လုပ်ငန်းခွင်တွင် ဝန်ထမ်းများ စိတ်အားထက်သန်မှု၏ အရေးပါပုံ

            ဒီစကားက လုပ်ငန်းခွင်အတွက် အမှန်ကန်ဆုံး သော့ချက်စကားတစ်ခွန်းပါပဲ။ ဒီနေ့လို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ကမ္ဘာကြီးမှာ အဖွဲ့အစည်းတစ်ခု အောင်မြင်ဖို့ဆိုတာ နည်းပညာ၊ ငွေကြေးအရင်းအနှီး စတာတွေထက် လူ့စွမ်းအားအရင်းအမြစ် (Human Capital) ကို ဘယ်လောက် ထိထိရောက်ရောက် အသုံးချနိုင်လဲဆိုတာက အရေးအကြီးဆုံး ဖြစ်လာပါတယ်။ လူ့စွမ်းအားထဲမှာမှ ဝန်ထမ်းတွေရဲ့ စိတ်အား ထက်သန်မှု (Employee Motivation) ဆိုတာဟာ ကုမ္ပဏီရဲ့ တိုးတက်မှုနဲ့ ရေရှည်တည်တံ့မှု အတွက် အဓိကကျလာပါတယ်။ ဝန်ထမ်းတွေ စိတ်အားထက်သန်မှ သူတို့ရဲ့ တာဝန်တွေကို တက်တက်ကြွကြွနဲ့ ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပြီး၊ ဒါက ကုမ္ပဏီတစ်ခုလုံးရဲ့ အောင်မြင်မှုကို တိုက်ရိုက် အကျိုးသက်ရောက်စေပါတယ်။ ဒီဆောင်းပါးမှာတော့ ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှု ဘာကြောင့် အရေးပါလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့မြှင့်တင်နိုင်သလဲ ဆိုတာ တွေကို အသေးစိတ်ဆွေးနွေးသွားပါ့မယ်။

စိတ်အားထက်သန်မှုဆိုသည်မှာ?

           စိတ်အားထက်သန်မှု ဆိုတာဟာ တစ်စုံတစ်ယောက် လုပ်ငန်းတစ်ခုခုကို တက်တက်ကြွကြွ၊ လုံ့လ ဝီရိယရှိရှိ လုပ်ဆောင်နိုင်အောင် တွန်းအားပေးတဲ့ စွမ်းအင်တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းခွင်နဲ့ ချိတ်ဆက်ပြီး ပြောရရင်တော့၊ ဝန်ထမ်းတွေဟာ သူတို့ရဲ့အလုပ်တာဝန်တွေကို စိတ်အားထက်သန်စွာ၊ စွမ်းဆောင်ရည် အပြည့်နဲ့ လုပ်ကိုင်လိုစိတ်၊ အလုပ်ပြီးမြောက်အောင်မြင်မှုကနေ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို မြင်လိုစိတ်တို့ ပါဝင်ပါတယ်။ စိတ်အားထက်သန်မှုရှိတဲ့ဝန်ထမ်းတွေဟာ သူတို့ရဲ့လုပ်ငန်းကို တာဝန် ကျေရုံသက်သက်မဟုတ်ဘဲ ပိုမိုကောင်းမွန်အောင်၊ ပိုပြီးထိရောက်အောင် စိတ်အားထက်သန်စွာနဲ့ လုပ် ဆောင်လေ့ရှိပါတယ်။ ဒီလိုစိတ်အားထက်သန်မှုဟာ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကို တိုးတက် စေရုံသာမက အဖွဲ့အစည်းတစ်ခုလုံး အတူတကွတိုးတက်အောင်လည်း ဦးဆောင်နိုင်ပါတယ်။

စိတ်အားထက်သန်မှုရှိခြင်း၏ အဓိကအကျိုးကျေးဇူးများ

           တက်ကြွပျော်ရွှင်နေတဲ့ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုဟာ မတူညီတဲ့အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါ တယ်။

(၁) စွမ်းဆောင်ရည် တိုးတက်ခြင်း (Improved Performance)

           စိတ်အားထက်သန်မှုရှိတဲ့ ဝန်ထမ်းတွေဟာ ပန်းတိုင်တွေ၊ လုပ်ငန်းတာဝန်တွေအပေါ် ပိုပြီးအာရုံစိုက် ပါတယ်။ ဒါကြောင့် သူတို့ရဲ့လုပ်ငန်းရလဒ်တွေဟာ အရည်အသွေးမြင့်မားပြီး ပိုမိုထိရောက်ပါတယ်။ ဥပမာအနေနဲ့၊ ရောင်းအားပန်းတိုင် (sales target) ကို စိတ်အားထက်သန်စွာ လိုက်မီဖို့ ကြိုးစားတဲ့ အရောင်းဝန်ထမ်းတစ်ဦးဟာ ရည်မှန်းချက်မရှိတဲ့ဝန်ထမ်းထက် ပိုမိုအောင်မြင်နိုင်ခြေမြင့်မားပါတယ်။

(၂) ဝန်ထမ်းထိန်းသိမ်းမှု ပိုမိုကောင်းမွန်ခြင်း (Higher Employee Retention)

