EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
ကျွန်တော်တို့တွေဟာ နေ့စဉ်ဘဝမှာ "ဒီလူ EQ မြင့်တယ်ကွာ" ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ IQ (Intelligence Quotient) ဆိုတာကို သိပ်မရင်းနှီးရင်တောင်မှ EQ (Emotional Quotient) ဆိုတဲ့ စကားလုံးနဲ့တော့ အတော်များများ ရင်းနှီးနေကြပြီလို့ ထင်ပါတယ်။ ဒါဆို ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်က တစ်ယောက်ယောက်မှာ EQ ဘယ်လောက်မြင့်တယ်ဆိုတာကို ဘယ်လိုများသိနိုင်မလဲ။ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အောင်မြင်တဲ့သူတွေ၊ လူချစ်လူခင်ပေါတဲ့သူတွေနဲ့ ဆက်ဆံရေးကောင်းတဲ့သူတွေကို တွေ့ဖူးကြမှာပါ။ သူတို့ဟာ ဘယ်လို အရည်အချင်းတွေကြောင့် ဒီလိုဖြစ်နေတာလဲလို့ စဉ်းစားဖူးပါသလား။ ဒါတွေဟာ IQ (Intelligence Quotient) လို့ခေါ်တဲ့ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတာ တစ်ခုတည်းနဲ့တင် အရာရာတိုင်းကို ပြီးပြည့်စုံအောင် လုပ်နိုင်နေတာတော့ မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ လူတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုဟာ EQ (Emotional Quotient) လို့ခေါ်တဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ ပထမဆုံး EQ ဆိုတာကို ရှင်းရမယ်ဆိုရင် ကိုယ်ခံစားနေရတဲ့ စိတ်ခံစားမှုတွေကို နားလည်သဘောပေါက်ပြီး စီမံခန့်ခွဲနိုင်တာပါ။ ဒါအပြင့် ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ စိတ်ခံစားမှုတွေကိုလည်း နားလည်ပြီး သူတို့နဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်တဲ့ အရည်အချင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ဒါဆို EQ မြင့်မားတဲ့သူတွေမှာ ဘယ်လိုလက္ခဏာတွေ ရှိလဲဆိုတာ ဆက်ကြည့်ရအောင်။
ကိုယ့်စိတ်ခံစားချက်ကို ကိုယ်တိုင် နားလည်ခြင်း: EQ မြင့်မားတဲ့သူတစ်ယောက်ဟာ သူတို့ရဲ့ ကိုယ်ပိုင်စိတ်ခံစားချက်တွေကို အမည်တပ်ပြီး ဖော်ထုတ်နိုင်စွမ်းရှိပါတယ်။ "ငါ စိတ်ဆိုးနေတယ်" ဆိုတဲ့အဆင့်ထက် "ငါ စိတ်ပျက်လို့ ဒေါသထွက်နေတယ်၊ ဘာကြောင့်လဲဆိုတော့..." ဆိုပြီး နက်ရှိုင်းစွာ သိရှိနားလည်တတ်ကြပါတယ်။ ဒီလိုသိရှိနားလည်မှုကနေမှ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် ဖြေရှင်းဖို့ လမ်းကြောင်းရှာနိုင်တာဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းတတ်ကြပြီး မလိုအပ်တဲ့ ပဋိပက္ခတွေကို ရှောင်ရှားနိုင်ပါတယ်။
