အောင်မြင်တဲ့ Motivational speaker တစ်ယောက်ဖြစ်အောင် Nick Vujicic ဘယ်လိုကြိုးစားခဲ့လဲ
''ကျွန်တော်တို့ ပြန်ထနိုင်မယ့် အခွင့်အလမ်းတစ်ခုကေတာ့ အမြဲရှိပါတယ်။ ခင်ဗျားလက်မလျှော့သေးသရွှေ့ အဲဒါကမပြီးဆုံးသေးပါဘူး'' Nick Vujicic
IMDB/ successsources/ Wiki
Nick Vujicic (Nicholas James Vujicic) ဆိုတာ ကမ္ဘာကျော် motivational speaker (စိတ်ခွန်အား တက်ကြွလာအောင် ပြောဟောသူ) တစ်ယောက်၊ ခရစ်ယာန် တရားဟောဆရာတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာသာမန်လူတွေနဲ့ မတူဘဲ ကိုယ်လက်အင်္ဂါ မပြည့်စုံဘဲ မွေးလာသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီလို ဘ၀က မပြည့်စုံပေမယ့် ၎င်းဟာ စိတ်ဓာတ်လုံး၀မကျဘဲ ဘ၀ကို အကောင်းဆုံး ဖြတ်သန်း ရှင်သန်နေထိုင်နေသူဖြစ်ပါတယ်။
Nick Vujicci ကိုတော့ ၁၉၈၂ ဒီဇင်ဘာ ၄ ရက်မှာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် ၎င်းဟာ တစ်ခြားကလေးငယ်တွေနဲ့မတူဘဲ လက်နဲ့ ခြေထောက် မပါဘဲ မွေးဖွားလာခဲ့ပါတယ်။ Phocomelia လို့ ခေါ်တဲ့ ရှားပါးတဲ့ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာကြောင့် သူ့မှာ လက်တွေ၊ခြေတွေပါမလာခဲ့ပါဘူး။ ဒါပေမယ့် သူ့မှာ ခြေထောက်တွေ မပါပေမယ့် သေးငယ်တဲ့ ခြေချောင်းလေး နှစ်ခုတော့ ပါ ပါတယ်။
ခုလို ပုံမှန်မဟုတ်ဘဲ မွေးလာတဲ့အတွက် သူ့ကို မွေးချိန်တုန်းက သူနာပြုက သူ အမေဆီကို ခေါ်လာပေမယ့် မိခင်ဖြစ်သူက ကနဦးမှာ သူ့ကို ကြည့်ဖို့၊ ချီဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ မိဘတွေဖြစ်တဲ့အတွက် သားဖြစ်သူရဲ့ အခြေအနေမှန်ကို လက်ခံပေးခဲ့ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်း ဆိုပြီးလက်ခံပေးခဲ့ကြပါတယ်။
ခုလို အခြေအနေနဲ့ မွေးလာတဲ့အတွက် Nick ရဲ့ ငယ်စဉ်ဘ၀မှာဘယ်လိုမှ မလှပခဲ့ပါဘူး။ သူငယ်စဉ်အရွယ်မှာ ဗစ်တိုးရီးယားပြည်နယ်က ဥပဒေတစ်ရပ်ကြောင့် ကိုယ်အင်္ဂါ မပြည့်စုံတဲ့ Nick ဟာ အဓိက စာသင်ကျောင်းတစ်ခုမှာ တက်ရောက်သင်ယူဖို့ အငြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း ယင်းဥပဒေ ပြောင်းသွားတာနဲ့အတူ Nick ဟာလည်း ယင်းကျောင်းမှာ တက်ခွင့်ရတဲ့ ကိုယ်အင်္ဂါချို့တဲ့သူ ပထမဆုံးကျောင်းသားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာ လက်၊ခြေတွေ မရှိတဲ့အတွက် တစ်ခြားကျောင်းသားတွေရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူအကြီးအကျယ် စိတ်ဓာတ်ကျခဲ့ပါတယ်။ သူ အသက် ၈ နှစ်လောက်မှာ သူ့ကိုယ်သူ သတ်သေဖို့ စဉ်းစားခဲ့ပြီး အသက် ၁၀ နှစ်မှာ ရေချိုးကန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ရေနှစ်သတ်ဖို့ ကြိုးပမ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ မိဘတွေကို ချစ်တဲ့ စိတ်ကြောင့်ပဲ သေကြောင်းကြံမယ့် အတွေးကို ဖယ်ထုတ်ခဲ့ပါတယ်။
