ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ

အသေးစား၊ အလတ်စားလုပ်ငန်းများ (SMEs) ကို ဦးဆောင်ထိန်းချုပ်တာက အလွန်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ လုပ်ငန်းရှင်တွေက မကြာခဏ ကုန်ကျစရိတ်မြင့်တက်မှု၊ အရင်းအမြစ် အကန့်အသတ်များမှု၊ ပြိုင်ဆိုင်သူများ တိုးလာမှု စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတတ်ပါတယ်။  ဒီလို အခြေအနေမှာ အောင်မြင်ဖို့အတွက် အတတ်နိုင်ဆုံး ထိရောက်မှုရှိအောင်နဲ့ မလိုအပ်တာတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်မယ့် နည်းလမ်းတွေက တကယ်ကို လိုအပ်ပါတယ်။ အဲဒီလို ထိရောက်တဲ့ နည်းလမ်းတွေထဲက တစ်ခုကတော့ ဂျပန်နိုင်ငံမှာ စတင်ခဲ့တဲ့ “Lean Operations” ဆိုတဲ့ စီးပွားရေးစီမံခန့်ခွဲမှု နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနည်းစနစ်ဟာ စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်တာ၊ ထိရောက်အောင် လုပ်ဆောင်တာနဲ့ ဖောက်သည်တွေအတွက် တန်ဖိုးရှိတာတွေကို ဖန်တီးပေးတာ စသဖြင့် အဓိကအာရုံစိုက်ထားပါတယ်။

Lean နည်းလမ်းတွေကို Toyota လို ကြီးမားတဲ့ ကော်ပိုရေးရှင်းတွေနဲ့ပဲ ဆက်စပ်ပြီး တွေးတတ်ကြပေမယ့် တကယ်တော့ စီးပွားရေးလုပ်ငန်းငယ်တွေအတွက်လည်း အထူးသင့်တော်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မန္တလေးက လက်ဖက်ရည်ဆိုင်လေးတွေကနေ ရန်ကုန်က စက်ရုံငယ်လေးတွေအထိ Lean နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ကုန်ကျစရိတ်တွေ သက်သာပြီး သုံးစွဲသူတွေ အတွက် ဝန်ဆောင်မှုတွေ ပိုကောင်းလာစေနိုင်ပြီး ရေရှည်တိုးတက်မှုအတွက် လမ်းကြောင်းတစ်ခုလည်း  ဖြစ်လာနိုင်ပါတယ်။

ဒါဆိုရင် Lean Operations ဆိုတာ ဘာလဲ။

Lean Operations ဆိုတာက နည်းပါးတဲ့ အရင်းအမြစ်တွေနဲ့ အများကြီး လုပ်ဆောင်နိုင်ဖို့ပါပဲ။ ဒီစနစ်မှာ လုပ်ငန်းစဉ်တွေကို ပိုပြီးရိုးရှင်းအောင် လုပ်တာ၊ မလိုအပ်တာတွေကို ဖယ်ရှားတာနဲ့ ထုတ်လုပ်မှု (သို့) ဝန်ဆောင်မှုပေးတဲ့ အဆင့်တိုင်းမှာ အရည်အသွေးကို အဓိကထားတာတွေ ပါဝင်ပါတယ်။ ဒီစနစ်ဟာ ဂျပန်နိုင်ငံက Toyota ထုတ်လုပ်မှုစနစ် (TPS) ကနေ ပေါ်ပေါက်လာတာဖြစ်ပြီး အရင်းအမြစ် နည်းနည်းနဲ့ အရည်အသွေးမြင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့အတွက် ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Lean ရဲ့ အဓိက သဘောတရားနှစ်ခုကို အလွယ်တကူ မှတ်ထားနိုင်ပါတယ်။

Just-In-Time (JIT) (အချိန်ကိုက်စနစ်): လိုအပ်တဲ့ ပမာဏအတိုင်း၊ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ပစ္စည်းကိုပဲ ထုတ်လုပ်တာပါ။ ဒါက ပိုလျှံနေတဲ့ ထုတ်လုပ်မှု၊ ပစ္စည်းအပိုတွေ ရှိနေတာနဲ့ အလဟဿဖြစ်တဲ့ အားထုတ်မှုတွေကို ရှောင်ရှားနိုင်ပါတယ်။

