အာရှမှာ စီးပွားရေးလုပ်ဖို့ စဉ်းစားရင် (၂)
အာရှစျေးကွက်ကို ဝင်ရောက်ပြီး လုပ်ငန်းလုပ်မယ်ဆိုရင် ကြုံရနိုင်တဲ့အခက်ခဲတွေ ရနိုင်မယ့် အခွင့်အလမ်းတွေကို အာရှမှာစီးပွားရေးလုပ်ဖို့စဉ်းစားရင်… ဆိုတဲ့ခေါင်းစဉ်နဲ့ ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုတော့ ဝင်ရောက်ဖို့ရွေးချယ်လိုက်ပြီးဆိုရင် ဘယ်လိုအောင်အောင်မြင်မြင်နဲ့ ဝင်ရောက်ရမလဲ၊ ကိုယ့်လုပ်ငန်းရဲ့ စျေးကွက်ကို ဘယ်လိုချဲ့ထွင်ရမလဲဆိုတာကို ဆက်လက် ဆွေးနွေးပါဦးမယ်။ အာဆီယံအပါအဝင် အာရှစျေးကွက်ဟာ တစ်စတစ်စတိုးတက်လာနေပြီး သက်ဆိုင်ရာ ဒေသခံအစိုးရနဲ့ အဖွဲစည်းတွေကလည်း နိုင်ငံခြားလုပ်ငန်းတွေဝင်လာဖို့ ဆွဲဆောင်မှုမျိုးစုံလုပ်နေတာလည်း သိထားပြီး ဖြစ်မှာပါ။ ကမ္ဘာ့လူဦးရေရဲ့ ရာခိုင်နှုန်းအတော်များများကလည်း အာရှမှာရှိနေတော့ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ စည်းမျဉ်းတွေ များပြားပြီး အတားအဆီးတွေလည်းရှိနေကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ ဒါကြောင့် လုပ်ငန်းတွေအနေနဲ့ အာရှစျေးကိုဝင်ဖို့စဉ်းစားတဲ့အခါ စီမံကိန်းရေးဆွဲတာတွေကို သေသေချာချာ လုပ်ဖို့လိုပါတယ်။ အာရှကိုချဲ့ထွင်လိုတဲ့ လုပ်ငန်းတွေအနေနဲ့ ဘယ်စျေးကွက်အသစ်ဟာ အောင်မြင်ဖို့ အလားအလာရှိသလဲဆိုတာသိဖို့ ထုတ်ပြန်ချက်တွေ၊ Report တွေ ရှိရပါမယ်။ ဒီ report မှာ ဒေသတွင်းစာသုံးသူတွေရဲ့ အချက်အလက်တွေ၊ ပြိုင်ဘက်လုပ်ငန်းတွေ၊ ဒေသတွင်းစည်းမျဉ်းတွေ၊ ဒေသအစိုးရတွေရဲ့ မက်လုံးနဲ့ဖြေလျှော့မှုတွေကို ရှာဖွေသိရှိရပါမယ်။ ဒီလို report တွေရဲ့ အချက်အလက်တွေအရ အာရှစျေးကွက်ကိုဝင်ဖို့ နည်းလမ်းကောင်းတချို့ကတော့ Export၊ Licensing နဲ့ Direct investment တို့ပဲ ဖြစ်ပါတယ်။
Export
ပို့ကုန်တင်သွင်းခြင်းဟာ အကြမ်းဖျင်းအားဖြင့်ဆိုရင် စီးပွားရေးစျေးကွက်ချဲ့ထွင်မှုမှာ Risk နည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်ဆို ထုတ်လုပ်မှုဖြစ်စဉ်တွေက ကိုယ့်ရဲ့နိုင်ငံမှာပဲဆိုတော့ ကောင်းကောင်း ထိန်းချုပ်နိုင်မှာမို့ပါ။ Capital investment လို ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာလည်း တခြားနိုင်ငံမှာ ထုတ်လုပ်မှုလုပ်တာထက် ကိုယ့်နိုင်ငံမှာလုပ်ပြီး ပို့ကုန်လုပ်တာက ပိုသက်သာပါတယ်။ သို့ပေမဲ့လည်း Exporting လုပ်တာက စျေးကွက်အသစ်မှာ ကိုယ့်ပစ္စည်းကိုရောင်းချဖို့ Third party လို ကိုယ့်ပစ္စည်းကို ဖြန့်ဝေ ပေးမယ့်အဖွဲ့စည်းတွေပေါ်မှာ မှီခိုနေရတာက အားနည်းချက်အနေနဲ့တော့ ရှိနိုင်ပါတယ်။ နောက်ပြီး ဒေသခံကိုယ့်ပစ္စည်းကိုဖြန့်ဝေပေးမယ့်သူတွေ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းတာက အကျိုးရှိပေမယ့် တစ်ဖက်ကလည်း ကိုယ့်လုပ်ငန်းရဲ့ စျေးကွက်ဆက်ဆံရေး၊ ဂုဏ်သတင်းနဲ့ နာမည်တွေကို လွှဲအပ်ပေးရသလို ဖြစ်နေပါတယ်။ ဒီလိုပြဿနာတွေကို အနည်းဆုံးဖြစ်ချင်ရင်တော့ ကိုယ်ဝင်ရောက်မယ့် နိုင်ငံရဲ့စျေးကွက်ကို သေသေချာချာ သုတေသနလုပ်ဖို့ပါပဲ။
