Job Satisfaction ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲ။
သင်ဟာသင့်အလုပ်ကိုနှစ်သက်ပါသလား။ တွေ့ရှိချက်များအရ နောက်ပိုင်းမှာ လူတွေဟာ အလုပ်နဲ့ဘဝဟန်ချက်ညီမှုကိုသာမက ကိုယ့်ယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ကုမ္ပဏီတွေမှာ အလုပ်လုပ်ဖို့ကိုပါ အလေးထားလာကြပါတယ်။ ဒီဆောင်းပါးမှာတော့ Job Satisfaction ကိုဖြစ်စေတဲ့ အကြောင်းအရင်းများကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
စိတ်ကျန်းမာရေးနဲ့ ဘဝအရည်အသွေးအတွက် Job Satisfaction ဟာ ဘာကြောင့်အရေးကြီးတာလဲ
သာမန်လူတစ်ဦးဟာ သူ့ဘဝတစ်လျှောက်မှာ နာရီပေါင်း ၉၀,၀၀၀ လောက်အလုပ်လုပ်ရပါတယ်။ ဒါကြောင့် Job Satisfaction ဟာ စိတ်ကျန်းမာရေးနဲ့ဘဝအရည်အသွေးအတွက် အဓိကအချက်ဖြစ်ပါတယ်။ သို့သော် အလုပ်အပေါ်စိတ်ကျေနပ်မှုနှုန်းနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေမှာ ကွဲလွဲမှုတွေ ရှိပါတယ်။ တချို့လေ့လာမှုတွေအရ ၃၀% ကနေ ၈၂% အထိလူတွေမှာ ကျေနပ်မှုရှိတယ်လို့ဖော်ပြထားပြီး၊ တချို့ကလည်း အလုပ်သမား ၇၇% ဟာအလုပ်မှာ စိတ်မပါဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် အလုပ်အကိုင်ကျေနပ်မှုကို ဘာကဖန်တီးပေးတယ်၊ ဒါက ကုမ္ပဏီတွေကို ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာနဲ့ ပတ်သက်တဲ့လေ့လာမှုတွေကတော့ ရှင်းပါတယ်။ ဝန်ထမ်းတွေရဲ့ ဘဝအရည်အသွေးကိုဂရုစိုက်တဲ့ ကုမ္ပဏီတွေဟာ အလုပ်ပတ်ဝန်းကျင်ကောင်းတစ်ခုကိုဖန်တီးပေးပြီး ဝန်ထမ်းတွေရဲ့သစ္စာရှိမှုကို မြှင့်တင်ကာ Employee Retention Rate ကိုလျှော့ချနိုင်ပါတယ်။ လက်ရှိအလုပ်ကို ကျေနပ်တဲ့ဝန်ထမ်းတွေဟာ ပိုမိုစိတ်အားထက်သန်ပြီး အလုပ်ကို ပိုမိုထိရောက်စွာ လုပ်နိုင်ကြပါတယ်။ သူတို့ဟာ အဖွဲ့လိုက်အလုပ်တွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ပြီး အဖွဲ့အတွင်းအောင်မြင်မှုတွေကို ဖြစ်စေနိုင်ပါတယ်။
Job Satisfaction ဟာ စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုတွေကိုလျော့နည်းစေပြီး နာတာရှည်နာကျင်မှု၊ မောပန်းနွမ်းနယ်မှုနဲ့ အသက်ရှူမဝခြင်းတို့လိုမျိုး ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ လျော့ကျစေနိုင်တယ်လို့လည်း လေ့လာမှုတွေကဖော်ပြထားပါတယ်။ အလုပ်မှာ စိတ်ကျေနပ်မှုရှိသူများဟာ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများအပေါ် အာရုံစိုက်မှုနည်းပြီး ဘဝရဲ့ကျေနပ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ပိုမိုခံစားရလေ့ရှိကြောင်းလည်း လေ့လာမှုများက ဖော်ပြထားပါတယ်။
Shawn Achor မှ ၂၀၁၀ ခုနှစ်တွင် ရေးသားခဲ့သော "The Happiness Advantage" စာအုပ်မှာ အပြုသဘောဆောင်သော စိတ်ခံစားမှုများဟာ ဦးနှောက်လုပ်ဆောင်မှုကို မြှင့်တင်ပေးကာ ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို တိုးတက်စေကြောင်း ရှင်းပြထားပါတယ်။ အပြုသဘောဆောင်တဲ့စိတ်ခံစားမှုများဟာ လူများအား လုံခြုံမှုခံစားရစေပြီး တိုးတက်မှုအတွက် စိတ်ထားမျိုးကို (growth mindset) မွေးမြူနိုင်စေကြောင်းလည်း ဖော်ပြထားပါတယ်။