Jidoka (Automation with a human touch) (လူရဲ့ ထိတွေ့မှုပါဝင်တဲ့ အလိုအလျောက်လုပ်ဆောင်ခြင်း): ဒါဟာ အမှားအယွင်းတွေ ဖြစ်လာတဲ့အခါမှာ လုပ်ငန်းစဉ်တွေကို ရပ်တန့်ဖို့အတွက် ဝန်ထမ်းတွေနဲ့ စက်တွေကို အခွင့်အာဏာ ပေးထားတာပါ။ ဒါမှ အရည်အသွေးကို ဘယ်တော့မှ မထိခိုက်စေမှာဖြစ်ပါတယ်။

အသေးစားနဲ့ အလတ်စား လုပ်ငန်းငယ်တွေအတွက် Lean ကို အသုံးပြုတာဟာ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ လျှော့ချတာ၊ ပစ္စည်းပိုတွေ သိုလှောင်တာကို ရှောင်ရှားတာနဲ့ အရည်အသွေးကောင်းမွန်မှုကို အာမခံနိုင်တာကြောင့် သုံးစွဲသူတွေရဲ့ ယုံကြည်မှုနဲ့ စိတ်ကျေနပ်မှုကို ရရှိစေမှာပါ။

ဒါဆို ဒီစနစ်ဟာ စီးပွားရေး လုပ်ငန်းငယ်တွေအတွက် ဘာကြောင့် အရေးကြီးတာလဲ။

Lean ဟာ လုပ်ငန်းစီမံခန့်ခွဲမှု နည်းစနစ်တစ်ခုတင် မဟုတ်ပါဘူး။ စီးပွားရေး လုပ်ငန်းငယ်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးပါတယ်။

နည်းပါးတဲ့ အရင်းအမြစ်များ - အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းငယ်တွေဟာ များသောအားဖြင့် ဘတ်ဂျက် အကန့်အသတ်နဲ့ပဲ လည်ပတ်လေ့ ရှိကြပါတယ်။ Lean နည်းစနစ် ဟာ  လုပ်ငန်းတွေမှာ ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို အကောင်းဆုံး အသုံးချနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

သုံးစွဲသူတွေရဲ့ မျှော်လင့်ချက်များ - ဒီနေ့ခေတ် သုံးစွဲသူတွေဟာ လျင်မြန်မှု၊ အရည်အသွေးနဲ့ မျှတတဲ့စျေးနှုန်းတွေကို လိုချင်ကြပါတယ်။ Lean က ဒီစံနှုန်းတွေကို ပြည့်မီအောင် ကူညီပေးနိုင်ပါတယ်။

ပြိုင်ဆိုင်မှုဖိအား -  လမ်းဘေးလက်ဖက်ရည်ဆိုင်ကနေ စက်ရုံငယ်လေးတွေအထိ ပြိုင်ဆိုင်မှုက ပြင်းထန်ပါတယ်။ Lean နည်းစနစ်ဟာ ပိုပြီးမြန်ဆန်၊ ပိုပြီးစမတ်ကျတဲ့ လုပ်ငန်းလည်ပတ်မှုတွေကြောင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

ဒါကြောင့် Lean နည်းစနစ် ကို အသုံးပြုခြင်းအားဖြင့် အသေးစားနဲ့ အလတ်စား လုပ်ငန်းငယ်တွေဟာ ပိုပြီးပြိုင်ဆိုင်မှုများလာတဲ့ ဈေးကွက်ထဲမှာ ရပ်တည်နိုင်စွမ်း၊ ထိရောက်မှုနဲ့ ဖောက်သည်တွေရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။

 

လုပ်ငန်းငယ်တွေအတွက် လက်တွေ့ကျတဲ့ Lean ကိရိယာများ

Lean မှာ လုပ်ငန်းငယ်တွေအတွက် အရင်းအနှီး အများကြီး မလိုဘဲ အလွယ်တကူ အသုံးချနိုင်တဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ 5S နည်းလမ်း (Sort, Set in order, Shine, Standardize, Sustain)

အလုပ်ခွင်ကို သန့်ရှင်းသပ်ရပ်ပြီး ထိရောက်ကာ သွားလာရလွယ်အောင် စီစဉ်ပါ။

ဥပမာ: အလုပ်ရုံငယ်လေးတစ်ခုမှာ ပစ္စည်းကိရိယာတွေကို စနစ်တကျ ခွဲခြားပြီး နာမည်တပ်ထားတာကြောင့် အချိန်ကုန်သက်သာပြီး အမှားအယွင်းတွေလည်း လျော့နည်းစေနိုင်ပါတယ်။

၂။ Kaizen (Continuous Improvement) (စဉ်ဆက်မပြတ် တိုးတက်မှု)

ဝန်ထမ်းတွေကို တိုးတက်အောင် လုပ်ဆောင်နိုင်မယ့် အချက်အလက်လေးတွေ ပုံမှန် အကြံပေးခိုင်းပါ။

