လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
ဂျပန်နိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ အရည်အသွေးမြင့်မားမှု၊ တိကျမှုနဲ့ စွမ်းဆောင်ရည် မြင့်မားမှုတို့အတွက် ကျော်ကြားပါတယ်။ ဘာကြောင့် ဒီလိုတိတိကျကျနဲ့ အရည်အသွေးမြင့်မားပြီး ထိရောက်မှု ရှိလဲဆိုတာ သိချင်ကြတယ်မလား။ သူတို့ရဲ့ လျှို့ဝှက်ချက်က ရိုးရှင်းပါတယ်။ 5S လို့ခေါ်တဲ့ နည်းစနစ် ပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကို သေချာလိုက်နာရင် ကိုယ့်အလုပ်ခွင်ကို သန့်ရှင်းပြီး စနစ်ကျတဲ့နေရာ တစ်ခုအဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။
5S ဆိုတာဘာလဲ။
5S ဆိုတာ ဂျပန်စကားလုံး ၅ လုံးရဲ့ အတိုကောက်ဖြစ်ပြီး အလုပ်ခွင်ကို စနစ်ကျစွာ စီမံခန့်ခွဲဖို့၊ စွမ်းဆောင်ရည် မြှင့်တင်ဖို့နဲ့ ဘေးကင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့ ရည်ရွယ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ S အက္ခရာနဲ့ စတဲ့ ဂျပန်စကားလုံး ၅ လုံးကို အခြေခံပါတယ်။
5S ရဲ့ အဆင့် (၅) ဆင့်
1. Seiri (整理) - ခွဲခြားသတ်မှတ်ခြင်း
ပထမဆုံးအဆင့်မှာ ကိုယ့်ရဲ့စားပွဲ၊ အခန်းနဲ့ အလုပ်ခွင်တစ်ဝိုက်က ပစ္စည်းအားလုံးကို သေချာစီစစ် ကြည့်ပါ။ ဒီဟာက အခုအချိန်မှာ တကယ်လိုအပ်သေးလား? မလိုအပ်ဘူးဆိုရင်တော့ သူ့ကို နေရာမှ ဖယ်ရှား လိုက်ပါ။ မသုံးတော့တဲ့ ဖိုင်တွဲဟောင်းတွေ၊ ကိရိယာအဟောင်းတွေ၊ စက္ကူစုတ်တွေကို ရှင်းထုတ်လိုက် တာနဲ့တင် နေရာလွတ်တွေ ပေါ်လာပြီး ကိုယ်လိုချင်တဲ့ပစ္စည်းကို ချက်ချင်းရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။
2. Seiton (整頓) - စနစ်တကျထားရှိခြင်း
လိုအပ်တဲ့ပစ္စည်းတွေကို ဘယ်နေရာမှာ ဘယ်လိုထားရမယ်ဆိုတာ ကြိုတင်သတ်မှတ်ထားပါ။ ပစ္စည်းတိုင်းအတွက် သူ့နေရာနဲ့သူ သတ်မှတ်ပေးထားရင် ရှုပ်ပွနေတာမျိုး မဖြစ်ဘဲ လိုတဲ့အခါ လွယ်လွယ် ကူကူယူသုံးလို့ရအောင် အမှတ်အသားကပ်တာ၊ ပုံးခွဲသိမ်းတာ စတဲ့နည်းလမ်းတွေနဲ့ စနစ်တကျထားရှိဖို့ လိုပါတယ်။
3. Seiso (清掃) - သန့်ရှင်းရေးပြုလုပ်ခြင်း
အလုပ်လုပ်ရတဲ့နေရာကို သန့်သန့်ရှင်းရှင်းထားဖို့က အရမ်းအရေးကြီးပါတယ်။ ညစ်ပတ်နေရင် စိတ်ညစ်ရတာကစလို့ ပစ္စည်းတွေပျက်စီးတာအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် (သို့မဟုတ်) ပုံမှန်အချိန် ဇယားဆွဲပြီး သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ကိုယ်သုံးနေကျ ကွန်ပျူတာ၊ စားပွဲ၊ ကိရိယာတွေကိုပါ ပုံမှန်သန့်ရှင်း ပေးရင် သူတို့လည်း ကြာကြာခံမယ်၊ ကိုယ်ကလည်း ကျန်းမာပျော်ရွှင်စွာနဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
4. Seiketsu (清潔) - စံချိန်ချမှတ်ခြင်း