Dissatisfied employees ရဲ့ မမြင်နိုင်တဲ့ကုန်ကျမှုများ
လုပ်ငန်းအတွင်း စိတ်ဖိစီးမှုများခြင်း၊ စိတ်ပိုင်းဆိုင်ရာ မောနွမ်းခြင်း နဲ့ ပါဝင်လှုပ်ရှားမှုနည်းခြင်းတို့ဟာ Dissatisfied employees နဲ့ ဆက်စပ်နေပါတယ်။ ထိုအချက်များဟာ လုပ်ငန်းထိရောက်မှုကို လျော့နည်းစေပြီး အလုပ်ပျက်ကွက်မှုကို မြင့်တက်စေကာ ဝန်ထမ်းများနဲ့ ကုမ္ပဏီနှစ်ခုလုံးကို ထိခိုက်စေပါတယ်။ Job Satisfaction ဖြစ်တယ်ဆိုတာဟာ အလုပ်မှာ စိတ်ချမ်းသာရုံ သက်သက်မဟုတ်ပါဘူး။ စိတ်အားထက်သန်မှု၊ ကျန်းမာရေးတိုးတက်မှုနဲ့ ဝန်ထမ်းများရဲ့ ရေရှည်အောင်မြင်မှုတို့ဟာ Job Satisfaction ရှိသော၀န်ထမ်းများရဲ့ ရလဒ်များဖြစ်ပါတယ်။ ဝန်ထမ်းများရဲ့ အလုပ်အပေါ်စိတ်ကျေနပ်မှုဟာ ကုမ္ပဏီရဲ့ အောင်မြင်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
အလုပ်အပေါ်မှာ စိတ်ကျေနပ်မှုမြင့်မားတဲ့ ဝန်ထမ်းများရှိတဲ့ ကုမ္ပဏီ (၄) ခု
ယခုအခါမှာတော့ အလုပ်ခွင်စိတ်ကျေနပ်မှုတွင် အမြဲထိပ်တန်းရောက်နေတဲ့ ကုမ္ပဏီများနဲ့ ၎င်းတို့ရဲ့ တူညီသောအချက်များကို ကြည့်ကြရအောင်။
Buffer
Buffer ဟာ အဝေးမှအလုပ်လုပ်တဲ့ (remote work) လုပ်ငန်းခွင်ကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်သော နမူနာတစ်ခုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှစတင်ပြီး ဒီကုမ္ပဏီဟာ နိုင်ငံ ၁၅ ခု၊ အချိန်ဇုန် ၁၁ ခုမှ ဝန်ထမ်းများဖြင့် အပြည့်အဝလုပ်ကိုင်လျက်ရှိပါတယ်။
Buffer ဟာ ဆက်သွယ်ရေးနဲ့ ယုံကြည်မှုကို အလေးထားတဲ့ ယဉ်ကျေးမှုတစ်ခုကို ဖန်တီးထားပါတယ်။ ၎င်းရဲ့မူဝါဒများဖြစ်တဲ့ အကန့်အသတ်မရှိသော နာမကျန်းခွင့်များနဲ့ အလုပ်-ဘဝ ဟန်ချက်ညီမှုကို ပံ့ပိုးပေးတဲ့ အရင်းအမြစ်များကြောင့် မကြာခဏချီးကျူးခြင်း ခံရပါတယ်။
Buffer ဟာ အွန်လိုင်းအဖွဲ့လိုက်လှုပ်ရှားမှုများ (virtual team-building activities) မှာလည်း ကျွမ်းကျင်သောကြောင့် လူသိများပါတယ်။ နှစ်စဉ် Employee Net Promoter Score (eNPS) ဟုခေါ်သော အလုပ်အပေါ်စိတ်ကျေနပ်မှုစစ်တမ်းဖြင့် ဝန်ထမ်းများရဲ့ ကျေနပ်မှုကို တိုင်းတာပါတယ်။ ထို့အပြင် အဖွဲ့များရဲ့ ပျော်ရွှင်မှုအဆင့်ကိုလည်း ပုံမှန်စစ်ဆေးလေ့ရှိပါတယ်။
Microsoft
Microsoft ဟာ ဝန်ထမ်းကျေနပ်မှုမှာ အမြဲထိပ်တန်းရောက်နေတဲ့ နောက်ထပ် ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ဝန်ထမ်းများရဲ့အတွေ့အကြုံ၊ ဆန်းသစ်တီထွင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားပါတယ်။ CEO Satya Nadella ရဲ့ ဦးဆောင်မှုအောက်မှာ Microsoft ဟာ ပြိုင်ဆိုင်မှုယဉ်ကျေးမှုမှ ပူးပေါင်းဆောင်ရွက်မှုယဉ်ကျေးမှုသို့ ပြောင်းလဲခဲ့ပါတယ်။