Nick ဟာ ဘုရားသခင်ထံ သူ့ကို လက်တွေ၊ ခြေထောက်တွေ ပေးသနားဖို့ ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။ ကနဦးတုန်းကဆိုရင် သူ့ ဆုတောင်းတွေအတွက် အဖြေ ပြန်မရဘူးဆိုရင် သူဟာ ဘုရားသခင်ကို ချီးမွမ်းမှာမဟုတ်ဘူးလို့ ပြောခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကြီးမားတဲ့ ကိုယ်အင်္ဂါ မသန်းစွမ်းမှုနဲ့အတူ ရုန်းကန်ရှင်သန်နေထိုင်နေသူ အမျိုးသားတစ်ဦးအကြောင်း ရေးထားတဲ့ ဆောင်းပါး ပါ သတင်းစာတစ်စောင်ကို မိခင်ဖြစ်သူက သူ့ထံ ယူလာခဲ့ချိန်ကနေစပြီး သူ့ရဲ့ ယုံကြည်မှုတွေ ပြောင်းလဲခဲ့ပါတယ်။အဲဒီအချိန်ကစလို့ Nick ဟာ သူတစ်ယောက်တည်း ဒီလို အခက်အခဲတွေ ရင်ဆိုင်နေရတာမဟုတ်ဘူးဆိုတာက သဘောပေါက်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့မှာ လက်ခြေထောက်မရှိတဲ့အဖြစ်ကို စတင် လက်ခံပြီး အပြုသဘောဆောင် တွေးလာနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ အောင်မြင်စွမ်းဆောင်နိုင်မှုတွေက တစ်ခြားသူတွေကို စိတ်ခွန်အားနှိုးဆွနိုင်တယ်ဆိုတာကို သူ သဘောပေါက်လာခဲ့ပါတယ်။
Nick ဟာ တစ်ဖြည်းဖြည်းချင်းနဲ့ပဲ လက်ခြေထောက်မရှိဘဲ ဘ၀ကို ဘယ်လိုဖြတ်သန်း နေထိုင်ရမလဲ ဆိုတာကို သင်ယူခဲ့ပါတယ်။ ယင်းနောက် ကျွမ်းကျင်မှု အရည်အချင်းတွေ တတ်ဖို့ သင်ယူခဲ့ပါတော့တယ်။ အဲဒီနောက် Nick ဟာ သူ့ရဲ့ ခြေချောင်းလေး နှစ်ချောင်းနဲ့ပဲ စာရေးနိုင်ခဲ့ပြီး ကွန်ပြူတာလည်း သုံးနိုင်သွားခဲ့ပါတယ်။ ယင်းနောက် အချိန် တစ်မိနစ်အတွင်း စာလုံးရေ ၄၅ လံုံးအထိ စာရိုက်နိုင်သွားပါတယ်။ ယင်းနောက် တင်းနစ် ဘောလံုံး ပစ်တာ၊ ဒရမ် တီးတာ၊ ရေဖန်ခွက် ကိုင်တာ၊ ဆံပင် ဖြီးတာ၊ သွားတိုက်တာ၊ ဖုန်းခေါ်ဖြေဆိုတာ၊ မုတ်ဆိတ်ရိတ်တာ တို့ကိုလည်း လုပ်နိုင်အောင် သင်ယူလေ့ကျင့်ခဲ့ပါတယ်။ နောက်ပိုင်း ဂေါက်ရိုက်တာ၊ ရေကူးတာ၊ skydiving လုပ်တာတို့မှာလည်း ပါ၀င်လုပ်ဆောင်ခဲ့ပါတယ်။
Nick ဟာ အသက် ၂၁ နှစ်အရွယ်မှာပဲ Griffith University ကနေ Bachelor of Commerce ဘွဲ့ ရခဲ့ပါတယ်။ ဒါ့အပြင် accountancy နဲ့ financial planning တို့နဲ့လည်း ဘွဲ့ရခဲ့ပါတယ်။
၂၀၀၅ မှာတော့ Nick ဟာ နိုင်ငံတကာ အကျိုးအမြတ် မယူတဲ့ အဖွဲ့ Life Without Limbs ကို တည်ထောင်ခဲ့ပါတယ်။ ၂၀၀၇ မှာလည်း Attitude is Altitude ဆိုတဲ့ motivational speaking ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ၎င်းကတော့ The Butterfly Circus ဆိုတဲ့ ဇာတ်လမ်းတို တစ်ခုမှာ ပါ၀င်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ၂၀၁၀ မှာ Method Fest Independent Film festival မှာ Best Actor ဆု ရခဲ့ပါတယ်။