ဥပမာ: လက်ဖက်ရည်ဆိုင် ဝန်ထမ်းတစ်ဦးက လက်ဖက်ရည်ဖိတ်စင်တာမျိုး မရှိဘဲ ပိုပြီးမြန်မြန် ဝန်ဆောင်မှုပေးနိုင်တဲ့ နည်းလမ်းကို အကြံပေးတဲ့အတွက် ဖောက်သည်ဝန်ဆောင်မှု ပိုကောင်းလာနိုင်ပါတယ်။

၃။ Kanban (Visual Management) (မြင်သာတဲ့ စီမံခန့်ခွဲမှု)

လုပ်ငန်းစီးဆင်းမှုနဲ့ ပစ္စည်းလက်ကျန်တွေကို စီမံခန့်ခွဲဖို့အတွက် ကတ်ပြားတွေ ဒါမှမဟုတ် ဘုတ်ပြားတွေလို မြင်သာတဲ့ အချက်ပြစနစ်တွေကို အသုံးပြုပါ။

ဥပမာ: ကုန်စုံဆိုင်တစ်ဆိုင်မှာ ကုန်ပစ္စည်းတွေ ပြန်ဖြည့်နိုင်ရန် အချက်ပြဖို့အတွက် အရောင်စုံ ကတ်ပြားလေးတွေကို သုံးတာကြောင့် ကုန်ပစ္စည်းပြတ်တောက်တာနဲ့ အပိုအလျှံတွေ ရှိနေတာမျိုးကို ရှောင်ရှားနိုင်ပါတယ်။

၄။ Value Stream Mapping (VSM) (တန်ဖိုးစီးဆင်းမှု ပုံဖော်ခြင်း)

လုပ်ငန်းစဉ်တစ်ခုချင်းစီရဲ့ အဆင့်တိုင်းကို ဖော်ထုတ်ပြီး မလိုအပ်တဲ့ အဆင့်တွေကို ဖယ်ရှားပစ်ပါ။

ဥပမာ: အထည်ချုပ်လုပ်ငန်းတစ်ခုမှာ ထုတ်လုပ်မှုနောက်ကျစေတဲ့ မလိုအပ်တဲ့ အတည်ပြုချက်အဆင့်တွေကို လျှော့ချလိုက်တာကြောင့် ဈေးကွက်ထဲကို ပိုပြီးမြန်မြန်ရောက်ရှိနိုင်ပါတယ်။

 

📌 Lean ကို အကောင်အထည်ဖော်ရာမှာ ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုများ

Lean ကို လက်ခံကျင့်သုံးတာဟာ စိန်ခေါ်မှုတွေ မရှိဘူးရယ်တော့ မဟုတ်ပါဘူး။ စီးပွားရေး လုပ်ငန်းငယ်တွေဟာ အောက်ပါအချက်တွေကို ရင်ဆိုင်ရနိုင်ပါတယ်။

📌 အတွေးအခေါ် ပြောင်းလဲဖို့ ခက်ခဲခြင်း: လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတွေဟာ အကျွမ်းတဝင်ရှိပြီးသား နည်းစနစ်တွေကို ပိုနှစ်သက်တာကြောင့် နည်းလမ်းအသစ်တွေကို လက်ခံဖို့ ခက်ခဲနိုင်ပါတယ်။

📌 သင်တန်းလိုအပ်ချက်: ဝန်ထမ်းတွေဟာ Lean နည်းလမ်းတွေကို နားလည်ပြီး အသုံးပြုနိုင်ဖို့ သင့်တော်တဲ့ သင်တန်းတွေ လိုအပ်ပါတယ်။

📌 အစပိုင်း ရင်းနှီးမြှုပ်နှံမှု: ရိုးရှင်းတဲ့ Lean နည်းလမ်းတွေဖြစ်တဲ့ စင်တွေ၊ နာမည်တပ်တဲ့စနစ်တွေ၊ ဆော့ဖ်ဝဲတွေအတွက်တောင် အစပိုင်းမှာ ငွေကြေးသုံးစွဲဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ ဇွဲရှိရှိ ဆက်လက်ကြိုးစားမယ်ဆိုရင်တော့ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ပြီး ရေရှည်မှာ ထိရောက်မှုတွေ ပိုမိုရရှိလာပါလိမ့်မယ်။

 

စီးပွားရေး လုပ်ငန်းငယ်တွေအတွက် Lean ရဲ့ အကျိုးကျေးဇူးများ

ဒီလို စိန်ခေါ်မှုတွေရှိပေမယ့် Lean က သိသိသာသာ အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။

