ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ အထောက်အကူပြုတဲ့ “ Six Thinking Hats “
လူရယ်လို့ဖြစ်လာရင် ပြဿနာပေါင်းစုံ၊ ကိစ္စပေါင်းစုံကို နေ့စဥ်ရင်ဆိုင်ရ၊ ကြုံတွေ့ရ ဖြေရှင်း ကြရတာ လူတိုင်းကြုံဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းမှာလား? ညည်းတွားပြီး ဖြေရှင်းမှာလား? ပြဿနာကို ရှောင်ပြေးမှာလားကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ကြပါဘူး။ Problem Solving ဆိုတာက လွယ်မလိုလိုနဲ့ ခက်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့က ဖြေရှင်းချင်စိတ်ရှိဖို့လိုသလို ဖြေရှင်းဖို့နည်းလမ်းမှန်ကိုလည်း သိဖို့လိုပါတယ်။ ကမ္ဘာမှာ Problem Solving Skills များစွာရှိတဲ့ထဲက ကျွန်မ Edward Debono ရဲ့ “Six Thinking Hats“ အကြောင်းလေးကို ပြောပြချင်ပါတယ်။
“Six Thinking Hats“ နည်းလမ်းကို Dr. Edward Debono က စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ “Six Thinking Hats“ ဟာ လူတစ်ဦးချင်းစီအတွက် ဒါမှမဟုတ် အဖွဲ့လိုက်အနေနဲ့သာမက လုပ်ငန်းတွေမှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရာနဲ့ ဆုံးဖြတ်ချက်ချတဲ့ကိစ္စတွေမှာ လွန်စွာအသုံး၀င် ပါတယ်။ ပြဿနာတွေကိုဖြေရှင်းရာမှာ ဖြေရှင်းဖို့၊ အဖြေရဖို့အတွက် ဘယ်လိုတွေးရမယ်၊ ဘယ်လို ချဥ်းကပ်ရမယ်ဆိုတဲ့ နည်းလမ်းကိုပါပေးပြီး တကယ်ကို အကျိုးရှိထိရောက်စေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ “Six Thinking Hats“ နည်းလမ်းဟာ အရောင် (၆) ရောင်နဲ့ မတူညီတဲ့အမြင်တွေနဲ့ စဥ်းစားပြီး ထုတ်တာဖြစ်ပါတယ်။ “Six Thinking Hats“ ရဲ့ ဦးထုပ် (၆) ရောင်ကတော့ White Hat, Red Hat, Black Hat, Yellow Hat, Green Hat , Blue Hat တို့ပဲ ဖြစ်ပါတယ်။
“White Hat” ကတော့ လိုအပ်တဲ့ data အချက်အလက်တွေကို ပြဿနာဖြေရှင်းရာမှာ ထည့်သွင်း စဥ်းစားပြီးဖြေရှင်းတာ၊ ကိစ္စရဲ့ အစ၊ အဆုံး အချက်အလက်တွေကို သေချာသုံးသပ်ပြီး ဘယ်နေရာ တွေမှာ လိုအပ်တယ်ဆိုတာ ပြန်လည်သုံးသပ်ပြီး စဥ်းစားတာဖြစ်ပါတယ်။
“Red Hat” ကတော့ ပြဿနာတစ်ခုကို စတင်ဖြေရှင်းတော့မယ်ဆိုရင် မိမိရဲ့ စိတ်ခံစားချက်တွေ၊ ထင်မြင်ချက်၊ ယူဆချက်တွေနဲ့ တစ်ဖက်ကလာနိုင်တဲ့ တုံ့ပြန်မှုတွေကို ထည့်သွင်းစဥ်းစားခြင်းတို့ ဖြစ်ပါတယ်။
“Black Hat” ကတော့ သတိထားရမယ့်အချက်တွေ၊ ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေကို ထည့်သွင်း စဥ်းစားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် တချို့က negative thinking ဘက်ကတွေးတာလို့ ထင်တတ်ကြ ပါတယ်။ တကယ်က ဖြစ်လာမယ့် ဆိုးကျိုးတွေကို ထောက်ပြဝေဖန်ပြတာဖြစ်ပါတယ်။
“Yellow Hat” ကတော့ Black Hat နဲ့ ပြောင်းပြန်လိုပါပဲ။ ခုရင်ဆိုင်နေရတဲ့ ပြဿနာတွေကနေ ရလာမယ့်ကောင်းကျိုးတွေ၊ အကျိုးကျေးဇူးတွေ ဘာတွေရလာနိုင်တယ် ရေရှည်အတွက် ဘယ်လို ကောင်းကျိုးရလာနိုင်တယ်ဆိုတဲ့ ရှုထောင့်ကနေ တွေးတာဖြစ်ပါတယ်။
”Green Hat” ကတော့ Creative/Innovative ဘက်ကို ပိုသွားပါတယ်။ ကြုံတွေ့လာရတဲ့ ပြဿနာကို ဖြေရှင်းဖို့ သူများမတူတဲ့ အကြံဉာဏ်တွေ၊ မတူညီတဲ့ ရှုထောင့် အမြင်တွေနဲ့ ပုံမှန်ဖြေရှင်းနည်းတွေကနေ ခွဲထွက်ပြီး အဖြေကို ဘယ်လိုရှာနိုင်မလဲဆိုပြီး စဥ်းစားတာဖြစ်ပါတယ်။
“Blue Hat” ကတော့ အပေါ်ကပြောခဲ့တဲ့ စဥ်းစားထားတဲ့အချက်တွေကို ပြန်စီမံခန့်ခွဲကာ control လုပ်ပြီး Decision Making ချတဲ့ အပိုင်းထိသွားပါတယ်။
အပေါ်မှာစဥ်းစားခဲ့တဲ့ အချက်တွေကို ပြန်လည်သုံးသပ်ကာ အကောင်းဆုံး ဖြေရှင်းချက်ထုတ်ပြီး ပြဿနာနဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးပြီး နောက်ဆုံးဖြေရှင်းချက်ထုတ်တဲ့အပိုင်းထိ အောင်မြင်စွာ အဖြေထုတ်နိုင်ခြင်းဖြစ်ပါတယ်။
“Six Thinking Hats“ ဟာဆိုရင် လုပ်ငန်းပြဿနာတွေတင်မဟုတ်ဘဲ ကိုယ့်တစ်ဦးချင်းစီရဲ့ နေ့စဥ်ဘ၀တွေမှာလည်း အလွန်အသုံး၀င်လှပါတယ်။ ပုံမှန်ပြဿနာတစ်ခုကို ဖြေရှင်းပုံ၊တွေးပုံမျိုး မဟုတ်ဘဲ မတူညီတဲ့ လူ (၆) ယောက်က ပြဿနာတစ်ခုကို ၀ိုင်းပြီးစဥ်းစားဖြေရှင်းသလိုမျိုး မတူညီတဲ့ အတွေးအမြင်၊ ဖြေရှင်းနည်း အကောင်းအဆိုးအားလုံးကို သုံးသပ်တာဖြစ်တဲ့အတွက် ထွက်လာတဲ့ အဖြေဟာလည်း အလွန်အကျိုးပြု အသုံး၀င်တဲ့ ဖြေရှင်းချက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် “Six Thinking Hats“ ကို တစ်ဦးချင်းစီရဲ့ လက်တွေ့ ဘ၀တွေမှာပါ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
Daw Ei Mon Soe
ME-IT(TU-Mdy), MBA (SIU, Thailand)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