၂၀၀၂ ခုနှစ် မတ်လမှာ ၎င်းဟာ California ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ယင်းနောက် ၂၀၀၈ မှာ Kanae Miyahara နဲ့ ဆုံခဲ့ပြီး ၂၀၁၂ မှာ သူတို့ နှစ်ဦး လက်ထပ်ခဲ့ကြပါတယ်။ ၎င်းတို့ ဇနီးမောင်နှံမှာ ကလေး လေးယောက် ရှိပါတယ်။
အောက်ပါတို့ကတော့ ၎င်းရဲ့ ပြောစကားတွေအနက်က တစ်ချို့ ဖြစ်ပါတယ်။
“ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ခုလက်ရှိဘ၀ကို ချစ်တယ်၊ ဘာလို့ဆိုတော့ ကျွန်တော့် ရည်မှန်းချက်ကို တွေ့ထားပြီးလို့ ဖြစ်တယ်”
“ ကျွန်တော် ထပ်ခါတလဲလဲ ကြိုးစားသွားမှာဖြစ်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် လက်မြှောက် အရှုံးပေးလိုက်တဲ့ အခိုက်အတန့်ဟာ ကျွန်တော် ကျရှုံးသွားတဲ့ အခိုက်အတန့် ဖြစ်လို့ပါ”
“ ကျွန်တော်တို့ ကြိုးစားနေသမျှ ကာလပတ်လုံး ကျွန်တော်တို့ ပြန်ထနိုင်မယ့် အခွင့်အလမ်းတစ်ခုကတော့ အမြဲ ရှိပါတယ်။ ခင်ဗျား လက်မလျှော့သေးသရွှေ့ အဲဒါက မပြီးဆုံးသေးပါဘူး”
“ကျွန်တော်ကတော့ အကြိမ်တရာအထိလည်း ပြန်ထနိုင်ဖို့ ကြိုးစားမှာ ဖြစ်တယ်၊ ကျွန်တော် ကျရှုံးတယ်ဆိုရင် ကျွန်တော် လက်မြှောက်အရှုံးပေးလိုက်ရင် ကျွန်တော် ဘယ်တော့မှ ပြန်မထနိုင်တော့ဘူးလား၊ မဟုတ်ပါဘူး။ ကျွန်တော် ကျရှုံးလည်း ကျွန်တော် ထပ်ကြိုးစားမှာပါ၊ ထပ်ပြီးထပ်ပြီး ကြိုးစားမှာဖြစ်တယ်။ ဒါဟာ အဆုံးသတ်မဟုတ်သေးဘူးလို့ ခင်ဗျားကို ပြောချုင်လို့ဖြစ်တယ်”
“ ကျရှုံးမှုက ဘာမှ အရေးမကြီးပါဘူး၊ အရေးကြီးတာက ဒါကို ဘယ်လို ကျော်လွှားမလဲ ဆိုတာပဲဖြစ်တယ်”
“ ခင်ဗျား ဖြတ်သန်းရာ ဘ၀လမ်းမှာ ကျရှုံးကောင်း ကျရှုံးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဘ၀မှာ ကျရှုံးမှုနဲ့ ကြုံရနိုင်တယ်။ နောက်ပြီး ပြန်ထဖို့ အင်အား ရှာမတွေ့တဲ့အဖြစ်နဲ့လည်း ကြုံရနိုင်တယ်။ ဒါပေမယ့် ကျွန်တော် ပြောချင်တာက ကျွန်တော်လည်း ဒီမှာ လဲကျသွားတာ၊ ကျွန်တော့်မှာ ခြေတွေ၊ လက်တွေ မရှိဘူး။ ဒီလိုဆို ကျွန်တော့်အတွက်ကတော့ ပြန်ထဖို့ သိပ်မဖြစ်နိုင်တော့မလား။။ ဒါပေမယ့် အဲဒီလို မဟုတ်ပါဘူး”
photo;Discoveryourselfm/goalcast/youtube
https://www.imdb.com/name/nm3607348/bio
Latest Articles
လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းနှင့် နားလည်မှုလွဲမှားခြင်းများလျှော့ချခြင်း။
3 weeks ago
အကောင်းမြင်စိတ်ဖြင့် မိမိကိုယ်ကို အနုတ်လက္ခဏာဆန်ဆန် ပြောဆိုမှုများကို ရပ်တန့်ခြင်း
3 weeks ago
လုပ်ငန်းငယ်များနဲ့ တစ်ပတ်လည်စီးပွားရေးစနစ်: အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် အဓိကကျပါတယ်
3 weeks ago
ထိရောက်အောင်မြင်တဲ့ အသင်းအဖွဲ့များဖြစ်ဖို့ ရှိရမယ့် လက္ခဏာရပ်များ
4 weeks ago
နည်းပညာထက် လူသားများ၏ လုပ်ဆောင်နိုင်စွမ်းအားကို ယုံကြည်ခဲ့သူ စတိဗ်ဂျော့ဘ်စ်
4 weeks ago
