“EI and Dhamma”
ခုပြောမှာကတော့ လူတော်တော်များများသိနေကြပြီးသားဖြစ်တဲ့ EI (Emotional Intelligence) အကြောင်းပဲ ဖြစ်ပါတယ်။ EI ကိုတိုင်းတာတဲ့အရာကို EQ လို့ခေါ်ပါတယ်။ ကျွန်မကတော့ EI/ EQ ကို သက်ဝင်ယုံကြည်ပြီး ဒီအတိုင်းကျင့်ကြံဖို့ ကြိုးစားနေသူတစ်ယောက်ဖြစ်တဲ့ အတိုင်း၊ ကျွန်မရဲ့လောကုတ္တရာဘဝထဲကိုလည်း EI/EQ ကို ချိတ်ဆက်ကျင့်ကြံဖို့ ကြိုးစားနေပါတယ်။ ဒါကိုမျှဝေခွင့်ပြုပါရှင်။ EQ မှာ self နဲ့ others ဆိုပြီး ကဏ္ဍ(၂) ခုရှိပါတယ်။ Self နဲ့ others ဖြစ်ပါတယ်။ ကဏ္ဍတစ်ခုစီမှာလည်း အပိုင်း (၂) ပိုင်းစီ ရှိပါတယ်။ အတိုချုပ်ပြောရရင်တော့...
အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် သိအောင်လုပ် (self-awareness)
ကိုယ့်ကိုယ်ကိုယ်ထိန်း (self-management)
“Self အပိုင်း”
နောက်ပြီးတော့ သူများအခြေအနေကိုသိအောင်လုပ် (social awareness)
သူတို့နဲ့အဆင်ပြေအောင် ပြောဆိုဆက်ဆံ၊ ပြုမူကျင့်ကြံပါ ( social skills/ relationship management) ပေါ့။
“Others အပိုင်း”
လောကမှာ လူတွေနဲ့အတူယှဉ်တွဲနေထိုင် အလုပ်လုပ်ကြရတာဖြစ်တဲ့အတွက် တခြားသူတွေနဲ့ အဆင် ပြေအောင် နေထိုင်လုပ်ကိုင်တတ်ဖို့ အရေးကြီးလှပါတယ်။ သူများတွေနဲ့အဆင်ပြေအောင် ပြောဆိုဆက်ဆံ နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးသိရှိနားလည်ပြီး လိုသလို ပုံသွင်းထိန်းကျောင်းနိုင်ဖို့ အရေးကြီး ပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်စိတ်ကို 'ထိန်း' နိုင်ဖို့က ပဓာနကျပါတယ်။ ပြီးတော့ ကိုယ်နဲ့ပတ်သက်ဆက်ဆံရမယ့်သူတွေရဲ့ အကြောင်းကို 'သိ' ဖို့လိုပါတယ်။ အဲ့ဒီလိုသိဖို့အတွက်က empathy ဆိုတဲ့ကိုယ်ချင်းစာနာစိတ်က အလွန်ပဲအရေးကြီးပါတယ်။ သူ့နေရာကနေဝင်ခံစားပြီး၊ သူ့အကြောင်းကိုသိသွားတဲ့အခါမှာတော့ သူနဲ့ကောင်းကောင်းဆက်ဆံပြောဆိုနိုင်သွားပြီး social relationship လည်းကောင်းသွားတာကြောင့် လူမှုဆက်ဆံရေးပြေပြစ်သွားတဲ့အတွက် ဘယ်နေရာ ရောက်ရောက်၊ ဘယ်သူနဲ့ ဆက်ဆံပြောဆိုလုပ်ကိုင်ရပါစေ၊ အချိန်တစ်ခုရောက်လာတဲ့အခါမှာတော့ အောင်မြင်မှာမလွဲပါဘူး။
ကျွန်မတို့လောကလူသားများဟာ အဝိဇ္ဇာအမှောင်ဖုံးမှု (မောဟ) ကြောင့် အမှန်တရား သစ္စာ (၄) ပါးတရားကို မသိခဲ့တာကြောင့် ဘဝသံသရာမှာ ကျင်လည်ခဲ့ကြရပါတယ်။ အဝိဇ္ဇာဆိုတဲ့ မသိနားမလည်မှုနဲ့ တဏှာဆိုတဲ့ လိုချင်တဲ့စိတ်တွေကြောင့် လိုချင်တာတွေကို ရအောင်ကြံစည်၊ ပြောဆိုပြုလုပ်လာကြတဲ့အတွက် သင်္ခါရတွေဖြစ်သွားကြပြီး သံသရာဝဲဂယက်မှာ မျောပါနေကြရတယ်ဆိုတာကို ကျွန်မတို့တော်တော် များများသိကြပါတယ်နော်။ ဒီတော့ ဒီအဝိဇ္ဇာကို ပညာဉာဏ်နဲ့ဖယ်ရှားနိုင်အောင် ကြိုးစားလာကြတော့ ကိုယ့်ကိုယ်ကိုယ် အဓိကနဲ့ သာမညကို ခွဲခြားသိမြင်လာပါတယ်။ ဒါက self awareness ပဲ ဖြစ်ပါတယ်။ သိပြီးတော့ မကျင့်သုံးရင်လည်း အလကားပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုသိပြီး ပညာဉာဏ်နဲ့ ထိန်းချုပ်ပြီး သင်္ခါရတွေထပ်မပြုဖြစ်အောင် သတိနဲ့ထိန်းသိမ်းနိုင်အောင် ကြိုးစားတာကတော့ self control/ self management ဖြစ်ပါတယ်။ ဒီအထိက self နဲ့ပတ်သက်တဲ့အပိုင်းပဲဖြစ်ပြီးတော့ ချိတ်ဆက်စဉ်းစားရာမှာ ရိုးရိုးရှင်းရှင်းပါပဲ။
