Halo Effect: သင့်ရဲ့ဆုံးဖြတ်ချက်တွေကို တိတ်တဆိတ် ထိန်းချုပ်နေသူ
Halo Effect ဆိုတာက လူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဆုံတဲ့အခါ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ ပုံပန်းသွင်ပြင်၊ ယုံကြည်မှုရှိတဲ့ဟန်ပန် ဒါမှမဟုတ် စကားပြောကောင်းမှု စတဲ့ ထူးခြားတဲ့ အသွင်အပြင်တစ်ခုကို အခြေခံပြီး တခြားအရည်အချင်းတွေကိုပါ အကောင်းမြင်ကာ လျင်မြန်စွာ ဆုံးဖြတ်ချက်ချတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဥ်တစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အချက်အလက်မပြည့်စုံဘဲနဲ့ အကဲဖြတ်မှုတွေ ပြုလုပ်မိစေပြီး ကျွန်တော်တို့ရဲ့ ပထမဆုံးအထင်အမြင်တွေကို ကြီးမားစွာ လွှမ်းမိုးပါတယ်။ Psychology Today ရဲ့ ဖော်ပြချက်အရ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ပထမဆုံးတွေ့ဆုံချိန်မှာ စက္ကန့်ပိုင်းအတွင်း ချက်ချင်းအကဲဖြတ်တတ်ပြီး၊ ဒီအကဲဖြတ်မှုက နောင်မှာ ဒီလူကို ဘယ်လိုမြင်လဲဆိုတာကိုပါ သက်ရောက်စေပါတယ်။
Halo Effect ဟာ အပြုသဘောဆောင်တဲ့ သဘောတရားတစ်ခုဖြစ်ပေမယ့် သူ့ရဲ့ပြောင်းပြန်ဖြစ်တဲ့ Horn Effect ဒါမှမဟုတ် Devil Effect လို့ခေါ်တဲ့ အနုတ်လက္ခဏာဆောင်တဲ့ သဘောတရားလည်း ရှိပါတယ်။ လူတစ်ယောက်ရဲ့ အားနည်းချက် ဒါမှမဟုတ် မကောင်းတဲ့အချက်တစ်ခုကို မြင်လိုက်တဲ့အခါ သူ့ရဲ့တခြားနေရာတွေကိုပါ မကောင်းဘူးလို့ ယူဆမိပြီး အနုတ်သဘောတစ်ခုလုံးနဲ့ မြင်သွားတတ်တာမျိုး ဖြစ်ပါတယ်။ ဒီသဘောတရားနှစ်ခုလုံးဟာ လူမှုဆက်ဆံရေးနဲ့ ဆုံးဖြတ်ချက်ချမှုတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
Halo Effect ရဲ့ သက်ရောက်မှုနယ်ပယ်များ
ပညာရေး - ကျောင်းသားတစ်ယောက်ဟာ ပုံမှန်ကျောင်းလာတာ၊ ယဉ်ကျေးတာ၊ သပ်ရပ်တာမျိုးလို အပြုသဘောဆောင်တဲ့ အရည်အချင်းတွေရှိနေရင် ဆရာတွေက သူ့ကို တခြားကျောင်းသားတွေထက် ပိုတော်တယ်၊ ပိုပြီး အရည်အချင်းရှိတယ်လို့ အလိုလို ယူဆမိတတ်ပါတယ်။ ဒီအထင်အမြင်က ကျောင်းသားကို အမှတ်ပေးခြင်း၊ ဂရုစိုက်ပေးခြင်းနဲ့ အခွင့်အလမ်းတွေ ပေးရာမှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုက ပြောင်းပြန်ဖြစ်နိုင်ပြီး အထင်အမြင်မကောင်းတဲ့ ကျောင်းသားတစ်ဦးဟာ သူ့ရဲ့တကယ့်အရည်အချင်းတွေ ဘာပဲဖြစ်နေပါစေ အနာဂတ် စာမေးပွဲတွေမှာ ပိုမိုပြင်းထန်တဲ့ အကဲဖြတ်မှုတွေ ခံရနိုင်ပါတယ်။ ဒါကြောင့် ဆရာ/ဆရာမတွေအနေနဲ့ ကျောင်းသားတွေကို သူတို့ရဲ့ အရည်အချင်းအပေါ် မူမတည်ဘဲ ကိုယ်ရေးကိုယ်တာအထင်အမြင်တွေအပေါ် မူတည်ပြီး အကဲဖြတ်မှုတွေ မပြုလုပ်မိဖို့ အရေးကြီးပါတယ်။
