ်ငန်းလည်ပတ်မှု စရိတ် အထိရောက်ဆုံး ဖြစ်မှာပါ။

 

စွမ်းရည် စီမံကိန်းချပုံ (၃) မျိုး

အနာဂတ် ဝယ်လိုအားကို ကြိုတင်ခန့်မှန်းပြီး စွမ်းရည်ကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့ အချိန်ကာလအလိုက် ချမှတ်ရတဲ့ ဗျူဟာ (၃) မျိုး ရှိပါတယ်။

၁။ ရေရှည် စီမံကိန်း (Long-Term)

  • အချိန်: ၁ နှစ်ကနေ ၃ နှစ်အထိ
  • အဓိက အာရုံစိုက်ရမှာက ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။
  • ဥပမာ: "စက်ရုံအသစ် ဆောက်မလား?"၊ "ဈေးကွက်အသစ်ကို ချဲ့မလား?"၊ "တန်ဖိုးကြီး စက်ကြီးတွေ ဝယ်မလား?" စသဖြင့် စဉ်းစားရတာပါ။

၂။ အလယ်အလတ် စီမံကိန်း (Medium-Term)

  • အချိန်: ၃ လကနေ ၁ နှစ်ခွဲအထိ
  • အဓိက အာရုံစိုက်ရမှာက လုပ်သားအင်အားနဲ့ ပြင်ပပူးပေါင်းဆောင်ရွက်မှုတွေပဲ ဖြစ်ပါတယ်။
  • ဥပမာ: "လူသစ်တွေ ထပ်ခေါ်ရမလား?"၊ "အပြင်က ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ (Outsourcing) တွေနဲ့ လက်တွဲမလား?" စသဖြင့် စီစဉ်ရတာပါ။

၃။ ရေတို စီမံကိန်း (Short-Term)

  • အချိန်: နေ့စဉ်ကနေ ၃ လအတွင်း
  • အဓိက အာရုံစိုက်ရမှာက တော့ လက်တွေ့ လုပ်ငန်းလည်ပတ်မှု ဆုံးဖြတ်ချက်တွေပဲ ဖြစ်ပါတယ်။
  • ဥပမာ: "ဒီနေ့ ဝန်ထမ်းတွေကို အချိန်ပိုဆင်းခိုင်းရမလား?"၊ "ဘယ်အဖွဲ့က လူကို ဘယ်နေရာကို ပြောင်းသုံးရမလဲ?" စသဖြင့် ချက်ချင်း ညှိနှိုင်းရတာပါ။

 

စွမ်းဆောင်ရည် ထိန်းချုပ်ခြင်းဆိုတာ

Capacity Control (စွမ်းဆောင်ရည် ထိန်းချုပ်ခြင်း) ဆိုတာကတော့... သင် စီစဉ်ထားတာနဲ့ လက်တွေ့ အခြေအနေကို စောင့်ကြည့်ပြီး ဝယ်လိုအား ရုတ်တရက် ပြောင်းလဲလာရင် အမြန်ဆုံး ပြင်ဆင် တာကို ဆိုလိုတာပါ။ ဒါမှ လုပ်ငန်းလည်ပတ်မှုမှာ ပိတ်ဆို့မှု (Bottlenecks) တွေ မဖြစ်တော့ဘဲ ဝန်ဆောင်မှု အရည်အသွေးကို ထိန်းထားနိုင်မှာပါ။

လက်တွေ့ ဥပမာ: ဖုန်းတွေ ရုတ်တရက် အများကြီး ဝင်လာတယ်ဆိုပါစို့။ မန်နေဂျာက ချက်ချင်းပဲ... "အခြားအလုပ်အားနေတဲ့ ဝန်ထမ်းတွေကို ခေါ်ပြီး ဖုန်းဖြေခိုင်းမယ်" (သို့) "ဒီနေ့ အချိန်ပိုဆင်းဖို့ အပိုငွေပေးမယ်" ဆိုပြီး ဆုံးဖြတ်တာမျိုးက စွမ်းရည်ထိန်းချုပ်ခြင်းပါပဲ။

 

စွမ်းရည်နဲ့ ဝယ်လိုအား ညှိတဲ့ နည်းဗျူဟာ (၃) ခု

သင့်လုပ်ငန်းရဲ့ သဘောသဘာဝအရ ဒီဗျူဟာ (၃) ခုထဲက တစ်ခုကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။

၁။ ပုံသေစွမ်းရည် ဗျူဟာ (Level Capacity Strategy)

  • ဘယ်လိုလုပ်သလဲ ဆိုရင် ………  ဝယ်လိုအား ဘယ်လိုပဲ အတက်အကျရှိပါစေ၊ လုပ်အားအင်အားကို ပုံသေ ထားတယ်။
  • အားသာချက်: ဝန်ထမ်းတွေ စိတ်တည်ငြိမ်ပြီး စီမံခန့်ခွဲရ လွယ်တယ်။
  • အားနည်းချက်: အော်ဒါနည်းရင် လူတွေ အားနေမယ် (အလေအလွင့်ဖြစ်မယ်)။ အော်ဒါများရင်တော့ ဖောက်သည်တွေ စောင့်ရမယ် (အခွင့်အရေး ဆုံးရှုံးမယ်)။

၂။ ဝယ်လိုအားလိုက်ပြောင်း ဗျူဟာ (Chase Demand Strategy)

