“ကောင်းမွန်တဲ့ ခေါင်းဆောင်မှုအရည်အသွေးဆိုတာ နားထောင်ခြင်းက စတယ်”

လုပ်ငန်းခွင်မှာ ဆက်သွယ်ပြောဆိုနိုင်တဲ့အရည်အချင်းကောင်းတယ်လို့ပြောရင် Presentation ကောင်းတဲ့သူကိုပဲ အများအားဖြင့် အသိအမှတ်ပြုလေ့ရှိပါတယ်။ နားထောင်ပေးတတ်တဲ့သူကိုတော့ သိပ်ပြီးထည့်ပြောလေ့မရှိကြပါဘူး။

ဒါဟာ မှားယွင်းတဲ့ အချက်တစ်ခုပါပဲ။ ကောင်းကောင်းနားထောင်ပေးတတ်တဲ့ ခေါင်းဆောင်တွေဆိုတာ ဝန်ထမ်းတွေ ပြောစရာရှိတာကို ပြောဆိုလို့ရနိုင်ခြင်း၊ တန်ဖိုးထားခံရခြင်း၊ ဝန်ထမ်းတွေရဲ့အရေးမှာ စိတ်ပါဝင်စားမှုရှိတယ်လို့ ခံစားရစေမယ့် နွေးထွေးတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုဖန်တီးပေးပါတယ်။ ဒါ့အပြင် စိတ်ကျေနပ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပိုရရှိကြတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်မှာ အရေးကြီးဆုံးစွမ်းရည်တွေထဲက စကားပြောခြင်းစွမ်းရည်ထက် နားထောင်ပေးတတ်ခြင်းက ပိုအရေးကြီးတယ်လို့ သတ်မှတ်ခံထားရပါတယ်။ ဒါဟာ လေ့ကျင့်လို့ရတဲ့ စွမ်းရည်တစ်ခုဖြစ်ပြီး ခေါင်းဆောင်မှု နေရာမှာရှိတဲ့သူတိုင်းအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ နားထောင်နိုင်မှုစွမ်းရည် ပိုကောင်းဖို့အတွက် စတင်လေ့ကျင့်နိုင်တဲ့ နည်းလမ်း (၄) ခုကို ဒီဆောင်းပါးမှာပြောပြသွားမှာဖြစ်ပါတယ်။

 

၁။ ဆုံးတဲ့အထိ နားထောင်ပါ

နားမထောင်တတ်တဲ့ အလေ့အကျင့်တွေကိုကြုံတွေ့ခဲ့ဖူးမှာပါ။ တစ်ဖက်လူ ပြောနေတုန်း ကိုယ်ဘာပြောရမလဲ စဉ်းစား နေတာမျိုး၊ ဖြေရှင်းနည်းတစ်ခုခု ဖြတ်ပြောတာမျိုး၊ ဒါမှမဟုတ် ကိုယ်နဲ့ ဆင်တူတဲ့ အကြောင်းအရာတစ်ခုကို ပြန်ပြောတာမျိုး ("ဒါငါလည်းဖြစ်ဖူးတယ်! ငါ့အခြေအနေမှာတော့...") စတာတွေပေါ့။ ပြဿနာကတော့ သင်က စောပြီး တုံံပြန်ပြောဆို လိုက်တာ ဒါမှမဟုတ် စကားဝိုင်းကို ကိုယ့်အကြောင်းအရာဘက်ကိုလှည့်လိုက်တာက စကားပြောဆိုမှုရဲ့ အရည်အသွေးကို ကျဆင်းစေပါတယ်။ သင်သာ သူတို့စကားကို ဖြတ်ပြောလိုက်တာ၊ ဒါမှမဟုတ် ဆုံးတဲ့အထိ နားမထောင်တာဆိုရင် သူတို့ရဲ့ ဆိုလိုရင်းအဓိပ္ပာယ်ကို လုံးဝ လွဲချော်သွားနိုင်ပြီး သင့်ဘက်ကတုံ့ပြန်မှုကလည်း အဓိပ္ပာယ်မရှိ ဖြစ်သွားနိုင်ပါတယ်။ ပိုကောင်းတဲ့ နည်းလမ်းကတော့ ပြောတာဆုံးတဲ့အထိ လုံးဝ အာရုံစိုက်ပြီး နားထောင်နေဖို့ပါပဲ။

