အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးစီမံခန့်ခွဲမှုစနစ်များရဲ့ အခန်းကဏ္ဍ
စီးပွားရေးတစ်ခု တိုးတက်ဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် သုံးနေကြနည်းလမ်းတွေအပြင်၊ ခေတ်မီနည်းပညာတွေကိုလည်း ပေါင်းစပ်ပြီး အကောင်အထည်ဖော်မှ အောင်မြင်မှုရနိုင်ပါတယ်။ ဒါဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ငန်းကို တိုးတက်အောင် လုပ်လို့ရလဲဆိုတာ ကြည့်ရအောင်။
စီးပွားရေး တိုးတက်မှု ပုံစံများ
McKinsey ရဲ့ သုတေသနအရ၊ လုပ်ငန်းတွေဟာ တိုးတက်မှု လမ်းကြောင်းအများအပြားမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ ရေရှည်အမြတ်အစွန်းနဲ့ တည်ငြိမ်တဲ့ တိုးတက်မှုရဖို့ ၉၇% ပိုပြီး အခွင့်အရေးရှိပါတယ်။ အဓိက တိုးတက်မှု လမ်းကြောင်းသုံးခုကို ဖော်ပြပေးပါမယ်။
-
မိမိကိုယ်တိုင် တိုးတက်မှု (Self-reliant Growth)
ဒီနည်းလမ်းဟာ ကိုယ့်လုပ်ငန်းရဲ့ အတွင်းပိုင်းစွမ်းရည်ကို အားကိုးပြီး တိုးတက်အောင် လုပ်တာပါ။ ဥပမာ- ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်အောင် လုပ်တာ၊ အလိုအလျောက်စနစ် (Automation) တွေ သုံးပြီး မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချတာမျိုးပေါ့။ ဒါက လုပ်ငန်းကို အကြွေးမယူဘဲ ကိုယ့်အားကိုယ်ကိုးပြီး တိုးတက်အောင် လုပ်နိုင်ပါတယ်။
-
မဟာဗျူဟာမြောက် တိုးတက်မှု (Strategic Growth)
ဒီနည်းလမ်းကတော့ ပိုပြီး စနစ်တကျ လုပ်ဆောင်ရပါတယ်။ ဥပမာ- ထုတ်ကုန်အသစ် ဖန်တီးတာ၊ ဒါမှမဟုတ် ဖောက်သည်အသစ်တွေဆီ ရောက်ရှိဖို့အတွက် စျေးကွက်ရှာဖွေရေး မဟာဗျူဟာအသစ် ချမှတ်တာမျိုးပေါ့။ ဒါတွေက မိမိကိုယ်တိုင် တိုးတက်မှုထက် ငွေကြေးနဲ့ အရင်းအမြစ် ပိုမိုလိုအပ်ပါတယ်။ အောင်မြင်ဖို့အတွက် ဆန်းသစ်တဲ့ အတွေးအခေါ်တွေအပြင်၊ အရင်းအမြစ်တွေကို ထိထိရောက်ရောက် အသုံးချနိုင်မယ့် အမြင်လည်း ရှိဖို့လိုပါတယ်။
-
ပူးပေါင်းခြင်း၊ မိတ်ဖက်ဖွဲ့ခြင်းနဲ့ ဝယ်ယူခြင်း (Mergers, Partnerships and Acquisitions)
ဒီနည်းလမ်းတွေကတော့ လုပ်ငန်းကို ဈေးကွက်အသစ်တွေဆီ ထိုးဖောက်ဖို့၊ ဖောက်သည်အသစ်တွေ ပိုမိုရရှိဖို့ ဒါမှမဟုတ် ဝန်ဆောင်မှုအမျိုးအစားတွေကို ပိုမိုစုံလင်အောင် လုပ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒီနည်းလမ်းတွေမှာ တခြားသော လုပ်ငန်းတွေနဲ့ ပူးပေါင်းရတာဖြစ်လို့ စနစ်တကျ စီစဉ်တာ၊ ညှိနှိုင်းတာနဲ့ အကောင်အထည်ဖော်တာတွေ လိုအပ်ပါတယ်။
ဒီလမ်းကြောင်းတစ်ခုစီတိုင်းမှာ ရှုပ်ထွေးမှုတွေနဲ့ အခက်အခဲတွေ ရှိပါတယ်။ အောင်မြင်ဖို့အတွက် ပထမဆုံးအနေနဲ့ လုပ်ငန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်နိုင်တဲ့ အမြင်ရှိဖို့ လိုပါတယ်။ ဥပမာ- ကုန်ပစ္စည်းစာရင်း၊ ဘဏ္ဍာရေးအခြေအနေ၊ ရောင်းသူ/ပေးသွင်းသူ ဆက်ဆံရေး၊ လုပ်ငန်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းတွေနဲ့ ဥပဒေလိုက်နာမှု စတာတွေပေါ့။ ပြီးတော့ အခက်အခဲတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့နဲ့ အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့အတွက် ရှင်းလင်းတဲ့ ရည်မှန်းချက်နဲ့ ကောင်းမွန်တဲ့ စီမံကိန်းတစ်ခုလည်း လိုအပ်ပါတယ်။
အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်လာတဲ့အခါမှာ ပေါ်ပေါက်လာတဲ့ ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ထိရောက်မှုဟာ အရေးကြီးဆုံးပါပဲ။ ထိရောက်မှုကို အဓိကထားပြီး လုပ်ဆောင်ခြင်းအားဖြင့် လုပ်ငန်းစဉ်တွေကို ချောမွေ့အောင်လုပ်တာ၊ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေကို လျှော့ချတာနဲ့ သတင်းအချက်အလက်အပေါ် အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချတာမျိုးတွေ လုပ်နိုင်ပါတယ်။
တိုးတက်မှုကို ခေတ်မီကိရိယာများနဲ့ စီမံခန့်ခွဲခြင်း
အတွင်းပိုင်း မဟာဗျူဟာတွေအပြင်၊ ခေတ်မီကိရိယာတွေကလည်း တိုးတက်မှုရရှိအောင် ကူညီနိုင်ပါတယ်။ ဥပမာ- Cloud-based စီးပွားရေးစီမံခန့်ခွဲမှုစနစ် (Business Management Solutions) တွေဟာ တိုးတက်မှုကို အထောက်အကူပြုတဲ့ အားသာချက်များစွာ ပေးစွမ်းနိုင်ပါတယ်။
-
ဒေတာ ပေါင်းစည်းခြင်း (Data Integration)
ခေတ်မီ စီးပွားရေးစီမံခန့်ခွဲမှုစနစ်တွေဟာ လုပ်ငန်းအတွင်းက လုပ်ငန်းဆောင်ရွက်ချက်တွေ၊ ဌာနတွေကြားက ကွာဟချက်တွေကို ပေါင်းကူးပေးပါတယ်။ ဒါ့အပြင် ဒေတာတွေကို ဗဟိုချုပ်ကိုင်မှုရှိတဲ့ Repository တစ်ခုထဲမှာ သိမ်းဆည်းပေးပြီး သတင်းအချက်အလက်စီးဆင်းမှုကို ချောမွေ့စေပါတယ်။ ဒီစနစ်တွေကို အင်တာနက်ရရင် ဘယ်နေရာကနေမဆို အသုံးပြုနိုင်တာကြောင့် ဒေတာအစုအပုံတွေကို ပပျောက်စေပြီး စနစ်တွေနဲ့ အဖွဲ့တွေကြား အချင်းချင်း ချိတ်ဆက်ပေးနိုင်ပါတယ်။
-
ဥပဒေ လိုက်နာမှု (Regulatory Compliance)
စီးပွားရေးစီမံခန့်ခွဲမှုစနစ်တွေဟာ လုပ်ငန်းတိုးတက်နေချိန်မှာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ကူညီပေးနိုင်ပါတယ်။ ဒါဟာ လုပ်ငန်းအသစ်တွေ စတင်တဲ့အခါ ဒါမှမဟုတ် ဥပဒေစည်းမျဉ်းတွေ မရင်းနှီးတဲ့ လုပ်ငန်းတွေနဲ့ ပူးပေါင်းချိန်မှာ အရေးကြီးပါတယ်။ ဒီစနစ်တွေက ပြင်ပအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်နိုင်ပြီး ဥပဒေလိုက်နာမှုတွေကို စောင့်ကြည့်နိုင်ဖို့ ကူညီပေးပါတယ်။
-
အမြဲတမ်း လျင်မြန်စွာ လှုပ်ရှားနိုင်မှု (Ongoing Agility)
Cloud-based စီးပွားရေးစီမံခန့်ခွဲမှုစနစ်တွေဟာ အချိန်နှင့်တပြေးညီ ဒေတာတွေကို မြင်နိုင်အောင် ပြသပေးပါတယ်။ ဒါကြောင့် လုပ်ငန်းလိုအပ်ချက်တွေနဲ့ စီးပွားရေးအခြေအနေတွေ ပြောင်းလဲလာတဲ့အခါ အရင်းအမြစ်တွေကို လျင်မြန်စွာ ချိန်ညှိနိုင်ပါတယ်။ Cloud solutions တွေရဲ့ Scalability ကြောင့် လုပ်ငန်းတွေဟာ ကြီးမားတဲ့ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ငန်းဆောင်ရွက်မှု တွေကို အနှောင့်အယှက်တွေမရှိဘဲ တိုးတက်မှုကို စီမံခန့်ခွဲနိုင်ပါတယ်။ ဒီစနစ်တွေဟာ လုပ်ငန်းချဲ့ထွင်နေစဉ်အတွင်း အသစ်ဝယ်ယူရရှိထားတဲ့ ပိုင်ဆိုင်မှုတွေနဲ့ အရင်းအမြစ်တွေကို ပေါင်းစည်းရာမှာလည်း ကူညီပေးပါတယ်။