✅ ကုန်ကျစရိတ် လျော့ကျခြင်း: မလိုအပ်တာတွေ နည်းသွားတာနဲ့အမျှ ကုန်ကျစရိတ်တွေလည်း သက်သာပါတယ်။

✅ ဝန်ဆောင်မှု ပိုမိုမြန်ဆန်ခြင်း: လုပ်ငန်းစဉ်တွေ ရိုးရှင်းလာတာကြောင့် သုံးစွဲသူတွေကို ပိုပြီးမြန်မြန် တုံ့ပြန်နိုင်ပါတယ်။

✅ အရည်အသွေး ပိုကောင်းခြင်း: စဉ်ဆက်မပြတ် စောင့်ကြည့်တာကြောင့် အမှားတွေ နည်းပြီး ကုန်ပစ္စည်း အရည်အသွေး စံနှုန်းတွေ မြင့်တက်လာနိုင်ပါတယ်။

✅ ဝန်ထမ်းတွေ ပိုမိုပါဝင်လာခြင်း: ဝန်ထမ်းတွေကို ပြဿနာဖြေရှင်းရာမှာ ပါဝင်စေတာကြောင့် စိတ်အားထက်သန်မှုနဲ့ တာဝန်ယူစိတ်တွေ ပိုမိုမြင့်မားလာစေပါတယ်။

✅ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာခြင်း: Lean နည်းလမ်းသုံးတဲ့ စီးပွားရေးလုပ်ငန်းငယ်တွေဟာ ပြောင်းလဲမှုတွေကို ပိုပြီးမြန်မြန် တုံ့ပြန်နိုင်ကာ ပြည်တွင်းရော ပြည်ပဈေးကွက်မှာပါ ပိုပြီးကောင်းမွန်တဲ့ အနေအထားမှာ ရှိနိုင်ပါတယ်။

ဒါကြောင့် Lean Operations ဟာ စာတွေ့သက်သက် မဟုတ်ပါဘူး၊ ဒါဟာ စီးပွားရေး လုပ်ငန်းငယ်တွေအတွက် လက်တွေ့ကျတဲ့ ရပ်တည်ရှင်သန်ရေး နည်းဗျူဟာတစ်ခုပဲ ဖြစ်ပါတယ်။ 5S, Kaizen, Kanban နဲ့ Value Stream Mapping လို ရိုးရှင်းတဲ့ Lean နည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းတွေဟာ ထိရောက်မှု သိသိသာသာ တိုးတက်လာပြီး မလိုအပ်တာတွေကို လျှော့ချနိုင်သလို သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကိုလည်း ပိုမိုဖြည့်ဆည်းပေးနိုင်ပါတယ်။

ဒါ့အပြင် ကျောင်းသားတွေအတွက်ဆိုရင် Lean ဟာ အနာဂတ် လုပ်ငန်းခွင်တွေမှာ အသုံးချနိုင်မယ့် တန်ဖိုးရှိတဲ့ ဗဟုသုတတွေကို ပေးစွမ်းနိုင်ပါတယ်။ လုပ်ငန်းရှင်တွေအတွက်တော့ အရင်းအမြစ်နည်းပြီး ပြိုင်ဆိုင်မှုများတဲ့ ဈေးကွက်ထဲမှာတောင် ရေရှည်တိုးတက်မှုအတွက် လမ်းပြမြေပုံတစ်ခုကို ပေးထားနိုင်ပါတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ လုပ်ငန်းငယ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတဲ့ အတွက် Lean နည်းစနစ်ဟာ ရပ်တည်ရှင်သန်ဖို့ ရုန်းကန်နေရတာနဲ့ ရေရှည်အောင်မြင်မှုကို ရရှိစေနိုင်တဲ့ နည်းဗျူဟာ တစ်ခုဖြစ်တာကြောင့် မျှဝေပေးရခြင်းပဲ ဖြစ်ပါတယ်။

Daw Hninn Pwint Oo

M.Com, B.Com** (MEUE)

 

References

Slack, N., Brandon-Jones, A. and Johnston, R.  (2022) Operations Management. 10th Ed. Harlow: Pearson.

Ohno, T. (1988) Toyota Production System: Beyond Large-Scale Production. Portland, OR: Productivity Press.

Womack, J.P. and Jones, D.T. (2003) Lean Thinking: Banish Waste and Create Wealth in Your Corporation. 2nd edn. London: Simon & Schuster..

Toyota Europe (2025) Toyota Production System. Available at: https://www.toyota-europe.com/about-us/toyota-vision-and-philosophy/toyota-production-system (Accessed: 26 August 2025).