ကျွမ်းကျင်လုပ်သား ရှားပါးလာခြင်းပြဿနာ
ကမ္ဘာတစ်ဝန်းက စီးပွားရေးလုပ်ငန်းအများစု ကြုံတွေ့ခံစားရတဲ့ စိန်ခေါ်မှုတစ်ခုကတော့ လုပ်သား ရှားပါးမှု ပြဿနာပါပဲ။ ဒီပြဿနာက အခုလတ်တလောကာလအတွင်းမှာမှ ရင်ဆိုင်ခဲ့ရတာမဟုတ်ဘဲ လုပ်ငန်းနဲ့ကိုက်ညီတဲ့ ကျွမ်းကျင်လုပ်သားရှားပါးခြင်းက ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ခုအနေနဲ့ တောက်လျှောက်ရှိနေခဲ့တာပါ။ စီးပွားရေးလုပ်ငန်းခေါင်းဆောင်တွေရဲ့ သုံးပုံနှစ်ပုံက ပြီးခဲ့တဲ့ ၁၂ လအတွင်း လုပ်သားရှားပါးမှုကို ဆိုးဆိုးရွားရွား ခံစားခဲ့ရပါတယ်။ ဒီနေ့ခေတ်မှာ Generative AI လိုမျိုး ဆန်းသစ်တဲ့ နည်းပညာတွေ စတင်ထွန်းကားလာတာနဲ့အတူ အနာဂတ်ကာလတွေမှာ ခေတ်နဲ့လျော်ညီတဲ့ ကျွမ်းကျင်လုပ်သား တွေကို ရှာဖွေဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်လာပါပြီ။
ကျွမ်းကျင်လုပ်သားရှားပါးမှုဆိုတာဘာလဲ?
ကျွမ်းကျင်လုပ်သားရှားပါးမှုဆိုတာ company ရဲ့လိုအပ်ချက်နဲ့ ဝန်ထမ်းရဲ့အရည်အချင်း ကိုက်ညီမှု မရှိတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကစတင်ပြီး အမေရိကန်နိုင်ငံမှာ အလုပ်လစ်လပ်နေရာက အလုပ်လက်မဲ့ လူဦးရေထက် ပိုများနေတာကိုတွေ့ရပါတယ်။ ၂၀၂၃ ခုနှစ်ကုန်ဝန်းကျင်က ကောက်ယူခဲ့သော စစ်တမ်းများအရ Europe မှာ အလုပ်လစ်လပ်နေရာ တစ်သန်းအတွက် အခက်အခဲတွေရင်ဆိုင်ခဲ့ရပြီး Australia မှာတော့ အလုပ်လစ်လပ်နေရာလေးသိန်းကို ဖြည့်ဆည်းနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ Singapore မှာဆိုရင်တော့ ကျောင်းပြီးခါစလူငယ် ၁၀၀ တိုင်းအတွက် ရွေးချယ်စရာလစ်လပ်အလုပ် ၁၉၄ ခုရှိနေတယ်လို့ စစ်တမ်းမှာ တွေ့ခဲ့ရပါတယ်။
ဘယ်အရာတွေက ကျွမ်းကျင်လုပ်သားရှားပါးမှုဆီကိုဦးတည်စေတာလဲ?
