“ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများ စားပြီး စိတ်ဖိစီးမှုတွေကို လျှော့ချကြမယ် “
တစ်နေ့ထက်တစ်နေ့ တိုးတက်မြန်ဆန်လာတဲ့ခေတ်ကြီးမှာ စိတ်ဖိစီးမှုဆိုတာ ရှောင်လွှဲလို့ မရတဲ့အဖော် ဖြစ်လာပါတယ်။ အလုပ်မှတာဝန်တွေသာမက ကိုယ်ပိုင်ဘဝရဲ့တာဝန်များအထိ နေ့စဉ်ဘဝရဲ့ဖိအားများဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို ထိခိုက်စေနိုင်ပါတယ်။ သင်က Stress Level ကို လျှော့ချဖို့ ကြိုးစားနေတဲ့သူဆိုရင် မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်း၊ အိပ်စက်ခြင်းကို စီမံခန့်ခွဲခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း စတဲ့ အခြေခံအချက်များနဲ့ စတင်ရမယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုကို လျော့ကျစေမယ့် အစားအစာတချို့လည်း ရှိတယ်ဆိုတာ သင်သိပါသလား။ စိတ်ဖိစီးမှုကို လုံးဝဖျောက်ဖျက်ဖို့ ဖြေရှင်းချက်မရှိပေမယ့် မိမိအစားအစာမှာ မှန်ကန်တဲ့ အစားအစာများ ထည့်သွင်းစားသောက်ခြင်းဟာ စိတ်အပန်းဖြေမှုနဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်နိုင်တဲ့ သဘာဝ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အစာစားခြင်းနဲ့ စိတ်ဖိစီးမှုကို လျှော့ချမယ်ဆိုရင် လူတိုင်းသဘောကျလိမ့်မယ် ထင်ပါတယ်။
ဒီဆောင်းပါးမှာ Courtney Barth ရဲ့ အစားအစာနဲ့ စိတ်ဖိစီးမှုလျှော့ချခြင်းကြား ဆက်နွှယ်မှုကို လေ့လာပြီး စိတ်တည်ငြိမ်မှုရရှိဖို့ ကူညီပေးနိုင်တဲ့ အဓိကအာဟာရတွေကို ဖော်ပြလိုက်ပါတယ်။ Courtney Barth ဆိုတာ Ohio, Cleveland အခြေစိုက် မှတ်ပုံတင်ထားတဲ့ Dietitian အာဟာရပညာရှင်ဖြစ်ပြီး လက်မှတ်ရ ပုဂ္ဂိုလ်ရေးသင်တန်းဆရာ ဖြစ်ပါတယ်။ Bowling Green State University မှ အစားအသောက်နှင့် အာဟာရဆိုင်ရာ ဘွဲ့နဲ့ မဟာဘွဲ့ နှစ်ခုစလုံးကို ပြီးမြောက်ခဲ့သူလည်း ဖြစ်ပါတယ်။
မကြာသေးမီက သုတေသနပြုချက်အရ Gut – Brain Connection လို့ အများသိကြတဲ့ အူလမ်းကြောင်းနဲ့ ဦးနှောက်ကြား ရှုပ်ထွေးတဲ့ဆက်နွယ်မှုကို မီးမောင်းထိုးပြခဲ့ပါတယ်။ ကျွန်တော်တို့ စားသုံးတဲ့ အစားအစာများဟာ ကျွန်တော်တို့ရဲ့ အူလမ်းကြောင်းဆိုင်ရာ Microbiota ရဲ့ဖွဲ့စည်းပုံကို ပုံဖော်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှပါဝင်ပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒိန်ချဉ်၊ Kefir နဲ့ Sauerkraut တို့လို အချဉ်ဖောက်ထားတဲ့ အစားအစာများမှာ တွေ့ရတဲ့ Probiotics များဟာ အူ Microbiota ကို ကောင်းမွန်စွာ သက်ရောက်မှုရှိနိုင်ပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်ပါတယ်။ Dietitian Courtney Barth က ငါး၊ ကြက်၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီများ ကြွယ်ဝတဲ့ အစားအစာများကို စားသုံးဖို့လည်း အကြံပြုထားပါတယ်။