Licensing
Licensing ဆိုတာ ကုမ္ပဏီတစ်ခုက တခြားကုမ္ပဏီတစ်ခုကို လုပ်ငန်းရဲ့ပိုင်ဆိုင်မှု၊ လုပ်ဆောင်မှုနဲ့ အခွင့်ရေးတချို့ကို သတ်မှတ်အချိန်တစ်ခုနဲ့ ယာယီလုပ်ခွင့်ပေးထားတာမျိုးပါ။ တစ်နည်းထပ်ပြောရရင် ကိုယ့်လုပ်ငန်းရဲ့ Intellectual property ကို အခကြေးငွေနဲ့ ငှားလိုက်တဲ့သဘောပဲ။ Licensing လုပ်မယ်ဆိုရင် ကိုယ်က သွားချင်တဲ့နိုင်ငံမှာရှိတဲ့ သေဒခံထုတ်လုပ်သူတွေ၊ လုပ်ငန်းတွေကို လိုင်စင်ပေးဖို့ စပြီးစဉ်းစားရပါတယ်။ ဒီလိုလုပ်တာက ချဲ့ထွင်မယ့်လုပ်ငန်းအတွက် Transportation cost လည်း သက်သာစေသလို Capital investment မှာလည်း Licensee ကပဲ တာဝန်ယူသွားမှာဖြစ်တဲ့အတွက် Licensor လုပ်ငန်းအတွက် ထုတ်လုပ်မှုစရိတ်တွေ ဖြန့်ဖြူးမှုလမ်းကြောင်းတွေကို ပိုကောင်းစေပါတယ်။ သတိကြီးကြီးထားရမှာက Partners ကောင်း Licensees ကောင်းတွေ ရွေးတတ်ဖို့ပါပဲ။
Direct Investment
Direct investment ဆိုတာ ရေရှည်မှာ ကိုယ့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးတိုးတက်မှုနဲ့ ဖွံ့ဖြိုးမှုတွေအတွက် လက်တွေ့ကျကျ အောင်မြင်နေတဲ့လုပ်ငန်းတွေ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံခြင်းမျိုးပါ။ သုတေသန စစ်တမ်းတွေအရ နိုင်ငံခြားကုမ္ပဏီတော်တော်များများဟာ အာရှကိုဝင်ရောက်တဲ့အခါ Direct investment ကို ရွေးချယ်ကြတယ်လို့ ဆိုထားပါတယ်။ နောက်ပြီး ဒေသခံအစိုးရတွေရဲ့ ထောက်ပံ့မှုတွေ မက်လုံးတွေရှိတဲ့ အထူးစီးပွားရေးဇုံနယ်ပယ်တွေကိုလည်း ပိုရွေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအထူးစီးပွားရေးဇုံတွေမှာက အခွန်သက်သာမှုတွေ၊ စနစ်ကျတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ သတ်မှတ်ချက်တွေ၊ ကျွမ်းကျင်လုပ်သားရရှိမှုတွေ စတဲ့အခွင့်လမ်းတွေရှိနေလို့ပါ။ ဆိုတော့ ဒီဇုံနယ်ပယ်မှာ ဒီနည်းလမ်းနဲ့ဝင်ရောက်ဖို့ကြိုးစားတာက အောင်မြင်ဖို့ အလားအလာများပါတယ်။
ဒါ့အပြင် အာရှကိုအောင်အောင်မြင်မြင် ဝင်ရောက်နိုင်မယ့် တခြားသိသင့်တဲ့ အချက်တချို့က ကိုယ်သွားမယ့် စျေးကွက်ကိုနားလည်ပြီး ကိုက်ညီတဲ့ဗျူဟာထုတ်နိုင်တာ၊ မတူညီတဲ့ ဒေသယဉ်ကျေးမှု တွေကို နားလည်တာ၊ မှန်ကန်တဲ့ပါတနာရှာနိုင်တာနဲ့ ရွေးချယ်နိုင်တာ၊ လျှော့ပေါ့တဲ့ ကုန်သွယ်ရေး စည်းမျဉ်းတွေကိုနားလည်တာ၊ အချိန်ခါကောင်းကိုစောင့်နိုင်တာ စတာတွေပါ။ ဒီတော့ အာရှဟာ ကြီးမားသလို ဆွဲဆောင်မှုလည်းရှိတဲ့ စျေးကွက်ကြီးတစ်ခုပါ။ အောင်မြင်မှုကြီး ရနိုင်သလို အချိန်မရွေးလည်း ကျဆုံးနိုင်ပါတယ်။ အာရှမှာ စျေးကွက်ချဲ့ထွင်ပြီး အောင်မြင်ချင်ရင်တော့ နည်းဗျူဟာကောင်းဖို့ လိုပါလိမ့်မယ်။
Acclaime.com မှာ တင်ပြထားတဲ့ How to successfully expand a business into Asia မှာ ကောက်နှုတ်ရေးသားထားပါတယ်။
U Zin Lwin Thant
B.Act, M.Act (MUE)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