ဆော့ဖ်ဝဲဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အောင်မြင်ဖို့အတွက် ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးပါတယ်။ အချက်အလက်ဖလှယ်မှုနဲ့ အဖွဲ့လိုက်အလုပ်လုပ်နိုင်စွမ်းတိုးတက်ဖို့ Microsoft ဟာ ရုံးအလှည့်အပြောင်းများနဲ့ ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး အခြေခံအဆောက်အအုံများကို ဖန်တီးခဲ့ပါတယ်။
ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်မှုနဲ့ ပွင့်လင်းသောဆက်သွယ်ရေးတို့ဟာ ဝန်ထမ်းများအကြား ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးကို ဖြစ်ပေါ်စေခဲ့ပါတယ်။
Salesforce
Salesforce ဟာ ကောင်းမွန်တဲ့ လစာနဲ့ အကျိုးခံစားခွင့်အစီအစဉ်များကို ၀န်ထမ်းများအား ထောက်ပံ့ပေးပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းပြီး စိန်ခေါ်မှုများပါဝင်တဲ့ အလုပ်များအတွက် လူသိများပြီး၊ ဝန်ထမ်းများဟာ ၎င်းကို Job Satisfaction ရဲ့ အဓိကအချက်အဖြစ် ဖော်ပြကြပါတယ်။
စိန်ခေါ်မှုများနဲ့အတူ အလုပ်လုပ်ရင်း ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်သောပံ့ပိုးမှုများကို ပေးနိုင်တဲ့ ကုမ္ပဏီများနည်းပါးပါတယ်။ Salesforce ဟာ ဝန်ထမ်းများ အလုပ်-ဘဝ ဟန်ချက်ညီမှုရှိစေဖို့ ကြိုးပမ်းမှုများမှာ ပါဝင်နိုင်ပြီး စိတ်ဖိစီးမှုလျော့ကျစေကာ အဓိပ္ပာယ်ရှိတဲ့ ပံ့ပိုးမှုများပြုလုပ်နိုင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးထားပါတယ်။
Greener Field LLC
Greener Field LLC ကဲ့သို့သော အခြားကုမ္ပဏီများဟာလည်း ဝန်ထမ်းများအား ကမ္ဘာလှည့်ခရီးထွက်နိုင်ဖို့ အားလပ်ရက်အစီအစဉ်များကို ပြုလုပ်ပေးပါတယ်။
ဝန်ထမ်းကျေနပ်မှုရှိသော အောင်မြင်တဲ့ကုမ္ပဏီများဟာ မကြာခဏအောက်ပါတို့ကို ဦးစားပေးလေ့ရှိပါတယ်။
• အလုပ်-ဘဝ ဟန်ချက်ညီမှုနဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှု
• ဝန်ထမ်းများရဲ့ ကျန်းမာရေးနဲ့ ဘဝအရည်အသွေးမြှင့်တင်ရေး အစီအစဉ်များ
• အသိအမှတ်ပြုမှု၊ မျှတသောလစာနဲ့ အကျိုးခံစားခွင့်များ
• ပူးပေါင်းဆောင်ရွက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု
• တိုးတက်မှုနဲ့ ဖွံ့ဖြိုးရေးအခွင့်အလမ်းများ
ခေါင်းဆောင်မှုနဲ့ ကုမ္ပဏီယဉ်ကျေးမှုရဲ့ အခန်းကဏ္ဍ
ယခုအခါတွင် ဝန်ထမ်းများဟာ တစ်သက်တာလုံး ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်တဲ့ခေတ်ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ အလုပ်ရှင်အား သစ္စာရှိရုံသက်သက်ဖြင့် မလုံလောက်တော့ပါ။ ယုံကြည်မှုနဲ့ သစ္စာရှိမှုကို ရယူဖို့လိုအပ်ပြီး ဒီနေရာမှာ ခေါင်းဆောင်မှုကပါ အရေးပါလာပါတယ်။ “လူတွေဟာ ကုမ္ပဏီတွေကို မထွက်ခွာကြဘူး၊ ဆိုးရွားတဲ့မန်နေဂျာတွေကြောင့်သာ ထွက်ခွာကြတယ်” ဆိုတဲ့စကားဟာ ခေါင်းဆောင်မှုနဲ့ ကုမ္ပဏီယဉ်ကျေးမှုရဲ့ အရေးပါမှုကို အမှတ်ရစေတဲ့ အရေးကြီးဆုံးသတိပေးချက်ဖြစ်ပါတယ်။ ကုမ္ပဏီများကို လူများဖြင့်ဖွဲ့စည်းထားပြီး ထိုလူများကပင် ကုမ္ပဏီယဉ်ကျေးမှုကို ပုံဖော်ကြပါတယ်။ ကုမ္ပဏီယဉ်ကျေးမှုဟာ ဝန်ထမ်းများအား အလုပ်ကျေနပ်မှုကို ခံစားရစေနိုင်တဲ့ အရာဖြစံ်ပါတယ်။
