How to study more productively ?
ကျောင်းသားမှန်ရင် စာလုပ်ဖို့ကို အနည်းနဲ့အများ ပျင်းကြတာချည်းပါပဲ။ အခုလို internet တွေ၊ ဖုန်းတွေ မတွင်ကျယ်သေးတဲ့အချိန်တုန်းကတောင်မှ ဝတ္ထုလေးဖတ်လိုက်၊ TV လေးကြည့်လိုက်နဲ့ စာလုပ်ဖို့ကို အချိန်ဆွဲခဲ့ကြတာပဲလေ။ အခု internet တွေတွင်တွင်ကျယ်ကျယ် သုံးလာတဲ့အချိန်မှာလည်း social media တွေ၊ entertainment website တွေ၊ games တွေနဲ့ အချိန်တွေကုန်တတ်ကြတာပဲမဟုတ်ပါလား။ တကယ်က စာလုပ်ဖို့ဆိုတာ အရမ်းခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အာရုံလေးစူးစိုက်လိုက်ရင် စာတွေက ခေါင်းထဲကို အနည်းနဲ့ အများတော့ ဝင်လာတာပဲလေ။ အရမ်းတော်ပါတယ်ဆိုပြီး hyper လို့ အသိအမှတ်ပြု ခံရသူတွေတောင်မှ စာအုပ်ကို အချိန်ပြည့်ကိုင်နေကြတာမှ မဟုတ်တာ။ ဒီတော့ အချိန်ကိုအကျိုးရှိရှိ အသုံးချပြီး study smarter, not harder ဆိုတဲ့အတိုင်း productive ဖြစ်ဖြစ်နဲ့ ထိထိရောက်ရောက် စာလုပ်ဖြစ်သွားအောင် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကိုယ်တိုင်လည်း အသုံးပြုခဲ့တာဖြစ်တဲ့အတွက် တကယ် ထိရောက်တာကိုတော့ အာမခံနိုင်ပါတယ်။
1. စာလုပ်ပြီလို့ စိတ်ဆုံးဖြတ်လိုက်တာနဲ့ ဖုန်းကို ကိုယ်နဲ့ ဝေးရာမှာ ထားပေးပါ။
ဒီအချက်က တကယ်ကိုအရေးပါပါတယ်။ ကျောင်းသားတွေမှမဟုတ်ပါဘူး၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ် ဖုန်းကို အနီးအနားမှာထားတာက အာရုံစူးစိုက်နိုင်စွမ်းကို လျော့နည်းစေပါတယ်။ တကယ်လို့ မဖြစ်မနေ ဖုန်းရှိရမယ့် အခြေအနေမှာဆိုရင်တော့ do not disturb mode on ထားတာက အာရုံပျံ့လွင့်မှုကို လျော့နည်းစေနိုင်ပါတယ်။
2. စာလုပ်မယ့် စားပွဲပေါ်ကို သပ်သပ်ရပ်ရပ်နဲ့ အပိုပစ္စည်းတွေမရှိအောင် ရှင်းထားပါ။
စားပွဲပေါ်မှာ ကိုယ်လုပ်မယ်ဆိုတဲ့ စာနဲ့ ပတ်သက်တဲ့ ပစ္စည်းကလွဲရင် တခြားအပိုပစ္စည်းတွေက မရှိလေ ကောင်းလေပါပဲ။ ပစ္စည်းတွေ ပွလေလေ၊ အာရုံပျံ့လွင့်မှု ပိုများလေလေ ဖြစ်တတ်တဲ့အတွက်ကြောင့်ပါ။ ထပ်တိုးပြောရရင် အခုခေတ်မှာ aesthetic ဆိုပြီး စားပွဲခုံမှာ ပစ္စည်းတွေ လှလှပပနဲ့ အများကြီး စီရီထား လာကြပါတယ်။ ဒီလိုလုပ်တာဟာ ဓာတ်ပုံအတွက်သာ လှလှပပ၊ သပ်သပ်ရပ်ရပ်ဖြစ်ပြီး ကိုယ်တကယ် စာလုပ်ရင်တော့ အာရုံစိုက်ရခက်တာကို သတိချပ်စေချင်ပါတယ်။
3. music နဲ့ စာလုပ်တာကလည်း အာရုံစူးစိုက်အားကို ပိုကောင်းစေပါတယ်။
music ဆိုရင် genre ကအမျိုးမျိုး ရှိတာကိုတော့ လူတိုင်းသိကြမယ် ထင်ပါတယ်။ ဒီထဲမှာမှ lofi music တို့ soft music တို့ instrumental music တို့လို lyrics မပါတဲ့ music တွေကို အသုံးပြုခြင်းကသာ အာရုံစူးစိုက်မှုကို တိုးစေတာပါ။ lyrics နဲ့သီချင်းတွေအပြင် hip hop တို့၊ DJ တို့လို မြူးမြူးကြွကြွပုံစံတွေဆိုရင်တော့ အာရုံကို ပိုတောင်ပျံ့လွင့်စေတဲ့အပြင် ဆိုချင်၊ ကချင်စိတ်တွေပါ ဖြစ်လာနိုင်ပါတယ်။
