ကမ္ဘာကျော် Franchise လုပ်ငန်း McDonald's
Franchise model ဆိုတာဘာလဲ။
ယနေ့ Franchising စနစ်ဟာ လုပ်ငန်းပိုင်ရှင် (franchisor) နဲ့ ပြင်ပကုမ္ပဏီ (franchisee) တို့အကြား သဘောတူညီချက်တစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ငန်းပုံစံတစ်ခုဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ ပိုင်ရှင်ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို အခကြေးငွေနဲ့ ဆက်လက်ပေးချေမှုများအတွက် ပြန်လည်ပေးဆပ်ခြင်းဖြင့် သူတို့ရဲ့ကုန်အမှတ် တံဆိပ်၊ အမှတ်တံဆိပ်နဲ့ လုပ်ငန်းပုံစံကို အသုံးပြုပြီး ပိုင်ရှင်ရဲ့ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို စီမံခန့်ခွဲနိုင်စေပါတယ်။
Franchising လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။
ကျွန်ုပ်တို့ရဲ့ franchise နမူနာ McDonald's အကြောင်းကို ဆက်မပြောမီ၊ စီးပွားရေးလုပ်ငန်းပုံစံတစ်ခုအနေနဲ့ franchising ရဲ့သဘောတရားကို အောက်မှာသေချာလေ့လာကြည့်ကြရအောင်။ Franchise ရဲ့ အဓိက အကျိုးကျေးဇူး တွေနဲ့ အားသာချက်တွေက ဘာတွေလဲ။
ကုန်အမှတ်တံဆိပ်
Franchising ရဲ့ အရေးအကြီးဆုံး အားသာချက်များထဲမှ တစ်ခုက သတ်မှတ်ပြီးသား ကုန်အမှတ်တံဆိပ်ကို အသုံးပြုပိုင်ခွင့် ဖြစ်ပါတယ်။ Franchisee တစ်ဦးအနေနဲ့ သင့်ကို သူ့ဘာသာသူတည်ဆောက်ပြီးတဲ့ ကုမ္ပဏီတစ်ခုရဲ့ အမည်၊ လိုဂို၊ စတိုင်၊ အမှတ်တံဆိပ်အရောင်များနဲ့ ကုန်သွယ်မှု ပြုလုပ်ခွင့်ရှိပါတယ်။ တကယ်လို့ သင်က လုံးဝအသစ်ဖြစ်တဲ့၊ အမှီအခိုကင်းတဲ့ လုပ်ငန်းတစ်ခုကို စတင်ရမယ်ဆိုရင် သင်ဟာ သင့်ရဲ့ လုပ်ငန်းဂုဏ်သတင်းနဲ့ အမှတ်တံဆိပ်အသိအမှတ်ပြုမှုကို အစမှအဆုံး တည်ဆောက်ရမှာ ဖြစ်ပါတယ်။
ပံ့ပိုးပေးရေး
ဒီစီးပွားရေးပုံစံနဲ့ လုပ်ဆောင်ခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးမှာ Franchisor ထံမှ ဆက်လက်ပံ့ပိုးမှုနဲ့ လေ့ကျင့်မှုများကို သင်မျှော်လင့်နိုင်ခြင်းဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ဟာ သင့်လုပ်ငန်းကို အောင်မြင်ဖို့ အခွင့်အလမ်း များကို တိုးမြင့်စေပြီး မှန်ကန်တဲ့နည်းလမ်းကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။
အန္တရာယ်နည်းပါးခြင်း