နောက်တစ်ပိုင်းကတော့ Others အပိုင်းပဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ ကျွန်မတို့က EQ ရဲ့ extrinsic value ကို Intrinsic value အဖြစ်ပြောင်းပြီးတွေးရမှာဖြစ်ပါတယ်။ လောကနယ်ပယ်မှာ အများနဲ့ဆက်ဆံရတော့ သူတို့ရဲ့အခြေအနေကိုသိမှ သူတို့နဲ့အဆင်ပြေအောင် လိုက်ညှိနိုင်မှာဖြစ်လို့ empathy နဲ့ social relationship က အရေးကြီးပေမယ့် လောကုတ္တရာနယ်မှာတော့ ပြင်ပအခြေအနေတွေကို အရှိကိုအရှိအတိုင်းလက်ခံဖို့၊ သိရုံသာသာသိနေဖို့၊ မတုံ့ပြန်ဖို့ဆိုတဲ့ equanimity 'ဥပေက္ခာ'တရားက အလွန်ပဲအရေးကြီးပါတယ်။ ကျွန်မတို့ ကျင်လည်လာခဲ့ကြရတဲ့ ဘဝပေါင်းများစွာမှာ ပြုလုပ်လာခဲ့ကြတဲ့ သင်္ခါရပေါင်းများစွာတို့ရဲ့ အကြောင်းတရားတွေကြောင့် တချို့သော အကျိုးတရားတွေကို ဒီဘဝမှာ တွေ့ကြုံကြရပါတယ်။ ဒါတွေ ကတော့ ကောင်းဆိုးနှစ်တန် လောကဓံတွေပါပဲ။ ကျွန်မတို့ရဲ့အာရုံ (၅) ပါးထဲကိုဝင်လာတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိတွေကို ကောင်းတာတွေရော မကောင်းတာတွေကိုပါ တည်ကြည်ငြိမ်သက်တဲ့ စိတ်နဲ့ လက်ခံပြီးသိနေဖို့၊ မတုံ့ပြန်ဖို့ပဲ ဖြစ်ပါတယ်။ ဒါက social awareness နဲ့ social relationship အပိုင်းမှာ ချိတ်ဆက်စဥ်းစားရမယ့် သဘောတရားပဲ ဖြစ်ပါတယ်။
ဒီလိုပြောလိုက်တော့ ကိုယ့်ကိုဆိုးဝါးစွာထိခိုက်လာတဲ့အခါမှာရော မတုံ့ပြန်ရဘူးဆိုတာဖြစ်နိုင်ပါ့မလားလို့ တချို့လူတွေက မေးချင်နေပါလိမ့်မယ်။ ကျွန်မတို့က လောကီလူသားတွေဆိုတော့ အထိုက်အလျောက်တော့ တုံ့ပြန်မိတာမျိုးဖြစ်နိုင်ပါတယ်။ ဒီအခါမှာ သတိလေးနဲ့ တည်ကြည်ငြိမ်သက်တဲ့စိတ်နဲ့ တစ်ဖက်သားကို မုန်းတီးစိတ်နဲ့မဟုတ်ဘဲ လုပ်သင့်တာကို လုပ်လိုက်တယ်ဆိုတဲ့စိတ်နဲ့ပဲ လုပ်ဆောင်နိုင်ဖို့ ကြိုးစားရင်း၊ ထိန်းချုပ်ရင်းနဲ့ပဲ ကိလေသာတွေကို တစ်စတစ်စပါးသွားအောင် ကြိုးစားကြပါစို့လားရှင်။
မေတ္တာဖြင့် ....
Daw Aye Aye Win
B. Com (Hons, YIE), M.Com, Diploma in English,
M.A (International Business Studies), (Sophia University, Japan)
Latest Articles
လုပ်ငန်းခွင်မှာ ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ အဖွဲ့အစည်းရဲ့စွမ်းဆောင်ရည်အပေါ်သက်ရောက်မှုများ
2 days ago
Assignment တွေ ဘယ်လိုရေးကြမလဲ
2 days ago
HR ကောင်းတစ်ယောက်ဖြစ်စေရန် Empathy ရဲ့ အရေးပါမူ
2 days ago
ဈေးကွက်ရှာဖွေရေးမှာ အသုံးအများဆုံး AIDA Model အကြောင်း
1 week ago
AI Content Detection Tools များ
1 week ago
