Cloud နည်းပညာ (Cloud Computing) ၏ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါမှုများ
ယနေ့ခေတ်စီးပွားရေးသည် ပြောင်းလဲမှုမြန်ဆန်ပြီး ပြိုင်ဆိုင်မှုပြင်းထန်လာသည်နှင့်အမျှ Cloud နည်းပညာသည် စီးပွားရေးလုပ်ငန်းများအတွက် မရှိမဖြစ် အထောက်အကူပြုလာခဲ့ပါတယ်။ Cloud နည်းပညာဟာ လုပ်ငန်းများနှင့် ပုဂ္ဂိုလ်ရေးအသုံးပြုသူများအတွက် အကျိုးအမြတ်များစွာကို ပေးစွမ်းနိုင်ပါတယ်။
Cloud နည်းပညာ ဆိုတာဘာလဲ?
Cloud နည်းပညာ ဆိုတာကတော့ အင်တာနက် (Internet) ကို အသုံးပြုပြီး ဒေတာများ၊ အပလီကေးရှင်းများ၊ ဆာဗာများ၊ သိုလှောင်မှုစနစ်များကို အဝေးမှ ဝင်ရောက်အသုံးပြုနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ နားလည်လွယ်အောင်ပြောရမယ်ဆိုရင် မိမိတို့ရဲ့ကွန်ပျူတာထဲမှာ ဆော့ဝဲလ်များကို တင်နေစရာမလိုဘဲ အင်တာနက်ရှိရုံနဲ့ Google Drive, Gmail, Facebook, YouTube တို့လို အပလီကေးရှင်းများကို အသုံးပြုနိုင်တာက Cloud နည်းပညာကို အသုံးပြုနေတာပဲဖြစ်ပါတယ်။
Cloud နည်းပညာရဲ့ အဓိကလုပ်ဆောင်ပေးနိုင်တဲ့အရာများမှာ -
၁။ ဒေတာများကို အင်တာနက်ပေါ်မှာ သိမ်းဆည်းပေးခြင်းပဲဖြစ်ပါတယ်။ Google Drive, Dropbox, OneDrive တို့လို cloud storage များမှာ ဖိုင်တွေကို သိမ်းဆည်းထားနိုင်ပါတယ်။ အားသာချက်က မည့်သည့် device ကနေမဆို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
၂။ Software as a Service (SaaS) လို့ခေါ်တဲ့ ဝန်ဆောင်မှုများကို ရရှိနိုင်ပါတယ်။ Gmail, Zoom, Microsoft 365 တို့လို ဆော့ဝဲလ်များကို မိမိကွန်ပျူတာထဲမှာ တင်စရာမလိုဘဲ browser မှတဆင့် အင်တာနက်ရှိရုံနဲ့ အသုံးပြုနိုင်ပါတယ်။
၃။ Infrastructure as a Service (IaaS) ဆိုတဲ့ ဝန်ဆောင်မှုဟာ စီးပွားရေးလုပ်ငန်းတွေကို သူတို့ကိုယ်တိုင် ဒေတာဆာဗာများ တည်ဆောက်စရာမလိုဘဲ အသုံးပြုနိုင်ခြင်းဘဲဖြစ်ပါတယ်။ Amazon Web Services (AWS), Microsoft Azure တို့ကနေ ဒေတာဆာဗာ၊ ကွန်ပျူတာကွန်ယက်ချိတ်ဆက်မှုနဲ့ ဒေတာသိမ်းဆည်းတဲ့စနစ်တွေကို အငှားဝန်ဆောင်မှုများအနေနဲ့ ဝယ်ယူအသုံးပြုနိုင်ပါတယ်။
၄။ Platform as a Service (PaaS) လို့ခေါ်တဲ့ Developer များကို အပလီကေးရှင်းများဖန်တီးဖို့အတွက် platform တစ်ခုအဖြစ် ပံ့ပိုးပေးတဲ့ ဝန်ဆောင်မှုပဲဖြစ်ပါတယ်။ ဒီလိုဝန်ဆောင်မှုတွေပေးနိုင်တာဖြစ်တဲ့အတွက် ယနေ့ခေတ်မှာ Cloud နည်းပညာဟာ စီးပွားရေးလုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ နည်းပညာတစ်ခုဖြစ်လာပါတယ်။ Cloud နည်းပညာကို အသုံးပြုခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအနေနဲ့ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများစွာရှိပါတယ်။ များစွာသော အကျိုးကျေးဇူးများထဲမှ (၉) ချက်ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
Cloud Solution များရဲ့ အကျိုးကျေးဇူးများ
၁။ စရိတ်သက်သာခြင်း
Cloud နည်းပညာများကို အသုံးပြုခြင်းဖြင့် နည်းပညာပြောင်းလဲအသုံးပြုရာတွင် အဓိကကုန်ကျမှုဖြစ်သော ဟာဒ်ဝဲလ်များနဲ့ ဆော့ဖ်ဝဲလိုင်စင်များဝယ်ယူမှုများအတွက်လည်း စရိတ်များကို လျှော့ချနိုင်ပြီး ထိုအရာများနဲ့ပတ်သတ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်မလိုအပ်တော့ပါ။ လုပ်ငန်းလိုအပ်ချက်အတိုင်း ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုနိုင်ပြီး အရင်းအမြစ်များကိုလည်း လိုအပ်သလို ချဲ့ထွင်အသုံပြုနိုင်ပါတယ်။