ပတ်ဝန်းကျင်ကလူတွေကို စာနာနားလည်ပေးခြင်း: နောက်ထပ်သိသာတဲ့ အချက်ကတော့ သူတစ်ပါးရဲ့ ခံစားချက်တွေကို မြင်နိုင်စွမ်း (Empathy) ပဲဖြစ်ပါတယ်။ တခြားသူတွေ ဝမ်းနည်းနေရင်၊ စိတ်ညစ်နေရင် သတိထားမိတတ်ပြီး နားလည်ပေးဖို့၊ အားပေးဖို့ ကြိုးစားတတ်ကြပါတယ်။ သူတို့ဟာ နားထောင်ခြင်းအတတ်ပညာကို အထူးကျွမ်းကျင်ကြပါတယ်။ တစ်ဖက်လူစကားပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး စကားတွေကို အချိန်ပေးနားထောင်တတ်ကြပါတယ်။ ဒီလိုနားထောင်ပေးခြင်းကနေ တဆင့် ဆက်ဆံရေး တွေကို ပိုမိုနက်ရှိုင်းစွာ တည်ဆောက်နိုင်တာဖြစ်ပါတယ်။
ခက်ခဲတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း: EQ မြင့်သူတွေဟာ နေ့စဉ်ဘဝမှာ ဝေဖန်မှတွေနဲ့ ကြုံရတဲ့အခါ သူတို့ရဲ့ တုံ့ပြန်မှုက တစ်ခြားသူတွေနဲ့မတူပဲ ကွဲပြားပါတယ်။ သူတို့ဟာ ဝေဖန်မှုကို ဒေါသမထွက်ဘဲ ဒီဝေဖန်မှုထဲမှာ ဘာအချက်အလက်တွေရှိလဲ၊ ကိုယ့်အတွက် သင်ခန်းစာယူစရာရှိလားဆိုတာကို စဉ်းစားတတ်ကြပါတယ်။ ဝေဖန်မှုကို ခံနိုင်ရည်ရှိပြီး အကောင်းဆုံးသင်ယူလိုက်နိုင်တာဟာ EQ မြင့်မားမှုရဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ဒါ့အပြင် သူတို့တွေဟာ ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း စိတ်ခံစားချက်သက်သက်နဲ့ မချဘဲ ယုတ္တိရှိရှိ ချိန်ဆတတ်ကြပါတယ်။ စိတ်ဆိုးဒေါသထွက်နေချိန်မှာ အရေးကြီးဆုံးဖြတ်ချက်တွေကို ချမှတ်ခြင်းမျိုး ရှောင်ကြဉ်တတ်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ စိတ်အခြေအနေက ဆုံးဖြတ်ချက်ကို ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲဆိုတာကို သိရှိနားလည်ထားတဲ့အတွက် ဖြစ်ပါတယ်။
ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုနိုင်ခြင်း: လူမှုဆက်ဆံရေးမှာလည်း EQ မြင့်သူတွေဟာ အနိုင်ကျင့်ခံရတာတွေ ဒါမှမဟုတ် အဖွဲ့ထဲကနေဖယ်ချန်ခံရတာတွေ မရှိသလောက်နည်းပါတယ်။ သူတို့ဟာ အုပ်စုတစ်ခုအတွင်းကွဲပြားမှုတွေကို စီမံခန့်ခွဲနိုင်စွမ်းရှိပြီး ကရုဏာတရားနဲ့ နားလည်မှုပေးကာ ပဋိပက္ခတွေကို ဖြေရှင်းတတ်ကြပါတယ်။ သူတို့ရဲ့ ပတ်ဝန်းကျင်က လူတွေနဲ့လည်း အလုပ်လုပ်ရတာ သက်တောင့်သက်သာရှိပြီး ရင်းနှီးမှုတည်ဆောက် ဖို့လည်းလွယ်ကူပါတယ်။
နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် EQ မြင့်သူတွေဟာ ပြောင်းလဲမှုကို လက်ခံတတ်ကြပါတယ်။ ဘဝမှာ အပြောင်းအလဲတွေကို ကြောက်ရွံ့ထိတ်လန့်နေတာထက် ဒါဟာ သဘာဝဖြစ်စဉ်တစ်ရပ်ဆိုတာ လက်ခံပြီး စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိရှိနဲ့ ရင်ဆိုင်ကျော်လွှားတတ်ကြပါတယ်။ ဒီလိုမျိုး အချက်တွေကို သတိထားကြည့်မယ်ဆိုရင် ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်က လူတွေမှာပါ EQ ဘယ်လောက်မြင့်မားသလဲဆိုတာ အကြမ်းဖျင်းတော့ ခန့်မှန်းလို့ရပါတယ်။ EQ ဆိုတာက မွေးရာပါအရည်အချင်းမဟုတ်ပဲ ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်အောင် ကြိုးစားပြီး လေ့ကျင့်ယူလို့ရတဲ့ စွမ်းရည်တစ်ရပ်ဖြစ်တယ်ဆိုတာကိုလည်း သတိရဖို့လိုပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဒီလက္ခဏာတွေ သိပ်မရှိသေးဘူးလို့ ထင်ရင်တောင် စိတ်ဓာတ်မကျဘဲ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ပိုပြီးသိရှိနားလည်အောင် လေ့ကျင့်ကြည့်လို့ရပါတယ်။
ပထမဆုံး အချက်ကတော့ "ခဏလေး ရပ်ပြီး ကိုယ့်ကိုယ်ကိုယ် မေးဖို့" ပါပဲ။ တစ်နေ့တာလုံး ကျွန်တော်တို့ဟာ အလုပ်တွေ၊ စကားတွေ၊ ဖုန်းတွေကြားမှာ အချိန်ကုန်နေတတ်ပါတယ်။ ဒီလိုမျိုးမှာ ကိုယ်ခံစားနေရတဲ့ စိတ်ခံစားချက် တစ်ခုချင်းစီကို သတိထားမိဖို့ဆိုတာ မလွယ်ပါဘူး။ ဒါဆိုရင် နေ့စဉ် ငါးမိနစ်၊ ဆယ်မိနစ်လောက် ကိုယ်တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်ပြီး "ဒီနေ့ ငါ့စိတ်ထဲ ဘာတွေဖြစ်သွားလဲ" ဆိုတာကို ပြန်သုံးသပ်ကြည့်တာမျိုးပေါ့။ မနက်ခင်းအိပ်ယာထချိန် ဒါမှမဟုတ် ညအိပ်ခါနီးအချိန်လေးတွေက ဒီအတွက် အကောင်းဆုံးအချိန်တွေပါပဲ။
နောက်တစ်ချက်က "ကိုယ်ခန္ဓာကို နားထောင်ဖို့"ပါ။ စိတ်ခံစားချက်ဆိုတာ ဦးနှောက်ထဲမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကလည်း သူ့နည်းသူ့ဟန်နဲ့ ပြောပြနေတတ်ပါတယ်။ စိတ်ညစ်လာရင် ပခုံးတွေတင်းလာတယ်၊ ဗိုက်အောင့်လာမယ်။ စိတ်လှုပ်ရှားလာရင် နှလုံးခုန်နှုန်းတွေမြန်လာတယ်။ ဒီလိုလက္ခဏာတွေကို သတိထားမိတာနဲ့ " ငါ အခုစိတ်ဖိစီးနေပြီ" "ငါ စိုးရိမ်နေမိပြီ" ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် သတိပြုမိလာမှာပါ။
နောက်တစ်ခုက စိတ်ခံစားချက်တိုင်းမှာ နာမည်ရှိပါတယ်။ ဒါကြောင့် "ခံစားချက်ကို နာမည်တပ်ကြည့်ဖို့" ကလည်း အရမ်းအထောက်အကူပြုပါတယ်။ "ငါစိတ်ခံစားချက် မကောင်းဘူး" ဆိုတဲ့ အလွတ်ခံစားချက်ထက် "ငါ စိတ်ပျက်နေတယ်"၊ "ငါ မကျေမနပ်ဖြစ်နေတယ်"၊ "ငါ အားငယ်နေတယ်" ဆိုပြီး ပိုတိကျအောင်ခေါ်ဝေါ်ကြည့်တာဖြစ်ပါတယ်။ ဒီလိုနာမည်တပ်လိုက်တာနဲ့တင် ဒီခံစားချက်က ကိုယ့်အပေါ် ထိန်းချုပ်မှု နည်းသွားတတ်ပါတယ်။