  • ဘယ်လိုလုပ်သလဲ ဆိုရင် …………… ဝယ်လိုအား များလာရင် လူအင်အား၊ စက်အင်အားကို ချက်ချင်း တိုးလိုက်တယ်။
  • အားသာချက်: ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို အမြန်ဆုံး တုံ့ပြန်နိုင်တယ်။
  • အားနည်းချက်: ဝန်ထမ်းခန့်တာ၊ ထုတ်တာ၊ အချိန်ပိုပေးတာတွေကြောင့် လုပ်ငန်းက ရှုပ်ထွေးပြီး ကုန်ကျစရိတ် မြင့်တက် နိုင်တယ်။

၃။ ဝယ်လိုအား စီမံခန့်ခွဲ ဗျူဟာ (Demand Management Strategy)

  • ဘယ်လိုလုပ်သလဲဆိုရင် ………….. ဈေးနှုန်းနဲ့ ပရိုမိုးရှင်းတွေ ကို အသုံးပြုပြီး ဖောက်သည်တွေကို ဝယ်လိုအားနည်းတဲ့ အချိန်ဘက်ကို ရွှေ့ခိုင်းတယ်။ (ဥပမာ - လူနည်းချိန်မှာ ဈေးလျှော့ပေးတာ)။
  • အားသာချက်: လက်ရှိရှိတဲ့ စွမ်းရည်ကို အထိရောက်ဆုံး အသုံးချ လို့ရတယ်။
  • အားနည်းချက်: ဈေးကွက်နဲ့ လုပ်ငန်းလည်ပတ်မှုဌာနတွေ အချိတ်အဆက်၊ အဆက်အသွယ် ကောင်းဖို့ လိုအပ်တယ်။

စွမ်းဆောင်ရည် စီမံခန့်ခွဲမှုလုပ်နိုင်ရင် ရလာမယ့် အကျိုးကျေးဇူးတွေကတော့ 

  1. ဖောက်သည် ကျေနပ်မှု: သူတို့လိုချင်တဲ့ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို မပျက်မကွက် အချိန်မီ ရရှိစေတယ်။
  2. ကုန်ကျစရိတ် သက်သာ: အားနေတဲ့ လူအင်အား သို့မဟုတ် အလဟဿဖြစ်တဲ့ ကုန်ကြမ်းတွေ မရှိတော့လို့ ငွေကုန်ကြေးကျ သက်သာ တယ်။
  3. ဝင်ငွေ မဆုံးရှုံးတော့: ပစ္စည်းပြတ်တာ၊ အော်ဒါနောက်ကျတာကြောင့် ရောင်းအားဆုံးရှုံးတာမျိုး မဖြစ်တော့ဘူး။
  4. ရေရှည် အကျိုး: စနစ်တကျရှိတဲ့အတွက် လုပ်ငန်းက တည်ငြိမ်ပြီး ဈေးကွက်ပြိုင်ဆိုင်မှုမှာ အားသာချက် ရရှိစေတယ်။

နိဂုံးချုပ် ပြောရရင် 

စွမ်းဆောင်ရည် စီမံကိန်းချခြင်းနဲ့ ထိန်းချုပ်ခြင်း ဟာ လုပ်ငန်းလည်ပတ်မှု စီမံခန့်ခွဲရေးရဲ့ အုတ်မြစ် ပဲ ဖြစ်ပါတယ်။ ဝယ်လိုအားကို သေချာ ခန့်မှန်းပြီး သင့်ရဲ့ လူအင်အားနဲ့ ပိုင်ဆိုင်မှုတွေကို လိုအပ်သလို လိုက်လျောညီထွေ ညှိနှိုင်း အသုံးပြုခြင်းကသာ... ဖောက်သည်တွေကို ပိုကောင်းတဲ့ ဝန်ဆောင်မှုပေးနိုင်စေပြီး ကုန်ကျစရိတ်ကိုပါ ထိန်းညှိနိုင်မှာပါ။

ဒီဗျူဟာတွေကို အကောင်အထည်ဖော်ခြင်းအားဖြင့် သင့်ကုမ္ပဏီဟာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး၊ အခြေအနေတိုင်းကို အမြန်ဆုံး တုံ့ပြန်နိုင်ကာ၊ ရေရှည်တည်တံ့ခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပါလိမ့်မယ်!

       သင်ရော... သင့်လုပ်ငန်းရဲ့ ဝယ်လိုအား အတက်အကျနဲ့ စွမ်းဆောင်ရည်ကို ကိုက်ညီအောင် ဘယ်လို နည်းဗျူဟာတွေ အသုံးပြုနေပါသလဲ?

References

Heizer, J. and Render, B. (2014) Operations Management: Sustainability and Supply Chain Management. 11th edn. Upper Saddle River, NJ: Pearson Education.

Saviom Software (2025) What is Capacity Forecasting? An Ultimate Guide for Project Success. Available at: https://www.saviom.com/blog/how-does-capacity-forecasting-help-build-a-future-ready-workforce/ (Accessed: 26 September 2025).

IBM (2025) What Is Capacity Planning? [Online] Available at: https://www.ibm.com/think/topics/capacity-planning (Accessed: 26 September 2025).

Daw Hninn Pwint Oo
M.Com, B.Com** (MEUE)