စကားပြောနေစဉ်အတွင်း သင့်ရဲ့ ကိုယ်ပိုင်အပြုအမူတွေကို သတိထားကြည့်ပါ။ ကိုယ်ဘာပြောရမလဲ စဉ်းစားနေတာ၊ ဖြေရှင်းနည်းတစ်ခုခု ပြောဖို့ စိတ်လှုပ်ရှားနေတာ၊ ဒါမှမဟုတ် တစ်ဖက်လူရဲ့ အကြောင်းအရာနဲ့ ကိုက်ညီတဲ့ ကိုယ့်အကြောင်းတွေ ပြန်တွေးနေတာမျိုးတွေရှိရင် ခဏလောက်ရပ်ထားပြီး "ဆုံးတဲ့အထိ နားထောင်မယ်" လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ တစ်ဖက်လူ စကားပြောလို့ ပြီးသွားပြီဆိုရင်လည်း ချက်ချင်းမတုံ့ပြန်ဘဲ နားထောင်ထားတာ တွေကို ခဏလောက် ပြန်စဉ်းစားပါ။ လွဲချော်နေတဲ့ စကားလုံး ကို ချက်ချင်းတုံ့ပြန်တာထက် အချိန်တစ်ခုစဉ်းစားပြီးမှ ရရှိလာတဲ့ တုံ့ပြန်မှုကသာ တစ်ဖက်လူအတွက် ပိုတန်ဖိုးရှိပါလိမ့်မယ်။

 

၂။ ဖြေရှင်းဖို့မဟုတ်ဘဲ အနှစ်ချုပ်ဖို့ နားထောင်ပါ

"ပြီးဆုံးတဲ့အထိ နားထောင်ခြင်း" ဟာ အရေးကြီးတာမှန်ပေမယ့် ဒါတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ သင်ဘယ်လို နားထောင်နေတယ်ဆိုတာကိုလည်း သတိထားဖို့လိုပါတယ်။ ဆိုလိုတာက သင်ကဖြေရှင်းဖို့ နားထောင်နေ တာလား၊ ဒါမှမဟုတ် နားလည်ဖို့ နားထောင်နေတာလား။ သင်ဆီ ရောက်လာတဲ့ ပြဿနာတိုင်းကို ဖြေရှင်းပေးချင်စိတ် ပေါ်လာနိုင်ပေမယ့် (အထူးသဖြင့် ခေါင်းဆောင်တွေအနေနဲ့ အဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ) ပထမဆုံး ပြဿနာကို နားလည်အောင် လုပ်တာက ပိုအကျိုးရှိပါလိမ့်မယ်။

အာရုံစိုက်ဖို့ လေ့ကျင့်တဲ့အခါ တစ်ဖက်လူ ပြောတဲ့ စကားလုံးတိုင်းကို မှတ်မိနေဖို့ မလိုဘူးဆိုတာကို သတိရပါ။ အဲဒီအစား ခြုံငုံပြီး နားလည်ဖို့ပဲ အာရုံစိုက်ပါ။ စကားပြောဆိုမှု ရှေ့ဆက်လာတာနဲ့အမျှ အရေးကြီးဆုံး အချက်အလက်တွေကို သဘာဝအတိုင်း မှတ်မိလာပါလိမ့်မယ်။ တစ်ဖက်လူ စကားပြောလို့ ပြီးသွားပြီဆိုရင် ခုနက ကြားလိုက်တာတွေကို ပြန်စဉ်းစားဖို့ ခဏနားပါ။ ဒီအချိန်မှာ စကားဝိုင်းကို ရှေ့ဆက်ဖို့ အသုံးဝင်တဲ့ နည်းလမ်းကတော့ သင်ကပြောတဲ့သူရဲ့ အဓိပ္ပာယ်ကို မှန်ကန်စွာ နားလည်သလားဆိုတာကို ပြန်စစ်ဆေးဖို့ပါ။ "ကျွန်တော် ကြားလိုက်တာကတော့..." လို့ ပြောပြီး သူတို့ပြောတဲ့ စကားတွေကို အနှစ်ချုပ်တာမျိုး၊ ပြန်ပြောပြတာမျိုး လုပ်နိုင်ပါတယ်။ ပြီးရင် "ကျွန်တော် နားလည်တာ မှန်ပါသလား" လို့ မေးပါ။ ဒါက သင်နဲ့ ပြောဆိုသူ တစ်ထပ်တည်းကျအောင် ရည်ရွယ်တယ်ဆိုတာကို ပြသပါတယ်။