ထိရောက်တဲ့ခေါင်းဆောင်မှုဟာ ယုံကြည်မှု၊ လေးစားမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို မြှင့်တင်ပေးခြင်းဖြင့် အလုပ်ကျေနပ်မှုကို ပုံဖော်ရာမှာ အရေးပါပါတယ်။ စာနာမှုရှိပြီး တက်ကစြွွာနားထောင်ကာ ရှင်းလင်းတဲ့လမ်းညွှန်မှုပေးတဲ့ ခေါင်းဆောင်များဟာ ဝန်ထမ်းများရဲ့ တန်ဖိုးထားမှုခံရပြီး စိတ်အားထက်သန်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။
သို့သော် ခေါင်းဆောင်များအပေါ် အမြင်များရဲ့ အခြားတစ်ဖက်ကို လေ့လာမှုအရ၊ ဝန်ထမ်းများဟာ ၎င်းတို့ခေါင်းဆောင်များရဲ့ အပြုအမူများကို Job Satisfaction ဆိုင်ရာ အမြင်မှတစ်ဆင့် အနက်ကောက်လေ့ရှိကြောင်း ဖော်ပြထားပါတယ်။ အဖွဲ့အစည်းအတွင်းရှိ ကွဲပြားတဲ့ စိတ်ဓာတ်များကို နားလည်ဖို့ အရေးကြီးပါတယ်။ ဝန်ထမ်းများ အလုပ်နဲ့ ပက်သက်ပြီးမကျေနပ်ပါက ခေါင်းဆောင်များ အောင်မြင်နိုင်မှာမဟုတ်ပါ။
ခေါင်းဆောင်မှုပုံစံများရဲ့ အလုပ်ကျေနပ်မှုအပေါ် သက်ရောက်မှု
ခေါင်းဆောင်မှုပုံစံ အမျိုးမျိုးဟာ လူများအပေါ် ကွဲပြားစွာ သက်ရောက်မှုရှိပါတယ်။
• Self-actualized leaders
၎င်းတို့ဟာ လူတစ်ဦးချင်းရဲ့ အားသာချက်များကို အသိအမှတ်ပြုပြီး အဖွဲ့ဝင်များရဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ အခန်းကဏ္ဍများကို သတ်မှတ်ပေးနိုင်ပါတယ်။
• Distributed leadership
အဖွဲ့များအကြား တာဝန်ဝတ္တရားများကို မျှဝေခြင်းဖြင့် ဝန်ထမ်းများအား ၎င်းတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ပါတယ်။
ဝန်ထမ်းများ အလိုရှိသော ခေါင်းဆောင်များ
• အထောက်အပံ့ပေးပြီး နားလည်မှုရှိတဲ့ ခေါင်းဆောင်များ
ဝန်ထမ်းများဟာ ၎င်းတို့ရဲ့ အလုပ်ကို ထိရောက်စွာ စီမံနည်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများကို တန်ဖိုးထားကြပါတယ်။
• ရှင်းလင်းသော ပန်းတိုင်များကို သတ်မှတ်ပေးသူများ
ဝန်ထမ်းများဟာ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်များအတွက် ရှင်းလင်းတဲ့ လမ်းညွှန်ချက်များနဲ့ သုံးသပ်ချက်များကို နှစ်သက်ကြပါတယ်။
• ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပါဝင်ခွင့်ပေးသော ခေါင်းဆောင်များ
ဝန်ထမ်းများအား ၎င်းတို့ရဲ့ ဆုံးဖြတ်ချက်များကို ကိုယ်တိုင်ချမှတ်ခွင့်ပေးခြင်းနဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပါဝင်စေခြင်းဟာ အလုပ်ကျေနပ်မှုနဲ့ သစ္စာရှိမှုကို တိုးမြင့်စေပါတယ်။
positivepsychology.com website မှ “What is Job Satisfaction and Why Is It Improtant?” ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Daw May Thiri Khit
BA (Russian), YUFL
Diploma in English (YUFL), ADBM, DBM
M.Econ. (International Program), Chiang Mai University, Thailand
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
3 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
3 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
