Kaizen - နေ့တိုင်းနည်းနည်းချင်း ပိုကောင်းအောင် လုပ်ကြစို့
Kaizen ဆိုတာ ဂျပန်စကားလုံးလေး တစ်ခုပါ။ "ပိုပြီးကောင်းမွန်အောင် ပြုပြင်တဲ့ လုပ်ငန်းစဉ်" လို့ အလွယ်ပြောလို့ရပါတယ်။ ဒါက လုပ်ငန်းခွင်တွေမှာ နေ့စဉ်လုပ်နေကျ အလုပ်တွေကို နည်းနည်းချင်းစီ ပိုကောင်းအောင်၊ ပိုမြန်အောင်၊ ပိုထိရောက်အောင် ဆက်တိုက်လုပ်သွားတဲ့ အတွေးအခေါ်တစ်ခုပါ။
Kaizen မှာ ထူးခြားချက်က အချိန်တစ်ခဏအတွင်း အများကြီး ပြောင်းလဲတာမျိုး မလိုအပ်ပါဘူး။ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီကနေ စဉ်းစားပြီး "ဒီနေရာလေး ဒီလိုလုပ်ရင် ပိုကောင်းမယ်၊ ပိုအဆင်ပြေမယ်" ဆိုတဲ့ အသေးစား အကြံဉာဏ်လေးတွေနဲ့ စတင်လုပ်ဆောင်နိုင်ပါတယ်။ ဒီလို အသေးစား ပြောင်းလဲမှုလေးတွေ စုပြီးမှ လုပ်ငန်းတစ်ခုလုံး ကြီးကြီးမားမား တိုးတက်သွားတာပါ။
ဒီတော့ Kaizen ကို ဘယ်လိုလုပ်ကြမလဲ?
(၁) ပြသာနာကို ဖော်ထုတ်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်နေရာက နှေးနေလဲ၊ အချိန်ကုန်နေလဲ၊ ပစ္စည်းတွေ ဆုံးရှုံးနေလဲ စတာတွေကို စဉ်းစားပါ။ ပြဿနာရင်းမြစ်ကို ရှာဖွေပါ။
(၂) အကြံဉာဏ်များ ရယူပါ။ မန်နေဂျာတစ်ယောက်တည်းက စဉ်းစားစရာမလိုဘူး။ ကိုယ်နဲ့အတူ အလုပ်လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အောက်ခြေကဝန်ထမ်းတွေရဲ့ စိတ်ကူး အကြံဉာဏ်ကို မေးပါ။ တစ်ခါတစ်လေမှာ သူတို့ရဲ့ အကြံဉာဏ်တွေက အလွန်အသုံးဝင်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
(၃) ရိုးရှင်းသော ဖြေရှင်းချက်များကို စဥ်းစားပါ။ ပြဿနာကို ဖြေရှင်းဖို့ ရိုးရိုးရှင်းရှင်းလေးတစ်ခု စဉ်းစားပါ။ ရှုပ်ထွေးနေစရာမလိုပါဘူး။ ဝန်ထမ်းများ၊ စီမံခန့်ခွဲသူများနှင့် ပူးပေါင်း၍ ဖြစ်နိုင်သော ဖြေရှင်းချက်တစ်ရပ် ရေးဆွဲပါ။
(၄) စမ်းကြည့်လိုက်ပါ။ အကြံဉာဏ်ကောင်းရခဲ့ရင် စမ်းသပ်ကြည့်ပါ။ ကြီးကြီးမားမား မစမ်းချင်ရင် အသေးစား၊ အကန့်အသတ်နဲ့ စမ်းကြည့်လို့ရတယ်။ စမ်းသပ်မှုက အဆင်ပြေတယ်ဆိုရင် ဒီနည်းသစ်ကို ပုံမှန်အလုပ်တွေမှာ စတင်အသုံးချပါ။
(၅) စံဖြစ်အောင် ပြုလုပ်ပါ။ အောင်မြင်သော ပြောင်းလဲမှုကို စံနမူနာတစ်ခုအဖြစ် သတ်မှတ်ကာ အခြားနေရာများတွင်လည်း အသုံးချပါ။
Kaizen ရဲ့ အားသာချက်တွေက ဘာတွေလဲ?
- အလုပ်တွေ ပိုမြန်လာတယ်။
- ထုတ်ကုန်ရဲ့ အရည်အသွေး ပိုကောင်းလာတယ်။
- ဝန်ထမ်းတွေကိုယ်တိုင် ပါဝင်ခွင့်ရတော့ စိတ်အားထက်သန်မှု ပိုရှိတယ်။
- အချိန်နဲ့ပစ္စည်း ချွေတာမိတယ်။
- ဖောက်သည်တွေ ပိုကျေနပ်တယ်။
အရေးကြီးဆုံးကတော့... Kaizen ကို လုပ်ငန်းရဲ့ ယဉ်ကျေးမှုတစ်ခုအနေနဲ့ နေ့တိုင်းလုပ်သွားဖို့ပါပဲ။ ကြီးကြီးမားမား ပြောင်းလဲမှုတွေထက် ဒီနေ့ကို မနေ့ကထက် နည်းနည်းလေး ပိုကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်ထားလေးနဲ့ စလိုက်ရုံပါပဲ။
ဒီတော့... ကိုယ့်အလုပ်ခွင်မှာ ဒီနေ့ကစပြီး ဘယ်နေရာလေး ပိုကောင်းအောင် လုပ်ကြည့်မလဲ? စဥ်းစားပြီး စတင်လိုက်ကြပါစို့။
ကိုးကားစာရင်း
https://www.techtarget.com/searcherp/definition/kaizen-or-continuous-improvement
Myint Zu Phyo
BBM (NMDC), MBA (YUE)
Latest Articles
အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးစီမံခန့်ခွဲမှုစနစ်များရဲ့ အခန်းကဏ္ဍ
5 days ago
Halo Effect: သင့်ရဲ့ဆုံးဖြတ်ချက်တွေကို တိတ်တဆိတ် ထိန်းချုပ်နေသူ
6 days ago
ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ
3 weeks ago
ငွေကြေးကုန်ကျမှုမများဘဲ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်မယ့် Growth Hacking Marketingရဲ့ လျှို့ဝှက်ချက်
3 weeks ago
လုပ်ငန်းခွင်တွင်းက တိတ်ဆိတ်သော ပြိုင်ပွဲ/တိုက်ပွဲ
1 month ago