Stress နဲ့ Cortisol Level ကို လျှော့ချဖို့ အောက်ပါတို့ကို စားသုံးနိုင်ပါတယ်။
၁။ ဗီတာမင် B မြင့်မားတဲ့ အစားအစာများဖြစ်တဲ့ အမဲသား၊ ကြက်သား၊ ဥများ၊ အခွံမာ အသီးအနှံများနဲ့ ဉီးနှောက်၊ နှလုံး၊ အသည်း၊ အမြစ်၊ အူ စတဲ့ Organ meats များ စားသုံးပါ။
၂။ Omega-3 fatty acids ကြွယ်ဝတဲ့ အဆီများသော ငါးများ၊ ထောပတ်သီးများ၊ chia အစေ့များ၊ သံလွင်ဆီနဲ့ သစ်ကြားသီးများ စားသုံးခြင်းကလည်း Stress လျှော့ချပေးနိုင်ပါတယ်။
၃။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ ထောပတ်သီး၊ ငှက်ပျောသီး၊ ဘရိုကိုလီ၊ အနက်ရောင် ချောကလက်၊ ရွှေဖရုံစေ့နဲ့ ဟင်းနုနွယ်ရွက်များလည်း စားသုံးပါ။
၄။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ဗာဒံစေ့များ၊ ကြက်ရင်အုံ၊ ဥများ၊ ပိန်တဲ့အမဲသား၊ ပဲနီလေး နဲ့ မြေပဲတို့ကိုလည်း စားသုံးနိုင်ပါတယ်။
၅။ အူလမ်းကြောင်းကျန်းမာစေသော အစားအစာများဖြစ်တဲ့ ဒိန်ချဉ်၊ လက်ဖက်၊ တို့ဟူး၊ ပုန်းရည်ကြီး၊ Harbel Tea တွေလည်း စားသောက်နိုင်ပါတယ်။
စိတ်ဖိစီးမှုကို အမြန်သက်သာစေချင်ရင် ရွှေဖရုံစေ့ ဒါမှမဟုတ် အနက်ရောင်ချောကလက်တို့လို မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာများစားပါ။ အရေးကြီးတဲ့အချက်ကတော့ အရက်၊ ကဖိန်းဓာတ်၊ သကြားဓာတ် များတဲ့ အစားအစာများ၊ ကာဗိုဟိုက်ဒရိတ်နဲ့ ဆိုဒါတို့လို cortisol ပမာဏကို မြင့်တက်စေတဲ့ အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။
ဒါ့အပြင် စားသောက်ချိန်ဇယား (၃ နာရီမှ ၅ နာရီ ခြားတိုင်း) ကို ထိန်းညှိပေးခြင်းကလည်း သွေးတွင်း သကြားဓာတ်ပမာဏကို မျှတစေပြီး နာတာရှည်စိတ်ဖိစီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ မှန်ကန်တဲ့ စားသောက်ခြင်းကို အားကိုးခြင်းဟာ ဖြည့်စွက်စာစားခြင်းထက် ပိုကောင်းကြောင်း Barth က အလေးပေး ပြောကြားခဲ့ပါတယ်။ သို့ပေမဲ့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လုံလောက်တဲ့အိပ်စက်ခြင်းနဲ့ နာတာရှည် အခြေအနေများကို စီမံခန့်ခွဲခြင်းတို့ကလည်း စိတ်ဖိစီးမှုလျှော့ချဖို့အတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ Barth က "ငါတို့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လာရင် အာဟာရဟာ ငါတို့ ထိန်းချုပ်နိုင်တဲ့ အရာဖြစ်တယ်" လို့လည်း အခိုင်အမာ ဆိုပါတယ်။
(၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက် Cleveland Clinic ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ Eat These Foods to Reduce Stress and Anxiety ဆောင်းပါးအား Daw Thwe Thwe Aye မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။)
Daw Thwe Thwe Aye
B.com, M.com (MEUE)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
