လုပ်ငန်းခွင်မှာ Communication တိုးတက်စေဖို့ နည်းလမ်း (၈) မျိုး

လုပ်ငန်းခွင်မှာ နေ့စဥ်နဲ့အမျှ ဆက်သွယ်ပြောဆိုနေကြပေမယ့် အဲ့ဒီ communication တိုင်းဟာ တူညီတဲ့ပုံစံမရှိကြပါဘူး။ "ဒါက အီးမေးလ်နဲ့ပို့ရင်ရတာပဲ" လို့ တွေးမိဖူးမယ့် အချိန်ကြာမြင့်ပြီး ပျင်းစရာကောင်းတဲ့ အစည်းအဝေးမျိုးကို အားလုံးကြုံဖူးကြမယ် ထင်ပါတယ်။ လုပ်ငန်းခွင်မှာ communication တိုးတက်စေဖို့ နည်းလမ်းတွေကို မလေ့လာခင် အရင်ဆုံး အလုပ်မှာ ဘယ်လို communication အမျိုးအစားတွေရှိလဲ ဆိုတာ ဆွေးနွေးကြပါစို့။

၁။ Leadership Communication

ခေါင်းဆောင်တွေက သူတို့ရဲ့အဖွဲ့ကို one-way communication ပုံစံနဲ့လည်း ဆက်သွယ်လေ့ရှိတယ်။ ဥပမာ – ကုမ္ပဏီရဲ့ မူဝါဒအသစ် ဒါမှမဟုတ် လမ်းကြောင်းပြောင်းလဲမှုတစ်ခုကို အသိပေးဖို့ဆိုတဲ့ပုံစံမျိုး။ ခေါင်းဆောင်တွေဟာ အချက်အလက်များထက် story ပုံစံသဘောမျိုးနဲ့ လက်အောက်ငယ်သားတွေကို စည်းရုံးဖို့၊ လှုံ့ဆော်ဖို့နဲ့ စိတ်အားထက်သန်စေဖို့ ရည်ရွယ်ဆက်သွယ်လေ့ရှိတယ်။

၂။ အထက်လူကြီးတွေနဲ့ ဆက်သွယ်ခြင်း (Upward Communication)

အဖွဲ့သားတွေက သူတို့ရဲ့မန်နေဂျာတွေ၊ အဲ့ဒီမန်နေဂျာတွေက သူတို့ရဲ့အထက်လူကြီး ဒါမှမဟုတ် အခြားဌာနများနှင့် ဆက်သွယ်ဖို့လည်း လိုအပ်ပါသေးတယ်။ အဲ့ဒီ communication ပုံစံထဲမှာ အီးမေးလ်၊ အစီရင်ခံစာတွေ ဒါမှမဟုတ် အစည်းအဝေးတင်ပြခြင်း စတာတွေ ပါဝင်နိုင်တယ်။ ဘယ်လိုပုံစံနဲ့ဘဲဆက်သွယ်သည်ဖြစ်စေ၊ ဒီ communication ကိုတော့ ပုံမှန်ထက် formal ကျကျ ဆက်သွယ်တာမျိုးလုပ်သင့်တယ်။

၃။ အချက်အလက် Update များ

အချက်အလက် Update တွေကို ပုံနဲ့ပြသတာမျိုး၊ Dashboardနဲ့ဖော်ပြတာမျိုး၊ နှုတ်နဲ့ ဒါမှမဟုတ် စာနဲ့ ရှင်းတဲ့အခါမှာ မျှော်လင့်မထားသောအရာ၊ အခက်အခဲများ၊ အန္တရာယ်ဖြစ်နိုင်ခြေများ နှင့် အောင်မြင်မှုများ စတဲ့ audience ရဲ့ အာရုံကို ဖမ်းစားနိုင်မယ့် အရေးကြီးဆုံးအချက်များကိုသာ ထောက်ပြပါ။

၄။ ဟောပြောခြင်း (Presentation)

ဒီ communication ပုံစံက audience အများကြီးနဲ့ အရေးပါတဲ့အခြေအနေတွေမှာ သုံးလေ့ရှိတဲ့ formal ဘက်သွားတဲ့ communication event ပုံစံမျိုးဖြစ်ပြီး ရည်ရွယ်ချက်က အသိပေးဖို့၊ လွှမ်းမိုးဖို့နဲ့ စည်းရုံးဖို့ဖြစ်တယ်။ TED Talk လိုမျိုးအစီအစဉ်တွေက audience တွေအတွက် အသိပညာတိုးပွားစေရုံသာမက ဖျော်ဖြေမှုကိုပါ မျှော်လင့်ထားကြတယ်။