စီးပွားရေးစီမံခန့်ခွဲမှု Platform တစ်ခုကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ
လုပ်ငန်းတစ်ခု တိုးတက်လာတဲ့အခါ စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုတွေ အမျိုးမျိုးရှိလာပါတယ်။ အပြောင်းအလဲတွေ မြန်ဆန်နေချိန်မှာ နည်းပညာအသစ်တွေကို အလွယ်တကူ ထည့်သွင်းအသုံးပြုဖို့ ခက်ခဲပါတယ်။ ဒီအတွက် လက်ညှိုးထောင်ပြီး အောင်မြင်အောင် လုပ်လို့မရပါဘူး။
နည်းပညာဖြေရှင်းနည်းတွေကို အကောင်အထည်ဖော်တာဟာ နှစ်တွေကြာလာတာနဲ့အမျှ ပိုမိုလွယ်ကူလာပေမယ့်၊ အဖွဲ့အစည်းနဲ့ ငွေကြေးဆိုင်ရာ ကတိကဝတ်တွေတော့ လိုအပ်ပါတယ်။ စီးပွားရေးစီမံခန့်ခွဲမှုစနစ်ကို အောင်မြင်စွာ ပေါင်းစည်းဖို့ဆိုရင် စနစ်ကျတဲ့ ချဉ်းကပ်မှု လိုအပ်ပါတယ်။ ရှုပ်ထွေးနိုင်တဲ့ ဒီလုပ်ငန်းစဉ်ကို လွယ်ကူစေဖို့အတွက် အောက်ပါအဆင့်တွေက ကူညီပေးနိုင်ပါတယ်-
၁။ ရည်မှန်းချက်များကို ရှင်းလင်းစွာ သတ်မှတ်ပါ
ရည်မှန်းချက်တွေ ရှင်းရှင်းလင်းလင်း ရှိထားတာဟာ စနစ်ကို ရွေးချယ်ပြီး အကောင်အထည်ဖော်ဖို့ လမ်းပြပေးပါလိမ့်မယ်။ သင့်ရဲ့ ဖြေရှင်းနည်းနဲ့ ဘာတွေလုပ်ဆောင်ချင်လဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြပါ၊ သင့်ရဲ့ လုပ်ငန်းရည်မှန်းချက်တွေကို မဟာဗျူဟာတွေနဲ့ ကိုက်ညီမှုရှိအောင် သေချာလုပ်ပါ။
၂။ သင့်တော်တဲ့ ဖြေရှင်းနည်းကို ရွေးချယ်ပါ
စီးပွားရေးစီမံခန့်ခွဲမှုစနစ်တွေ အကုန်လုံးက တူညီကြတာ မဟုတ်ပါဘူး။ ဒါကြောင့် သေချာလေ့လာဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ လုပ်ငန်းလိုအပ်ချက်တွေနဲ့ အသင့်တော်ဆုံးကို ရှာဖွေဖို့ ရွေးချယ်စရာ အများအပြားကို လေ့လာပါ။
၃။ လက်ရှိလုပ်ငန်းစဉ်များကို မှတ်တမ်းတင်ပြီး ပုံထုတ်ပါ။
သင့်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို Cloud-based စနစ်အသစ်ထဲ မထည့်သွင်းခင်၊ လက်ရှိလုပ်ငန်းစဉ်အားလုံးကို အသေးစိတ် မှတ်တမ်းတင်ပါ။ ဒီအဆင့်က စနစ်အတွင်းမှာ ဒီလုပ်ငန်းစဉ်တွေကို Digital ပုံစံနဲ့ ရေးဆွဲဖို့ ကူညီပေးပြီး၊ အပိုအလုပ်တွေ ဒါမှမဟုတ် ထိရောက်မှုမရှိတဲ့ နေရာတွေကို ဖော်ထုတ်ပေးနိုင်ပါတယ်။
၄။ စိတ်ကြိုက်ပြင်ဆင်ပြီး ဖွဲ့စည်းပါ။
စီးပွားရေးစီမံခန့်ခွဲမှုစနစ်အများစုမှာ စံသတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်တွေ ပါရှိပေမယ့်၊ သင့်ရဲ့ထူးခြားတဲ့ လုပ်ငန်းလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ကိုယ်တိုင် Configure လုပ်ဖို့ လိုအပ်ပါတယ်။ စိတ်ကြိုက်ပြင်ဆင်မှုတွေမှာ လုပ်ငန်းစီးဆင်းမှု (Workflows)၊ အစီရင်ခံစာ ပုံစံများ (Templates)၊ သုံးစွဲသူအဆင့်များနဲ့ လုပ်ငန်းအလိုက် သီးခြား Module များ အသုံးပြုခြင်းတို့ ပါဝင်နိုင်ပါတယ်။