Franchise လုပ်ငန်းကို လည်ပတ်ခြင်းရဲ့ နောက်အကျိုးကျေးဇူးမှာ အသစ်တည်ထောင်ထားတဲ့ ကုမ္ပဏီနဲ့နှိုင်းယှဉ်ပါက သင့်မှာကျရှုံးနိုင်ခြေ နည်းပါးပါတယ်။ ယေဘူယျအနေနဲ့ franchise များဟာ စမ်းသပ်ပြီးသားဖြစ်တဲ့ (အောင်မြင်ပြီးပြီ) မော်ဒယ်များကို အသုံးပြုတာကြောင့်မို့ ပိုမိုလုံခြုံတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် ဘဏ်များက အမှီအခိုကင်းတဲ့ လုပ်ငန်းတစ်ခုစတင်ခြင်းထက် တခြားယုံကြည်စိတ်ချရပြီး နာမည်ကောင်းရှိတဲ့ franchise တစ်ခုအတွက် ချေးငွေကို အတည်ပြုနိုင်ခြေပိုများပါတယ်။
အမှတ်တံဆိပ်အသိအမှတ်ပြုမှု
သင့်ကိုယ်ပိုင်လုပ်ငန်းစတင်ခြင်း လုပ်ငန်းစဉ်မှာ အခက်ခဲဆုံးအပိုင်းတစ်ခုက Royal Customers များရရှိခြင်းနဲ့ သင့်အမှတ်တံဆိပ်ရဲ့ အသိအမှတ်ပြုမှုကို တိုးမြင့်လာစေခြင်းပဲဖြစ်ပါတယ်။ အချိန်၊ ငွေ၊ ကြိုးစားအားထုတ်မှုနဲ့ မှန်ကန်တဲ့ စျေးကွက်ရှာဖွေရေးဗျူဟာများ များစွာလိုအပ်ပါတယ်။ သို့ပေမဲ့ သင် franchise တစ်ခုဝယ်တဲ့အခါ အခြေခံအားဖြင့်တော့ သင်က စျေးကွက်ရှာဖွေခြင်း၊ ကြော်ငြာခြင်းနဲ့ အမှတ်တံဆိပ်ပြုလုပ်ခြင်းဆိုင်ရာ အလုပ်များစွာကို ကိုယ်တိုင်ပြုလုပ်ဖို့ မလိုအပ်တော့ပါဘူး။ ဒါကြောင့် Franchise ယူခြင်းက သင့်လုပ်ငန်းကို လွယ်ကူစွာ စတင်လည်ပတ်စေရုံသာမက ငွေအများကြီးလည်း သက်သာစေပါတယ်။
ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး Franchising Business တစ်ခုဖြစ်တဲ့ McDonald's
McDonald's ဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ အအောင်မြင်ဆုံး franchising လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ McDonald's က ဟမ်ဘာဂါ၊ အာလူးချောင်းကြော်၊ ကြက်သားညှပ်ပေါင်မုန့်များ၊ အသုပ်များနဲ့ အချိုပွဲများအပါအဝင် မီနူးအမျိုးမျိုးကို ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းအဖြစ် Fast Food Industry မှာ လူသိများပါတယ်။ 1940 ခုနှစ်မှာ Richard နဲ့ Maurice McDonald တို့က အမေရိကန်၊ ကယ်လီဖိုးနီးယား၊ San Bernardino မှာ တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုကို ဖြစ်ပေါ်စေတဲ့ franchise မော်ဒယ်ကို 1954 ခုနှစ်မှာ ကုမ္ပဏီကို ဝင်ရောက်ခဲ့သူ Ray Kroc က နောက်ပိုင်းမှာ အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပါတယ်။ ထိပ်တန်း Fast Food ကုမ္ပဏီဖြစ်တဲ့ McDonald's ဟာ စီးပွားရေးလုပ်ဖို့ အဓိကနည်းလမ်းအဖြစ် 1955 ခုနှစ်ကတည်းက Franchise လုပ်ခဲ့ပါတယ်။ တကယ်တော့ McDonald's ရဲ့ ကမ္ဘာတစ်ဝှမ်းရှိ စားသောက်ဆိုင် ၃၈,၆၉၅ အနက်မှ ၃၆,၀၅၉ ဆိုင်ကို franchisees များမှလုပ်ဆောင်နေပြီး ကုမ္ပဏီက ပိုင်ဆိုင်သည်မှာ ၂,၆၃၆ သာ ရှိပါတယ်။ ဆိုလိုသည်မှာ McDonald's ကုမ္ပဏီက သူတို့ စားသောက်ဆိုင်များရဲ့ ၆ ရာခိုင်နှုန်းသာ ပိုင်ဆိုင်တယ်လို့ ဆိုလိုပါတယ်။