အလုပ်ခွင် - လုပ်ငန်းခွင်မှာလည်း Halo Effect ဟာ ဝန်ထမ်းခန့်အပ်တာ၊ ရာထူးတိုးတာနဲ့ စွမ်းဆောင်ရည် အကဲဖြတ်တာတွေအပေါ် ကြီးမားစွာ သက်ရောက်မှုရှိပါတယ်။ ဥပမာ- ဝန်ထမ်းတစ်ဦးဟာ ဆက်သွယ်ပြောဆိုမှု ကောင်းမွန်တဲ့အတွက် သူ့ကို တခြားကဏ္ဍတွေဖြစ်တဲ့ စီမံခန့်ခွဲမှု ဒါမှမဟုတ် ဗျူဟာကျကျ တွေးခေါ်မှုတွေမှာလည်း သာလွန်တယ်လို့ ယူဆမိတတ်ပါတယ်။ ဒါက ဝန်ထမ်းရဲ့ လုပ်ရည်ကိုင်ရည်ထက် အကောင်းမြင်တဲ့ပုံရိပ်တစ်ခုတည်းကြောင့် ရာထူးတိုးမြှင့်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာ အပြုသဘောမဆောင်တဲ့ ဝန်ထမ်းတစ်ဦးဟာ နောက်ပိုင်းမှာ ဘယ်လောက်ပဲ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနေပါစေ အရင်အနုတ်လက္ခဏာဆောင်တဲ့ အထင်အမြင်ကို ပြန်ဖျောက်ဖို့ ခက်ခဲနိုင်ပါတယ်။
စျေးကွက်ရှာဖွေရေးနဲ့ ကြော်ငြာ - Halo Effect ဟာ စျေးကွက်ရှာဖွေရေးမှာ အင်မတန်ထိရောက်တဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ကုန်အမှတ်တံဆိပ်နဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အရည်အသွေးတစ်ခု အကြား အကောင်းမြင်တဲ့ ဆက်စပ်မှုကို တည်ဆောက်ဖို့ ဒီသဘောတရားကို အသုံးချကြပါတယ်။ ဥပမာအားဖြင့် နာမည်ကြီးပြီး ဈေးကြီးတဲ့ ကားထုတ်လုပ်သူတစ်ဦးဟာ သူ့ရဲ့ အရည်အသွေးမြင့် စွမ်းဆောင်ရည်တွေကြောင့် ကျော်ကြားရင် လူတွေဟာ အဲဒီအမှတ်တံဆိပ်က ထုတ်တဲ့ နာရီလိုမျိုး မသက်ဆိုင်တဲ့ပစ္စည်းတွေကိုပါ ပိုပြီး အရည်အသွေးမြင့်တယ်လို့ ယူဆကြပါတယ်။ နာမည်ကြီးသူတွေနဲ့ ကြော်ငြာခြင်းဟာလည်း ဒီနည်းဗျူဟာကို အသုံးပြုတာဖြစ်ပြီး စားသုံးသူတွေဟာ သူတို့ချစ်ခင်တဲ့ နာမည်ကြီးပုဂ္ဂိုလ်ရဲ့ ချီးမွမ်းမှုကို ထုတ်ကုန်အပေါ် လွှဲပြောင်းပေးလိုက်ခြင်းအားဖြင့် အရောင်းတက်စေပါတယ်။
Halo Effect ရဲ့ ဆိုးကျိုးများနဲ့ လျှော့ချဖို့နည်းလမ်းများ