၂။ ပူးပေါင်းလုပ်ဆောင်ရမည့် အလုပ်များအတွက် ပိုမိုမြန်ဆန်လာခြင်း
Cloud Solution များဟာ ဝန်ထမ်းများအကြား ပူးပေါင်းလုပ်ဆောင်ရမည့် အလုပ်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်စေနိုင်ပါတယ်။ Google Workspace ကဲ့သို့သော platform များဖြင့် မည်သည့်နေရာမှမဆို ဖိုင်များကိုမျှဝေခြင်း စာရွက်စာတမ်းများကို တပြိုင်နက်တည်း တည်းဖြတ်နိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့ဝင်များအနေနဲ့ Slack သို့မဟုတ် Microsoft Teams ကို အသုံးပြု၍ ပရောဂျက်များကို အဆင်ပြေချောမွေ့အောင် စီမံခန့်ခွဲနိုင်ပါတယ်။
၃။ ဒေတာများလုံခြုံမှု ပိုမိုရရှိလာခြင်း
Cloud ဝန်ဆောင်ပေးသူများဟာ ဒေတာများကို လုံခြုံရေးနည်းလမ်းများစွာဖြင့် ကာကွယ်ပေးထားပါတယ်။ ဝင်ခွင့်မရှိသောသူများ ကိုယ်စနစ်ထဲကို မဝင်ရောက်လာနိုင်အောင် အတည်ပြုစစ်ဆေးချက်များ၊ ဒေတာများကို ပုံမှန်ကူးယူထားခြင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာသောအခါ ဒေတာများကို ပြန်လည်ရယူနိုင်ရန် နည်းလမ်းများ အစရှိတဲ့ကာကွယ်ရေးနည်းလမ်းများကို ထောက်ပံ့ပေးထားတာဖြစ်တဲ့အတွက် လုပ်ငန်းများဟာ ဒေတာများကို လုံခြုံစိတ်ချစွာ အသုံးပြုလာနိုင်ပါတယ်။
၄။ လိုအပ်သလို ချဲ့ထွင်နိုင်ခြင်း
Cloud Solution များသည် လုပ်ငန်းလိုအပ်ချက်များအပေါ်မူတည်ပြီး အရင်းအမြစ်များကို တိုးချဲ့ခြင်း သို့မဟုတ် လျှော့ချခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ ဥပမာ လုပ်ငန်းကြီးထွားလာခဲ့ပါက Cloud ပေါ်မှာ သိမ်းဆည်းမှုနေရာ သို့မဟုတ် ဝန်ဆောင်မှုများကို အလွယ်တကူ တိုးချဲ့ဝယ်ယူ အသုံးပြုနိုင်ပါတယ်။
၅။အချိန်ကုန်သက်သာခြင်း
Cloud သည် စနစ်များကိုမွမ်းမံခြင်း၊ ဒေတာသိမ်းဆည်းခြင်းကဲ့သို့သော အလုပ်များကို အလိုအလျောက်လုပ်ဆောင်ပေးနိုင်တာကြောင့် လုပ်ငန်းများအတွက် အချိန်ကုန်သက်သာစေပါတယ်။ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေစဉ်အတွင်း မွမ်းမံမှုများကို ပြုလုပ်တာမျိုးမဟုတ်ဘဲ လုပ်ငန်းချိန်ပြင်ပ ညအချိန်မှသာ အလိုအလျောက် မွမ်းမံပေးခြင်းကြောင့် အလုပ်နှောင့်နှေးမှုများကို လျော့ကျစေပါတယ်။ နည်းပညာဆိုင်ရာ ဝန်ထမ်းများအနေနဲ့လည်း စနစ်မွမ်းမံခြင်း၊ ဒေတာသိမ်းဆည်းခြင်းများကို အချိန်ပေးလုပ်ဆောင်စရာမလိုဘဲ လုပ်ငန်းရဲ့ အဓိကကျသောအလုပ်များကိုပဲ ဉီးစားပေးဆောင်ရွက်နိုင်ပါတယ်။
၆။ လုပ်ငန်း ယှဉ်ပြိုင်မှုများအတွက် အားသာချက်များရရှိခြင်း
Cloud နည်းပညာဟာ AI နဲ့ Big Data Analytics ကဲ့သို့သော နည်းပညာများနဲ့ပူးပေါင်း အသုံးပြုနိုင်ခြင်းကြောင့် အားသာချက်တစ်ခုက ဖောက်သည်များရဲ့အပြုအမူများ၊ စျေးကွက်လိုအပ်ချက်များနဲ့ပတ်သတ်တဲ့ ခန့်မှန်းချက်များ အစရှိတာတွေကို အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းစီမံခန့်ခွဲမှုများအတွက် ဆုံးဖြတ်ချက်များချရာတွင်လည်းကောင်း ဖောက်သည်များအတွက်ဝန်ဆောင်မှုများ ပံ့ပိုးပေးရာတွင်လည်းကောင်း အခြားလုပ်ငန်းများထက် သာလွန်အောင် အချိန်တိုအတွင်းမှာ လုပ်ဆောင်နိုင်ပါတယ်။
၇။ ဖောက်သည်များအတွက် ဝန်ဆောင်မှုပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ခြင်း