၅။ ဒေတာ ရွှေ့ပြောင်းခြင်းကို လုပ်ဆောင်ပါ။
ရှိပြီးသား စနစ်တွေကနေ သက်ဆိုင်ရာ ဒေတာတွေကို Cloud solution ထဲကို ရွှေ့ပြောင်းတာဟာ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေတာကို သန့်ရှင်းရေးလုပ်တာ၊ အတည်ပြုတာနဲ့ စိတ်ချရမှုရှိစေတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီအဆင့်က သင့်ရဲ့ ဒေတာအားလုံးကို တစ်နေရာတည်းမှာ စုစည်းဖို့အတွက် အရေးကြီးပါတယ်။
၆။ ပြည့်စုံတဲ့ လေ့ကျင့်မှု ပေးပါ။
စီးပွားရေးစီမံခန့်ခွဲမှုစနစ်တစ်ခုရဲ့ ထိရောက်မှုဟာ အသုံးပြုသူတွေရဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပါတယ်။ စီမံခန့်ခွဲသူတွေကနေ အောက်ခြေဝန်ထမ်းတွေအထိ အဖွဲ့ဝင်တိုင်းအတွက် စေ့စေ့စပ်စပ် လေ့ကျင့်ပေးပါ။
၇။ စောင့်ကြည့်ပြီး အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။
အကောင်အထည်ဖော်ပြီးနောက် စွမ်းဆောင်ရည်ကို အဆက်မပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။ အခက်အခဲတွေကို ရှာဖွေဖို့နဲ့ လုပ်ငန်းစီးဆင်းမှု တိုးတက်စေဖို့ အကြံပြုချက်တွေအတွက် သုံးစွဲသူတွေဆီကနေ အကြံဉာဏ်တွေ တောင်းခံပါ။ ဒီလို အဆက်မပြတ် သုံးသပ်မှုက လိုအပ်တဲ့ စိတ်ကြိုက်ပြင်ဆင်မှုတွေနဲ့ ထပ်တိုး Module တွေ ထည့်သွင်းဖို့အတွက် အချိန်ပေးနိုင်ပါတယ်။
နည်းပညာအသစ်တွေက အဖွဲ့အစည်းတစ်ခုကို အကျိုးကျေးဇူးတွေ ပေးနိုင်ရုံသာမက စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေအတွက် စုစည်းမှုနဲ့ ချောမွေ့တဲ့ ချဉ်းကပ်မှုတစ်ခုကို ပေးခြင်းအားဖြင့် အဖွဲ့အစည်းရဲ့ တိုးတက်မှုကိုလည်း အရှိန်မြှင့်ပေးနိုင်ပါတယ်။
ရှင်းလင်းတဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီတဲ့ စိတ်ကြိုက်ပြင်ဆင်မှုတွေက လုပ်ငန်းစဉ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်တာကြောင့် ထိရောက်မှုကို မြှင့်တင်ပေးနိုင်ပြီး အပိုအလုပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါဟာ အဖွဲ့အစည်း တိုးတက်ဖို့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုကိုလည်း ပေးစွမ်းနိုင်မှာပါ။
forbes.com website မှ “The Role Of Business Management Systems In Organizational Growth” ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Daw May Thiri Khit
BA (Russian), YUFL
Diploma in English (YUFL), ADBM, DBM
M.Econ. (International Program), Chiang Mai University, Thailand
Latest Articles
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
2 weeks ago
ကောင်းမွန်တဲ့ AI Tool တစ်ခု ဘယ်လိုဖန်တီးရမလဲ
2 weeks ago
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
3 weeks ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
3 weeks ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
3 weeks ago