Halo Effect ဟာ တစ်ခါတရံ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ဖြစ်ပေါ်စေနိုင်ပေမယ့် ဆုံးဖြတ်ချက်ချတဲ့နေရာမှာတော့ ကြီးမားတဲ့ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဒီဖြစ်စဉ်ဟာ အချက်အလက်မပြည့်စုံတဲ့ ဒါမှမဟုတ် မှားယွင်းတဲ့ ရွေးချယ်မှုတွေကို ဦးတည်စေနိုင်ပါတယ်။ ဥပဒေရေးရာကိစ္စတွေမှာဆိုရင်လည်း တရားခံရဲ့ ရုပ်ရည်သွင်ပြင်နဲ့ အမူအရာတွေက တရားသူကြီးတွေကို လွှမ်းမိုးပြီး ဘက်လိုက်တဲ့ စီရင်ဆုံးဖြတ်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
Halo Effect ကို လျှော့ချဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခု မချခင်မှာ ရှုထောင့်အမျိုးမျိုးကနေ အချက်အလက်တွေကို စုဆောင်းတာ၊ မေးခွန်းတွေမေးတာနဲ့ အကောင်းအဆိုးနှစ်မျိုးလုံးကို ကြည့်ရှုတာမျိုး ပြုလုပ်သင့်ပါတယ်။ ရှုပ်ထွေးတဲ့ ဆုံးဖြတ်ချက်တွေကို သေးငယ်တဲ့ အစိတ်အပိုင်းတွေအဖြစ် ခွဲခြမ်းပြီး တစ်ခုချင်းစီကို သီးခြားကြည့်ရှုတာကလည်း အထောက်အကူပြုပါတယ်။
ကုမ္ပဏီတွေအတွက် နည်းဗျူဟာတွေအနေနဲ့ ဝန်ထမ်းခန့်အပ်တာနဲ့ စွမ်းဆောင်ရည်အကဲဖြတ်ရာမှာ ဓမ္မဓိဋ္ဌာန်ကျတဲ့ အကဲဖြတ်စံနှုန်းတွေကို အသုံးပြုပြီး လုပ်ထုံးလုပ်နည်းတွေကို စနစ်တကျ ပြဋ္ဌာန်းတာမျိုး လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဆုံးဖြတ်ချက်ချသူတွေနဲ့ မန်နေဂျာတွေကို Halo Effect အကြောင်း သိရှိနားလည်စေမယ့် သင်တန်းတွေ ပို့ချပေးခြင်းအားဖြင့်လည်း ကုမ္ပဏီအတွင်း ပိုပြီးမျှတတဲ့ လုပ်ထုံးလုပ်နည်းတွေ ဖြစ်ပေါ်လာစေမှာပါ။ Halo Effect ကို နားလည်ထားတာဟာ ဘက်လိုက်မှုကို ရှောင်ရှားရုံသက်သက်မဟုတ်ဘဲ သက်ဆိုင်သူအားလုံးအတွက် အကျိုးရှိမယ့် ပိုပြီးကောင်းမွန်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်နိုင်ဖို့လည်း ဖြစ်ပါတယ်။
www.mindshift.zone မှ Understanding the Halo Effect: Influence on Perception ဆောင်းပါးကို ကိုးကားထားပါတယ်။
Htet Pann Wai
B.Com (Q**), M.Com
Meiktila University of Economics
Latest Articles
ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ
2 weeks ago
ငွေကြေးကုန်ကျမှုမများဘဲ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်မယ့် Growth Hacking Marketingရဲ့ လျှို့ဝှက်ချက်
2 weeks ago
လုပ်ငန်းခွင်တွင်းက တိတ်ဆိတ်သော ပြိုင်ပွဲ/တိုက်ပွဲ
3 weeks ago
နေ့စဉ်ဘဝမှာ Critical Thinking ကို ဘယ်လိုအသုံးချမလဲ
3 weeks ago
"တိတ်ဆိတ်ခြင်းနောက်ကွယ်က အသံ" (Silent Quitting)
4 weeks ago