ပထမ S ၃ ခုကို ပုံမှန်လုပ်နေဖို့ဆိုရင် စံသတ်မှတ်ချက်တွေ လိုအပ်ပါတယ်။ ဘယ်လိုခွဲရမယ်၊ ဘယ်လို ထားရမယ်၊ ဘယ်လိုသန့်ရှင်းရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းလေးတွေ ချမှတ်ထားဖို့ လိုပါတယ်။ ဒီလိုဆိုမှသာ လုပ်ငန်းခွင်တစ်ခုလုံး စနစ်တကျနဲ့ ညီညာနေမှာပါ။
5. Shitsuke (躾) - စည်းကမ်းတည်ဆောက်ခြင်း
ဒီအဆင့်ကတော့ အားလုံးထဲမှာ အရေးအကြီးဆုံးပါပဲ။ 5S ကို တစ်ခါတလေလုပ်ပြီး ရပ်ထားလိုက်ရင် ဘာမှအဓိပ္ပာယ်မရှိပါဘူး။ ဒါကို မိမိတို့ရဲ့ နေ့စဉ်အလေ့အထတစ်ခုအနေနဲ့ ပုံမှန်လုပ်သွားဖို့နဲ့ စည်းကမ်း တစ်ခုအနေနဲ့ ထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်။ ပုံမှန်စစ်ဆေးပြီး ဆက်လက်လုပ်ဆောင်သွားမှသာ 5S ရဲ့ အကျိုးကျေးဇူးတွေကို ရေရှည်ခံစားရမှာဖြစ်ပါတယ်။။
5S ရဲ့ အကျိုးကျေးဇူးများ
5S နည်းစနစ်ကို စနစ်တကျအသုံးပြုမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေ ရရှိစေပါတယ်။
- စွမ်းဆောင်ရည်တိုးတက်ခြင်း- အချိန်ကုန်သက်သာပြီး အလုပ်တွေ ပိုမိုမြန်ဆန်စွာ ပြီးမြောက် နိုင်ပါတယ်။
- ဘေးကင်းလုံခြုံမှု ရှိခြင်း - မြင်သာပြီး စနစ်ကျတဲ့ အလုပ်ခွင်ဟာ မတော်တဆမှုတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
- အရည်အသွေးမြင့်မားခြင်း - ညစ်ပတ်မှုတွေ၊ အမှားအယွင်းတွေကို လျှော့ချနိုင်ပြီး ထုတ်ကုန်ရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။
- ဝန်ထမ်းများစိတ်ဓာတ်မြင့်မားခြင်း - သန့်ရှင်းစနစ်ကျတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတာ ဝန်ထမ်း တွေအတွက် စိတ်ချမ်းသာစေပါတယ်။
5S ကို သေချာလိုက်နာရင် အလုပ်တွေပိုမြန်မြန်ပြီးမယ်၊ မတော်တဆမှုတွေ နည်းသွားမယ်၊ ထုတ်ကုန်ရဲ့အရည်အသွေး တက်လာမယ်၊ ဝန်ထမ်းတွေလည်း စိတ်ချမ်းသာပြီး စိတ်ဓာတ်မြင့်မားလာမယ်။ အိမ်မှာရော၊ ရုံးမှာရော၊ ကိုယ့်ဘဝတစ်ခုလုံးမှာပါ 5S ကို အသုံးချလို့ရပါတယ်။ ရိုးရှင်းတဲ့အဆင့်လေးတွေနဲ့ စပြီး ကိုယ့်ရဲ့အလုပ်ခွင်ကို ပိုကောင်းအောင် ပြောင်းလဲကြည့်လိုက်ပါစို့။
Daw Hsu Yee Paing
B.Act (YUEco)
References - https://newji.ai/japan-industry/mastering-workplace-efficiency-the-5s-methodology-from-japanese-manufacturing/
Latest Articles
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
4 days ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
4 days ago
Kaizen - နေ့တိုင်းနည်းနည်းချင်း ပိုကောင်းအောင် လုပ်ကြစို့
2 weeks ago
အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးစီမံခန့်ခွဲမှုစနစ်များရဲ့ အခန်းကဏ္ဍ
3 weeks ago
Halo Effect: သင့်ရဲ့ဆုံးဖြတ်ချက်တွေကို တိတ်တဆိတ် ထိန်းချုပ်နေသူ
3 weeks ago