ဒီထက်ပိုပြီး နက်နက်နဲနဲသိချင်ရင်တော့ "မေးခွန်းထုတ်ကြည့်ဖို့" ပါ။ "ဘာကြောင့် ဒီလိုခံစားရတာလဲ" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ဖြေရှင်းဖို့ထက် နားလည်ဖို့အတွက်ပါ။ တစ်ခုခုကို စိတ်ဆိုးမိတိုင်း "ဘာက ငါ့ကို ဒီလောက်ထိစိတ်ဆိုးစေတာလဲ" ဆိုတာမျိုး ဆင်ခြင်ကြည့်တာပေါ့။ ဒီလိုလုပ်တာက ကိုယ့်ရဲ့ ခံစားချက်ရဲ့ ဇစ်မြစ်ကို ရှာဖွေရာရောက်ပြီး နောက်တစ်ခါကျရင် ပိုပြီးသတိထားမိလာမှာပါ။
နောက်ဆုံးအနေနဲ့ကတော့ "ခံစားချက်တွေကို ရေးချတဲ့အလေ့အကျင့်" ကိုလုပ်ကြည့်ပါ။ မှတ်စုစာအုပ်လေးတစ်အုပ်ထားပြီး ညနေခင်းတိုင်း (ဒါမှမဟုတ်) ခံစားချက်ပြင်းပြင်းထန်ထန်ဖြစ်တိုင်း ရေးချလိုက်ပါ။ ရှင်းလင်းချက်တွေအများကြီးရေးစရာမလိုပါဘူး ကိုယ်တိုင်အတွက်ပဲ ရေးတာပါ။ "ဒီနေ့ ကိုယ်စိတ်ဆိုးရတဲ့အကြောင်း... ပြီးတော့ ဘယ်လိုနေလိုက်တယ်..." ဆိုပြီး ရေးချလိုက်တာဟာ စိတ်ထဲက အရာတွေကို ပြင်ပကိုယူထုတ်ပြီး ကြည့်ရှုနိုင်တဲ့အတွက် ပိုရှင်းလင်းသွားစေပါတယ်။
ဒီနည်းလမ်းလေးတွေကို ပုံမှန်လေး အကျင့်လုပ်ကြည့်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့စိတ်ခံစားချက် တွေကို ပိုပြီးသိနားလည်လာမှာပါ။ EQ မြင့်တယ်ဆိုတာက စိတ်ခံစားချက်တွေကို ထိန်းချုပ်ပစ်လိုက်တာမဟုတ်ပါဘူး။ ဒီထက်ပိုပြီးနက်ရှိုင်းတဲ့ကိစ္စပါ။ ကိုယ့်စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိနားလည်ထားတာ၊ ပြီးတော့ ဒီခံစားချက်တွေကို ဘယ်လိုစီမံခန့်ခွဲရမယ်၊ ဘယ်လိုအသုံးချရမယ်ဆိုတာကို သိရှိထားတာပါ။
ဒီလိုလူမျိုးတွေဟာ ကိုယ့်ကိုယ်ကိုယ် သိပ်သိကြပါတယ်။ ဘာကြောင့် စိတ်ဆိုးရတာလဲ၊ ဘာကြောင့် ဝမ်းနည်းရတာလဲဆိုတဲ့ အကြောင်းရင်းဇစ်မြစ်ကို သိကြပါတယ်။ သူများတွေရဲ့ ခံစားချက်တွေကိုလည်း ကိုယ်ချင်းစာစိတ်နဲ့ မြင်တတ်တယ်၊ နားလည်ပေးတတ်တယ်။ ဒါကြောင့် လူမှုဆက်ဆံရေးမှာ သက်တောင့်သက်သာရှိပြီး ကိုယ့်ခံစားချက်ကြောင့် အလုပ်နဲ့လူမှုဆက်ဆံရေးတွေ မပျက်စီးအောင် ကာကွယ်နိုင်ကြပါတယ်။ သူတို့ဟာ ခံစားချက်တွေရဲ့ ကျေးကျွန်မဖြစ်ဘဲ၊ ခံစားချက်တွေကို အသုံးချပြီး ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့ စီမံခန့်ခွဲရေးမန်နေဂျာတွေပါပဲ။ အနှစ်ချုပ်ပြောရမယ်ဆိုရင် EQ မြင့်တာဟာ စိတ်ထဲဖြစ်သမျှကို သိနားလည်ပြီး ဘဝကို ပိုပျော်ရွှင်အောင်၊ ပိုအောင်မြင်အောင် စီမံနိုင်စွမ်းရှိတဲ့ စွမ်းရည်တစ်မျိုးပါပဲ။
HelpGuide.org ရဲ့ “Improving Emotional Intelligence” ကိုဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။
Daw Thwet Shwe Yee Htun
B. Com, M.com**(MEUE)
Meiktila University of Economics
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
3 weeks ago