အလုပ်သမားရှားပါးမှုက နေရာဒေသပေါ်လည်း မူတည်နေပါတယ်။ ဒီအလုပ်သမားရှားပါးမှုက ခေတ်သစ်သမိုင်းမှာ ကြီးမားတဲ့ အခက်အခဲတစ်ခုဖြစ်နေပြီး ဒီအခြေအနေကိုရင်ဆိုင်ဖို့ ကျွမ်းကျင်လုပ်သား ရှားပါးရတဲ့ အကြောင်းအရင်းတွေကိုသိဖို့လိုပါတယ်။
၁။ ကျွမ်းကျင်လုပ်သားအင်အားကျဆင်းလာခြင်း
ဝန်ထမ်းတွေရဲ့အရည်အချင်းက အသက်အရွယ်နဲ့ အလုပ်လုပ်လိုစိတ်ပေါ်မူတည်နေပါတယ်။ ဒီနှစ်ချက်ကို အလုပ်လုပ်နိုင်နှုန်းနဲ့ တိုင်းတာလေ့ရှိပါတယ်။ ဒါပေမဲ့ အလုပ်လုပ်လိုစိတ်က နေရာဒေသပေါ် မူတည်ပြီး ကွဲပြားလေ့ရှိပါတယ်။ Australia, Netherlands, Belgium, Brazil, Japan စတဲ့နိုင်ငံတွေမှာတော့ အသက်အရွယ်ပေါ်မူတည်ပြီး အလုပ်လုပ်နှုန်းက တည်ငြိမ်လေ့ရှိပါတယ်။ France, Canada, Spain နိုင်ငံတွေ မှာတော့ အလုပ်လုပ်လိုစိတ်နဲ့ အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာတာကိုတွေ့ရပါတယ်။ ဒါက Europe အတွက် ကြီးမားတဲ့ပြဿနာဖြစ်နေပြီး လုပ်ငန်းအနေနဲ့ အရည်အချင်းကိုက်ညီတဲ့ ဝန်ထမ်းတွေကိုရှာဖွေရတာ ပိုမိုခက်ခဲလာစေပါတယ်။
တချို့နိုင်ငံတွေမှာ အသက်ကြီးလာတဲ့ဝန်ထမ်းတွေက အနားယူကြတဲ့အတွက် အလုပ်လုပ်နှုန်း လျော့ကျ လေ့ရှိပြီး တချို့နိုင်ငံတွေမှာတော့ အသက် ၆၅ နှစ် ကျော်တဲ့အထိ အလုပ်ဆက်လုပ်ကြတဲ့အတွက် ကျွမ်းကျင် လုပ်သားရှားပါးမှုကို သက်သာစေပါတယ်။ နောက်တစ်ခုက ဝန်ထမ်းတွေရဲ့ စိတ်ခံစားချက်အရလည်း လုပ်သားအင်အားကို လျော့ကျစေပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၀၂၀ မှ နိုဝင်ဘာ ၂၀၂၁ ကြား အလုပ်ထွက်သူ လေးသိန်းထဲမှာ တစ်ဝက်နီးပါးက စိတ်ဓာတ်ကျခြင်းနဲ့ဆိုင်တဲ့ ပြဿနာကြောင့်ဖြစ်တယ်လို့ UK's Office of National Statistics မှ ဖော်ပြထားပါတယ်။ ဝန်ထမ်းတွေ စိတ်ခံစားချက်အတက်အကျပြဿနာကြောင့် တစ်ကမ္ဘာလုံးမှာ $1trillion လောက် ဆုံးရှုံးမှုဖြစ်ခဲ့တယ်လို့ WHO ကဖော်ပြခဲ့ဖူးပါတယ်။
၂။ အရည်အချင်းမပြည့်မီခြင်းနဲ့ လိုက်လျောညီထွေမှုမရှိခြင်း
၂၀၂၄ စစ်တမ်းအရ အသက်မွေးဝမ်းကျောင်းဆိုင်ရာလမ်းကြောင်းကိုရွေးချယ်ရာမှာ လုပ်ခလစာထက် အလုပ်နဲ့ကိုယ်ပိုင်အချိန် မျှတခြင်းကို ပိုဦးစားပေးကြောင်း တွေ့ရှိရပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေဘက်က ကမ်းလှမ်းတဲ့ လိုက်လျောညီထွေစွာအလုပ်လုပ်နိုင်ရမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့ ဝန်ထမ်းတွေရဲ့မျှော်လင့်ချက်က ကွဲလွဲနေပါတယ်။
စစ်တမ်းကောက်ယူရာမှာ ဖြေဆိုသူတွေရဲ့ ၃၉% က အိမ်ကနေအလုပ်လုပ်ခြင်းကို ကန့်ကွက်ကြပြီး ၃၇ % က ရုံးမှာအချိန်ပိုဆင်းရရင် အလုပ်ထွက်ဖို့စဉ်းစားမယ်လို့ ဖြေဆိုကြပါတယ်။ ဖြေဆိုသူတွေရဲ့ ၄၁% က ရုံးတက်ရောက်ခြင်းကို စည်းကမ်းတင်းကျပ်ထားခြင်းခံရတယ်လို့ ဆိုပါတယ်။ လိုက်လျောညီထွေမှုရှိတဲ့ အရည်အချင်းက နေရာဒေသနဲ့တည်နေရာပေါ် မူတည်ပြီး မကန့်သတ်ထားပါဘူး။ ၄၁ % သောဖြေဆိုသူတွေက အလုပ်အချိန် လိုက်လျောညီထွေမှုကို ပိုအလေးထားပြီး ၃၇% ကတော့ အလုပ်တည်နေရာ လိုက်လျော ညီထွေမှုကို ပိုအလေးထားပါတယ်။