           စိတ်အားထက်သန်မှုနည်းပါးတဲ့ ဝန်ထမ်းတွေဟာ အလုပ်ကနေ ထွက်ခွာနိုင်ခြေပိုများပါတယ်။ ဆန့်ကျင် ဘက်အားဖြင့်၊ အသိအမှတ်ပြုခံရပြီး စိတ်အားထက်သန်မှုအပြည့်ရှိတဲ့ ဝန်ထမ်းတွေဟာ လက်ရှိလုပ်ငန်း ခွင်အပေါ် သစ္စာရှိပြီး ရေရှည်လုပ်ကိုင်ဖို့ ဆုံးဖြတ်လေ့ရှိပါတယ်။ ဒါက ကုမ္ပဏီအတွက် ဝန်ထမ်းအသစ် ရှာဖွေခန့်ထားရမယ့် ကုန်ကျစရိတ်နဲ့ အချိန်တွေကို သက်သာစေပါတယ်။

(၃) တီထွင်ဖန်တီးနိုင်မှုနှင့် ဆန်းသစ်တီထွင်မှုများ ပေါ်ထွက်ခြင်း (Innovation and Creativity)

           စိတ်အားထက်သန်တဲ့ ဝန်ထမ်းတွေဟာ စိန်ခေါ်မှုတွေကို ပြဿနာအဖြစ်မမြင်ဘဲ အခွင့်အရေးအဖြစ် ရှုမြင်တတ်ပါတယ်။ သူတို့ဟာ အစဉ်အလာနည်းလမ်းတွေထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းအသစ် တွေကို စဉ်းစားကြံဆဖို့ တွန်းအားဖြစ်စေပါတယ်။ ဒီလို စိတ်အားထက်သန်တဲ့ပတ်ဝန်းကျင်တစ်ခုကနေပဲ လုပ်ငန်းအတွက် အဖိုးတန်တဲ့ ဆန်းသစ်တီထွင်မှုတွေ ပေါ်ထွက်လာလေ့ရှိပါတယ်။

(၄) အဖွဲ့အစည်း ယဉ်ကျေးကောင်းမွန်မှု (Positive Organizational Culture)

           စိတ်အားထက်သန်တဲ့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အပြုသဘောဆောင်တဲ့သဘောထားနဲ့ လုပ်ငန်းစိတ် ဓာတ်ကို အခြားလုပ်ဖော်ကိုင်ဖက်တွေဆီ ကူးစက်စေပါတယ်။ ဒါက လုပ်ငန်းခွင်တစ်ခုလုံးမှာ စည်းလုံး ညီညွတ်မှု၊ အပြန်အလှန်လေးစားမှုနဲ့ အကောင်းမြင်စိတ်ဓာတ်တွေ ပျံ့နှံ့စေပါတယ်။

စိတ်အားထက်သန်မှု မြှင့်တင်ရန် မူဝါဒနှင့် နည်းလမ်းများ

           ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှုကို မြှင့်တင်ဖို့ဆိုတာ စနစ်တကျနဲ့ ရေရှည်စီမံခန့်ခွဲရမယ့် ကိစ္စဖြစ်ပါ တယ်။ ဒီနေရာမှာ Abraham Maslow ရဲ့ Hierarchy of Needs Theory နဲ့ ချိတ်ဆက်ပြီး ရှင်းပြပါ့မယ်။ Maslow ရဲ့ သီအိုရီအရ လူသားတစ်ဦးရဲ့ လိုအပ်ချက်တွေဟာ အဆင့်ဆင့်ရှိပြီး အောက်ဆုံး အဆင့်က လိုအပ်ချက် ပြည့်စုံမှသာ အပေါ်အဆင့်ကို တက်လှမ်းနိုင်ပါတယ်။

အခြေခံလိုအပ်ချက်များ (Basic Needs)

           Maslow ရဲ့ Physiological နှင့် Safety လိုအပ်ချက်များဖြစ်တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခြေခံလို အပ်ချက်များ ပြည့်မီဖို့က အဓိကပါ။

  • သင့်လျော်စွာ ပေးချေသော လစာနှင့် ခံစားခွင့်များ: ဝန်ထမ်းတစ်ဦးရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ လစာ၊ ဘောနပ်စ် (bonus) နဲ့ ကော်မရှင် (commission) စနစ်များဟာ သူတို့ရဲ့ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်မှုကို ပံ့ပိုးပေးပါတယ်။
  • လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ပတ်ဝန်းကျင်: ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ လုံခြုံမှုရှိတဲ့ လုပ်ငန်းခွင်က ဝန်ထမ်းတွေကို အလုပ်အပေါ် အာရုံပိုစိုက်စေပါတယ်။

လူမှုရေးနှင့် လေးစားခံရမှုဆိုင်ရာ လိုအပ်ချက်များ (Social & Esteem Needs)

           ဒီအဆင့်ဟာ ဝန်ထမ်းတွေရဲ့ လူမှုဆက်ဆံရေး၊ တန်ဖိုးရှိမှုနဲ့ လေးစားခံရမှုတို့နဲ့ သက်ဆိုင်ပါတယ်။