4. စာလုပ်ရင် မရမချင်း တစ်နေကုန်မလုပ်ဘဲ နားချိန်လေးတွေ ထားပေးဖို့လိုအပ်ပါတယ်။
ငယ်ငယ်က ဆရာ၊ဆရာမတွေ ပြောပြတာကြားဖူးကြမှာပါ “ ဆယ်တန်းကို All D ရသွားတဲ့ ဟိုအကိုကြီးက စာကို တစ်နေကုန်လုပ်တာ၊ ညဆိုလည်းမအိပ်ဘူး။ မနက်ဆိုရင်လည်း အစောကြီးထတယ်။ ထမင်းစားရင်တောင် ဘေးမှာစာအုပ်နဲ့” စသဖြင့်ပေါ့။ အမှန်တော့ ဒီလိုမရပ်မနား စာလုပ်တာက မှားပါတယ်။ စာကို ထင်သလောက် မကျက်နိုင်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်ပါ ဒုက္ခပြန်ပေးနေသလိုပါပဲ။ ဒီလို မရပ်မနားလုပ်မယ့်အစား ကြားထဲ နားချိန်လေးတွေ ပေးသင့်ပါတယ်။ ကိုယ့်ဦးနှောက်ရော ကိုယ့်ခန္ဓာကိုယ်ရော ရေရှည်မှာ အဆင်ပြေအောင်ပေါ့။ ကျောင်းသားတွေအတွက် အကြံပေးချင်တာတော့ စာလုပ်တဲ့အခါ pomodoro method ကိုအသုံးပြုဖို့ပါပဲ။ pomodoro method ဆိုတာ ၂၅ မိနစ် စာလုပ် ၊ ၅ မိနစ်နားပုံစံမျိုးဖြစ်ပြီး တော်တော်များများကတော့ တစ်ခါစာလုပ်ရင် Pomodoro 5 sessions လောက်အသုံးပြုကြတာကို YouTube channel တွေကတစ်ဆင့် လေ့လာရပါတယ်။ ဒီ method ဟာ တကယ်လည်း ထိရောက်ပြီး လူကိုလည်း မပင်ပန်းစေပါဘူး။ Pomodoro အတွက် အချိန်မှတ်တဲ့အခါ ဖုန်းလည်းမကြည့်ဖြစ်အောင် “Flora - Green Focus” ဆိုတဲ့ application ကိုလည်း တော်တော်များများက အသုံးပြုလာကြပါတယ်။
5. နောက်ဆုံးအနေနဲ့ မိမိရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးရပါမယ်။
စာလုပ်တယ်ဆိုတာထက် ဘယ်အရာကိုပဲလုပ်လုပ် ကျန်းမာနေမှ လုပ်ရကိုင်ရတာ အဆင်ပြေချောမွေ့တာပါ။ ဒါကြောင့် အိပ်ချိန်၊ စားချိန်ကို ပုံမှန်ထားပြီး ကျန်းမာအောင် ကိုယ်လက်လှုပ်ရှား အားကစားလေးတွေလည်း အချိန်ပေးပြုလုပ်ပေးသင့်ပါတယ်။ အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့ညီညွတ်အောင် အာဟာရအုပ်စု စုံစုံလင်လင်ပါအောင် စားပေးသင့်ပါတယ်။ ဒါမှ စာလုပ်ဖို့အတွက် ခွန်အားအပြည့်ရှိနေမှာ ဖြစ်ပါတယ်။
အပေါ်ကအချက်တွေကတော့ စာကို productive ဖြစ်အောင် လုပ်ဆောင်ပေးသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောရရင် productive ဖြစ်ရန်အတွက် စာလုပ်တဲ့အချိန်မှာ မိမိအာရုံဟာ စာမှာပဲ ရှိနေဖို့ကတော့ အထူးလိုအပ်ပါတယ်။ အားလုံးပဲ အချိန်ကို အကျိုးရှိရှိနဲ့ စာတွေလုပ်ကာ ယခုထက်ပိုမိုထူးချွန်အောင်မြင်တဲ့ပြီး ဘဝရဲ့လမ်းစကို ရှာတွေ့နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်။
Su Yadanar Htet
(Undergraduate Programme)
BM Batch - 26
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