Cloud-based CRM များဖြင့် ဖောက်သည်များရဲ့ အချက်အလက်များကို အချိန်နှင့်တပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ပြီး AI နှင့် Machine Learning ကဲ့သို့သော နည်းပညာများဖြင့် ပူးပေါင်းအသုံးပြုပြီး ဖောက်သည်များရဲ့လိုအပ်ချက်များကို ခန့်မှန်းနိုင်ပြီး တစ်ဉီးတစ်ယောက်ချင်းစီအတွက် ဝန်ဆောင်မှုများကိုလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ဉပမာ ဖောက်သည်တစ်ယောက်ရဲ့ အပြုအမှု၊ အကြိုက်တွေပေါ်မှာလိုက်ပြီး နောက်ထပ် လိုက်လျောညီထွေရှိတဲ့ အချက်အလက်များကို ထုတ်ပြပေးတာမျိုးကို လုပ်ဆောင်ပေးနိုင်ပါတယ်။
၈။ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်ခြင်း
လုပ်ငန်းများအနေနဲ့ ဒေတာဆာဗာများ၊ ဒေတာစင်တာများ တည်ဆောက်စရာမလိုဘဲ ဝန်ဆောင်မှုအနေနဲ့ ဝယ်ယူအသုံးပြုနေနိုင်သော Cloud နည်းပညာများကြောင့် စွမ်းအင်သုံးစွဲမှုကို လျော့နည်းစေပါတယ်။ တချို့သော cloud ဝန်ဆောင်မှုပေးသူများဟာ လျှပ်စစ်ဓာတ်အားကို မီးလောင်စာမဟုတ်သော နည်းလမ်းများဖြင့် ထုတ်လုပ်ကြပါတယ်။ ဥပမာအားဖြင့် လေတိုက်စွမ်းအင်၊ နေရောင်ခြည်စွမ်းအင် စသည်တို့ဖြင့်ထုတ်လုပ်ကြပါတယ်။ ဒါကြောင့် လုပ်ငန်းများဟာ Cloud နည်းပညာကို အသုံးပြုခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တက်ကြွစွာ ပါဝင်နိုင်သလို တစ်ဘက်မှာလည်း ပတ်ဝန်းကျင်ထိခိုက်မှုကို တာဝန်ယူမှုရှိသော Cloud ဝန်ဆောင်မှုပေးသူများကို ရွေးချယ်သင့်ပါတယ်။
၉။အနာဂတ်အတွက်ပြင်ဆင်မှု
Cloud Solution များဟာ ယခုလက်ရှိနဲ့ အနာဂတ်မှာပါ လုပ်ငန်းများအတွက် အရေးပါသော နည်းပညာပဲ ဖြစ်ပါတယ်။ Cloud ကို အသုံးပြုခြင်းဖြင့် လုပ်ငန်းများဟာ ယှဉ်ပြိုင်မှုများဖြင့် ရပ်တည်နေနိုင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ပြီး လုပ်ငန်းလိုအပ်ချက်အတိုင်း တိုးချဲ့ခြင်းများကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒေတာများရဲ့လုံခြုံရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒီလိုအားသာချက်များကြောင့် လုပ်ငန်းတွေဟာ Cloud နည်းပညာကို အသုံးပြုခြင်းအားဖြင့် နောင်အနာဂတ်မှာထွက်ပေါ်လာသော နည်းပညာအသစ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုတင်ပြင်ဆင်ထားရာလည်း ရောက်ပါတယ်။
အနှစ်ချုပ်ဆိုရသော် Cloud နည်းပညာသည် စရိတ်သက်သာမှု၊ လုပ်ငန်းချောမွေ့မှု၊ ယှဉ်ပြိုင်နိုင်မှုနှင့် အနာဂတ်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရင်းအနှီး ဖြစ်လာပါတယ်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် Cloud ရဲ့ အားသာချက်များကို အသုံးချကာ ဈေးကွက်ဦးဆောင်မှုကို ရယူနိုင်ပြီး ပြောင်းလဲနေသောနည်းပညာများနဲ့ လိုက်လျောညီထွေစွာ လည်ပတ်နိုင်မှာဖြစ်ပါတယ်။
Reasons to choose best Cloud Solutions for Business in 2024 မှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Sandi Su Hlaing
Lecturer, Strategy First Int'l College
B.C.Sc., B.C.Sc. (Hons), M.C.Sc.
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
1 day ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
1 day ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
4 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
4 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
6 days ago