၃။ အသက်အရွယ်ကြီးသူများလာခြင်း
ကျွမ်းကျင်လုပ်သားရှားပါလာမှုရဲ့နောက်တစ်ချက်အနေကတော့ တစ်ကမ္ဘာလုံးမှာ အသက်အရွယ် ကြီးသူတွေများလာခြင်းပါပဲ။ အလုပ်အနားယူတဲ့သူ၊ အလုပ်ထွက်တဲ့သူတွေများလာပြီး အလုပ်ဝင်တဲ့သူတွေ နည်းလာတာက လုပ်ငန်းရှင်တွေအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။
၄။ နည်းပညာဆိုင်ရာ အရည်အချင်းကွာဟမှု
နည်းပညာဆိုင်ရာ အရည်အချင်းကွာဟမှုက Digital economy မှာ အဖွဲ့အစည်းတွေတိုးတက်ဖို့အတွက် နှောင့်နှေးစေပါတယ်။ အလုပ်အနားယူသွားကြတဲ့သူတွေရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံတွေကို အစားထိုးဖို့ ခက်ခဲလာတာဟာ အဆင့်မြင့်နည်းပညာတွေကိုအသုံးပြုလို့ပဲ ဖြစ်ပါတယ်။
ကျွမ်းကျင်လုပ်သားရှားပါးမှုက ဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်လဲ?
ကျွမ်းကျင်လုပ်သားရှားပါးမှုက Company ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေရုံသာမကဘဲ လူ့အဖွဲ့အစည်းကိုပါ ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။ ဉပမာ Supply Chain အပိုင်းမှာ ကျွမ်းကျင်လုပ်သား ရှားပါးရင် ကုန်ပစ္စည်းမလုံလောက်တာမျိုးတွေ ကြုံရနိုင်ပြီး စားသောက်ဆိုင်လုပ်ငန်းတွေမှာ လျှော့ရောင်း ရတာမျိုးတွေ၊ ဆိုင်ကိုစောစောပိတ်ရတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာ ခြင်းကြောင့် ကျွမ်းကျင်လုပ်သားရှာပါးမှုအပေါ် ထိခိုက်စေပါတယ်။ နည်းပညာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှုက နည်းပညာအသစ်တွေ ထပ်ပြီးတီထွင်ဖို့အတွက်ကို နှောင့်နှေးစေပါတယ်။ သုံးပုံနှစ်ပုံသော ကမ္ဘာ့နည်းပညာပိုင်း ခေါင်းဆောင်ကြီးတွေရဲ့ပြောဆိုချက်အရ အလုပ်လျှောက်သူတွေက company ရဲ့လိုအပ်တဲ့ အရည်အချင်းနဲ့ လိုချင်တဲ့အတွေ့အကြုံကို မပြည့်မီဘူးလို့ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။ ဒီလို အရည်အချင်းကွာဟမှုက လုပ်ငန်းရှင်တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပြီး လုပ်ငန်းတိုးတက်ရေးကို နောက်ပြန်ဆွဲနေတဲ့အကြောင်းအရင်းပါပဲ။
https://www.randstad.com/workforce-insights/talent-acquisition/why-there-a-global-labor-shortage/
Randstad Website မှ “Why is there a global labor shortage?” ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Daw Theint Thinzar
BE (Civil-West Yangon Technological University)
M.Sc (Construction Project Mgt),
Heriot-Watt University
Latest Articles
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 week ago
ကောင်းမွန်တဲ့ AI Tool တစ်ခု ဘယ်လိုဖန်တီးရမလဲ
1 week ago
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
2 weeks ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
2 weeks ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
2 weeks ago