၅။ အစည်းအဝေးများ

အစည်းအဝေးကတော့ အဖွဲ့အတွင်းဆက်သွယ်ရေးအတွက် အရေးကြီးတဲ့ communication ပုံစံတစ်ခုလို့ ဆိုလို့ရပါတယ်။ ဒါပေမယ့် ဒါကို နားလည်မှုလွဲပြီး မလိုအပ်ဘဲ အစည်းအဝေးတွေ ခဏခဏခေါ်နေတာမျိုး၊ သုံးသင့်တာထက်ပိုပြီး မှားယွင်းသုံးမိတာမျိုးတွေရှိပါတယ်။ ထိရောက်မှုရှိတဲ့ အစည်းအဝေးဆိုတာက အဖွဲ့တွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးဖို့နဲ့ အခြားဆက်သွယ်မှုပုံစံတစ်ခုခုသုံးလိုက်ရင် နားလည်မှုလွဲနိုင်တဲ့ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် အသိပေးပြောဆိုတာမျိုးပါ။ အကောင်းဆုံးအစည်းအဝေးဆိုတာက ပါဝင်သူတွေကို စွမ်းအားတိုးစေပြီး ပင်ပန်းနွမ်းနယ်မှုမဖြစ်စေတဲ့ communication ပုံစံလို့ ဆိုရမှာပါ။

၆။ Customer များနှင့် ဆက်သွယ်ခြင်း

Customer များနှင့်ဆက်သွယ်ရာမှာ အထက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပေမယ့် ပိုပြီးဂရုစိုက်ဖို့ လိုအပ်တယ်။ Customer တွေရဲ့ လိုအပ်ချက်နဲ့ သူတို့ကြိုက်နှစ်သက်ရာနည်းလမ်းကို စနစ်တကျရွေးချယ်ပြီး ကုမ္ပဏီနှင့်ထုတ်ကုန်အတွက် အပြုသဘောဆောင်တဲ့ အထင်အမြင်ဖြစ်စေဖို့ communicate လုပ်ရပါမယ်။

၇။ တိုက်ရိုက်မဟုတ်သော ဆက်သွယ်မှုများ

ဒီ Communication ပုံစံမှာ နေ့စဉ်အသုံးပြုနေတဲ့ အီးမေးလ်တွေ၊ chats တွေ ပါဝင်တယ်။ ဒါတွေက အလုပ်တိုးတက်စေရုံသာမက လူမှုရေးဆက်သွယ်မှု၊ ကုမ္ပဏီယဉ်ကျေးမှု၊ ယုံကြည်မှုနှင့် နားလည်မှုတို့ကို တည်ဆောက်ပေးနိုင်တယ်။

လုပ်ငန်းခွင်မှာ Communication ကောင်းဖို့ ဒီစွမ်းရည်တွေကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာကတော့ ထိရောက်တဲ့ Communication ဆိုတာ ကောင်းကောင်းနားထောင်တာနဲ့ စပါတယ်။ ပြောချင်တာများနေမယ့်အစား အရင်နားထောင်ပြီးမှ ပြောတာက ပိုအကျိုးရှိပါတယ်။

ဒီတော့ ဆက်သွယ်ရေးစွမ်းရည်တိုးတက်ဖို့ အကြံပြုချက် (၈) ခုကို ကြည့်လိုက်ရအောင်။

၁။ အရင်စဉ်းစားပါ

Communication လုပ်တဲ့အခါ ဘာကြောင့် ဆက်သွယ်နေတာလဲ? ဘယ်သူ့ကို ပြောမှာလဲ? (အထက်လူကြီး၊ Team member၊ Customer) ၊ ဘာအတွက် ပြောမှာလဲ? (ရည်ရွယ်ချက်)၊ ပြောပြီးရင် ဘာလုပ်စေချင်လဲ? ဘယ်လို ပြောမှာလဲ? (စကားပြော၊ အီးမေးလ်၊ အစည်းအဝေး) ဒီမေးခွန်း (၅) ခုကို အရင်ဖြေကြည့်ပါ။

၂။ အချိန်ယူပါ

ပြောမယ့်စကား ဒါမှမဟုတ် ရေးမယ့်အကြောင်းကို အရင်စဉ်းစားပါ။ အထူးသဖြင့် စာနဲ့ဆိုရင် ပြန်ပြင်ပါ၊ ဖြည့်ပါ၊ ချုံ့ပါ။ ကောင်းတဲ့ communication ဆိုတာ အလိုလိုဖြစ်မလာပါဘူး။ ကိုယ့်ဘက်က အားစိုက်ရပါတယ်။