McDonald's မှအသုံးပြုတဲ့ Franchise ပုံစံဟာ သူရဲ့တိုးချဲ့မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ Franchises များဟာ ကမ္ဘာတစ်ဝှမ်းရှိ McDonald's စားသောက်ဆိုင်အများစုကို လုပ်ကိုင်နေပြီး တစ်သမတ်တည်း အမှတ်တံဆိပ်နဲ့ စံချိန်စံညွှန်းသတ်မှတ်ထားတဲ့ လုပ်ငန်းများကို လုပ်ဆောင်နိုင်စေပါတယ်။ Franchise များဟာ McDonald ရဲ့ တည်ထောင်ထားတဲ့ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပံ့ပိုးကူညီမှုနဲ့ ကျယ်ပြန့်တဲ့ စျေးကွက်ရှာဖွေရေး လှုပ်ရှားမှုများမှ အကျိုးခံစားခွင့်ရှိပါတယ်။
ရွှေရောင်ခုံး Logo နဲ့ McDonald's အမှတ်တံဆိပ်တို့ဟာ ကမ္ဘာတစ်ဝှမ်းမှာ အသိအမှတ်ပြုနိုင်တဲ့ သင်္ကေတများ ဖြစ်လာပါတယ်။ McDonald's ဟာ အမှတ်ရဖွယ် ကြော်ငြာကမ်ပိန်းများနဲ့ အိုလံပစ်ပွဲတော်တို့လို အဓိကပွဲများကို ပံ့ပိုးကူညီမှုများကြောင့်လည်း သူ့ရဲ့ကျော်ကြားမှုနဲ့ အမှတ်တံဆိပ်ကို အသိအမှတ်ပြုမှုဖြစ်စေခဲ့ပါတယ်။ McDonald's ဟာ နိုင်ငံပေါင်း 100 ကျော်မှာ စားသောက်ဆိုင်များနဲ့အတူ ကမ္ဘာတစ်ဝှမ်း ကြီးမားတဲ့တည်ရှိမှု ရှိပါတယ်။ ဒါဟာ မတူညီတဲ့ဒေသများရှိ ဒေသအရသာများနဲ့ ကိုက်ညီစေဖို့ သူ့ရဲ့မီနူးကို ပြုပြင်ပြောင်းလဲထားပြီး နိုင်ငံတစ်ခုစီရဲ့ စိတ်ကြိုက်မီနူးများကို ပေးဆောင်ထားပါတယ်။ အစားအသောက်များရဲ့အရသာကို ဒေသအလိုက်သတ်မှတ်နိုင်မှုဟာ သူ့ရဲ့အောင်မြင်မှုနဲ့ ကမ္ဘာတစ်ဝှမ်းလက်ခံမှုမှာ အဓိကကျတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ Fast Food လုပ်ငန်းများမှာ စိန်ခေါ်မှုများနဲ့ ပြိုင်ဆိုင်မှုများရှိနေပေမယ့်လည်း McDonald's ဟာ ကမ္ဘာတစ်ဝှမ်းမှာ အထင်ရှားဆုံး လုပ်ငန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ သူရဲ့ franchising မော်ဒယ်၊ မီနူးဆန်းသစ်တီထွင်မှုနဲ့ ခိုင်မာတဲ့အမှတ်တံဆိပ်တည်ရှိမှုတို့က ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ အအောင်မြင်ဆုံး franchises များထဲမှတစ်ခု ဖြစ်လာစေခဲ့ပါတယ်။
Reference
10 brilliant franchise examples to learn from (in 2022) (2023) mktoolboxsuite.com. Available at: https://mktoolboxsuite.com/franchise-examples/ (Accessed: 28 May 2023).
Daw Thwe Thwe Aye
B.Com , M.Com (MEUE)
Meiktila University of Economics
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