  • အသိအမှတ်ပြုခြင်း (Recognition): ဝန်ထမ်းတစ်ဦးရဲ့ အောင်မြင်မှု၊ ကြိုးစားအားထုတ်မှုတွေကို အသိ အမှတ်ပြုခြင်းဟာ သူတို့ကို တန်ဖိုးရှိတယ်လို့ ခံစားရစေပါတယ်။ အသိအမှတ်ပြုမှုဟာ ငွေကြေးနဲ့ ဆိုင်တာမျိုး မဟုတ်ဘဲ၊ လူသိရှင်ကြားချီးမွမ်းခြင်း (public praise)၊ ဆုချီးမြှင့်ခြင်း စတာတွေလည်း ပါဝင် နိုင်ပါတယ်။
  • ပုံမှန်တုံ့ပြန်ချက်ပေးခြင်း (Regular Feedback): လုပ်ငန်းခွင်မှာ တုံ့ပြန်ချက်ပုံမှန်ပေးခြင်းဖြင့် ဝန်ထမ်း တွေဟာ သူတို့ရဲ့စွမ်းဆောင်ရည်ကိုသိရှိပြီး ပိုမိုတိုးတက်အောင်ကြိုးစားဖို့ လမ်းညွှန်မှုရရှိစေ ပါတယ်။
  • ပါဝင်ဆောင်ရွက်မှု (Participative Management): ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ ဝန်ထမ်းတွေရဲ့ အကြံ ဥာဏ်တွေကို တန်ဖိုးထားပြီး ထည့်သွင်းစဉ်းစားပေးခြင်းက သူတို့ကို လုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် ခံစားရစေပြီး ပိုမိုတာဝန်ယူစိတ်ရှိစေပါတယ်။

ကိုယ်ပိုင်စွမ်းရည် အပြည့်အဝ အသုံးချလိုမှု (Self-Actualization Needs)

           ဒါက Maslow ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်ပြီး ဝန်ထမ်းတွေဟာ သူတို့ရဲ့ အလားအလာအပြည့်အဝကို အသုံး ချပြီး ကိုယ်တိုင်တိုးတက်မှုတွေ ဖန်တီးလိုစိတ်ရှိပါတယ်။

  • အလုပ်ဖွံ့ဖြိုးရေးနည်းလမ်းများ (Career Development): ဝန်ထမ်းတွေကို သင်တန်းတွေ၊ အလုပ်ရုံဆွေး နွေးပွဲတွေ ပို့ပေးခြင်း၊ စီနီယာဝန်ထမ်းတွေနဲ့ mentorship အစီအစဉ်တွေ လုပ်ပေးခြင်းက သူတို့ရဲ့ ကျွမ်းကျင်မှုကို တိုးတက်စေပြီး ရေရှည်တိုးတက်ရာ လမ်းကြောင်းကို ဖန်တီးပေးပါတယ်။
  • အလုပ်-ဘဝ ဟန်ချက်ညီမှု (Work-life Balance): ဝန်ထမ်းတွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် လိုအပ်တဲ့ အနားယူချိန်ရဖို့ အရေးကြီးပါတယ်။ အချိန်ပိုဆင်းရမှု (overtime) လျှော့ချခြင်း၊ အားလပ်ရက်များပေးခြင်းက စိတ်ပင်ပန်းမှု (burnout) ဖြစ်ခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။

           အချုပ်အားဖြင့်ဆိုရသော် လုပ်ငန်းတစ်ခုအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့အောင်မြင်မှုဟာ အမြတ်အ စွန်း၊ နည်းပညာ စတာတွေအပေါ်မှာ မူတည်တာထက် လူသားစွမ်းအားအပေါ်မှာပဲ အခြေခံပါတယ်။ စိတ်အားထက်သန်ပြီး ပျော်ရွှင်တဲ့ဝန်ထမ်းတွေဟာ သူတို့ရဲ့ အလုပ်ကို သစ္စာရှိစွာ လုပ်ကိုင်ရုံသာမက ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေနဲ့ တစ်သားတည်းကျစွာ တိုးတက်အောင်မြင်ဖို့အတွက်လည်း အဖိုးမဖြတ် နိုင်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေနဲ့ စီမံခန့်ခွဲသူတွေအနေနဲ့ ဝန်ထမ်း တွေရဲ့ စိတ်အားထက်သန်မှုကိုမြှင့်တင်ပေးမယ့် မူဝါဒတွေနဲ့ နည်းလမ်းတွေကို ယနေ့ကစလို့ အကောင် အထည်ဖော်ကြပါစို့။

 

Daw May Ye Myint Zon
BBM (Q), BA (Eng), MBA

Reference List

  1. Maslow, A. H. (1943). A theory of human motivation. Psychological Review, 50(4), 370-396.
  2. Locke, E. A., & Latham, G. P. (2002). Building a practically useful theory of goal setting and task motivation. American Psychologist, 57(9), 705–717.
  3. Pink, D. H. (2009). Drive: The surprising truth about what motivates us. Riverhead Books.
  4. Herzberg, F. (1959). The motivation to work. John Wiley & Sons.