၃။ ရိုးရိုးရှင်းရှင်းနဲ့ လွယ်အောင်ပြောပါ

လူတွေက သူ့အလုပ်နဲ့သူမို့ အလုပ်များတဲ့အခါ သင့်စကားကို နားလည်ဖို့ အချိန်မပေးနိုင်တာမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် အဓိကအချက်ကို အရင်ပြောပါ။ (ဥပမာ – "ဒီပရောဂျက်မှာ သင့်ရဲ့အကူအညီလိုနေပါတယ်")။ ပြီးမှ အသေးစိတ်ရှင်းပြပါ။

၄။ ရှင်းလင်းပြတ်သားစွာပြောပါ

အလုပ်ဆက်သွယ်ရေးမှာ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ရှင်းရှင်းလင်းလင်း ပြောဖို့လိုပါတယ်။ ကိုယ်ပြောချင်တဲ့အချက်ကို အစ၊ အလယ်၊ အဆုံး (၃) ခါလောက်ပြန်ပြောပါ။ ကိုယ်ပြောချင်တဲ့ point ကို ရှင်းလင်းပြီးမှတ်ရလွယ်ဖို့ ရိုးရှင်းတဲ့ပုံတွေ၊ ဥပမာတွေက အထောက်အကူပေးနိုင်ပါလိမ့်မယ်။

၅။ မတူတဲ့နည်းလမ်းတွေစမ်းကြည့်ပါ

တစ်ပတ်ကို တစ်မျိုး စမ်းပါ။ ဥပမာ – ပထမတစ်ပတ်မှာ အီးမေးလ်တွေကို ရှင်းအောင်ရေးတာမျိုး၊ နောက်တစ်ပတ်ကျတော့ အစည်းအဝေးမှာ ပိုပြီးထိထိမိမိပြောတာမျိုး မတူညီတဲ့နည်းလမ်းလေးတွေလုပ်ကြည့်ပါ။

၆။ လေ့ကျင့်ပြီး ပြန်သုံးသပ်ပါ

ကိုယ့် communication မှာ ဘာကောင်းလဲ၊ ဘာမကောင်းလဲ သုံးသပ်ပါ။ ဥပမာ – မန်နေဂျာကို ပို့တဲ့အီးမေးလ် မှားသွားလား? ဘာကြောင့်လဲ? လုပ်ဖော်ကိုင်ဖက်နဲ့ စကားပြောရင်း ရလဒ်မကောင်းဘူးလား? ဘာမှားသွားလဲ? စသဖြင့် သုံးသပ်ပါ။

၇။ ကိုယ့်ရဲ့အပြုအမူတွေကိုပါ ဂရုစိုက်ပါ

မိမိပြောဟန်ကို ဗီဒီယိုရိုက်ကြည့်ပါ ဒါမှမဟုတ် မှန်ထဲကြည့်ပါ။ မျက်လုံးချင်း ဆုံပါသလား၊ မျက်နှာအမူအရာ ဖိစီးနေသလား၊ သက်တောင့်သက်သာရှိသလား၊ ခန္ဓာကိုယ်ဟန်ချက်က ယုံကြည်မှုရှိရှိဖြစ်သလား၊ မေးခွန်းမေးဖို့ အချိန်ပေးသလား ဆိုတာတွေ ဆန်းစစ်ပါ။

၈။ အခြားသူတွေရဲ့ အကြံပြုချက်တောင်းပါ

ယုံကြည်ရတဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မန်နေဂျာကို "ကျွန်တော် ဆက်သွယ်ရေးပိုကောင်းဖို့ ဘာစလုပ်သင့်လဲ၊” "ကျွန်တော် ဘာတွေမလုပ်သင့်ဘူးလဲ၊" "ကျွန်တော် ဘယ်အရာကို အဓိကတိုးတက်အောင်လုပ်သင့်လဲ?" မေးခွန်းလေးတွေမေးပြီး အကြံပြုချက်တောင်းလို့ရပါတယ်။

Communication ကောင်းဖို့က တစ်ခါကြိုးစားရုံနဲ့မရပါဘူး၊ တဖြည်းဖြည်းလေ့ကျင့်ရမယ့်အရာပါ။ ဒါပေမယ့် ကြိုးစားရင် အလုပ်အကိုင်နဲ့ လူမှုဆက်ဆံရေး နှစ်ခုစလုံးမှာ အကျိုးရှိမှာပါ။

betterup.com မှ Communication is key in the workplace. Here’s how to improve ဆောင်းပါးကို သင့်တော်သလို ထုတ်နှုတ်ဘာသာပြန်ထားပါတယ်။

Campbell, A. C., 2022. Communication is key in the workplace. Here's how to improve. [Online]
Available at: https://www.betterup.com/blog/why-communication-is-key-to-workplace-and-how-to-improve-skills
[Accessed 29 May 2025].

Daw Myint Zu Phyo

BBM (NMDC)

MBA (YUE