 

၃။ ဆက်ဆံရေးနဲ့ အကြောင်းအရာ နှစ်ခုလုံးကို နားထောင်ပါ

  • ပထမနည်းလမ်းနှစ်ခုကို နားလည်ပြီဆိုရင် နားထောင်မှုစွမ်းရည်ကောင်းတဲ့သူတစ်ယောက် ဖြစ်လာဖို့အတွက် နက်နက်နဲနဲနားထောင်ဖို့အဆင်သင့်ဖြစ်ပါပြီ။ နားထောင်ခြင်းကို ကျွမ်းကျင်ပိုင်နိုင်တဲ့ စွမ်းရည်တစ်ခုအဖြစ် သတ်မှတ်ရာမှာ စကားဝိုင်း အများစုမှာ အတိုင်းအတာ နှစ်ခုရှိတယ်ဆိုတာကို နားလည်ဖို့က အရေးကြီးပါတယ်။

  • ဆက်ဆံရေး: တစ်ဖက်လူနဲ့ သင့်ရဲ့ခင်မင်ရင်းနှီးမှုအတိုင်းအတာ

  • အကြောင်းအရာ: သူတို့ ဆက်နွယ်နေတဲ့ အချက်အလက် သို့မဟုတ် ပြဿနာ

ဆက်ဆံရေး အတိုင်းအတာနဲ့ ပတ်သက်လာရင် အာရုံစိုက်ခြင်း ဒါမှမဟုတ် "ဆုံးတဲ့အထိ နားထောင်ခြင်း" (နည်းလမ်း ၁) က အဓိကကျပါတယ်။ ဒါက ဆက်သွယ်မှုကို မြှင့်တင်ပေးပြီး သူတို့ရဲ့ အတွေးတွေ၊ စိုးရိမ်မှုတွေကို သင့်ကို လွတ်လပ်စွာ မျှဝေဖို့ အဆင်ပြေစေပါတယ်။

အကြောင်းအရာနဲ့ ပတ်သက်လာရင် "အနှစ်ချုပ်ကို နားထောင်ခြင်း" (နည်းလမ်း ၂) က အဓိကကျပါတယ်။ ဒါက အချက်အလက်တွေကို လျင်မြန်စွာ နားလည်ခြင်း၊ ပြဿနာကို သင်နားလည်ကြောင်း ပြသခြင်း၊ ပြီးရင် တစ်ဖက်လူနဲ့အတူ ဘာဆက်လုပ်ရမလဲဆိုတာ ရှာဖွေခြင်းတို့ ပါဝင်ပါတယ်။ နားထောင်မှုစွမ်းရည်ကောင်းတဲ့သူတွေက အတိုင်းအတာနှစ်ခုလုံးကို သတိပြုမိကြပြီး ပြောနေသူရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး သူတို့ရဲ့ အာရုံစိုက်မှုကို ချိန်ညှိနိုင်ကြပါတယ်။

နားထောင်နေစဉ်အတွင်း ခင်မင်ရင်းနှီးမှုနဲ့ အကြောင်းအရာ ဘယ်ဟာကို ပိုအာရုံစိုက်နေသလဲဆိုတာကို သတိထားပါ။ လူအများစုဟာ တစ်ဖက်ကို ပိုအလေးပေးပြီး ကျန်တစ်ဖက်ကို လျစ်လျူရှုတတ်တဲ့ အလေ့အထရှိပါတယ်။ ဒါပေမယ့် "အကြောင်းအရာ" တစ်ခုတည်းကိုပဲ အာရုံစိုက်တာက တစ်ဖက်လူကို စကားပြောချင်စိတ် ကုန်သွားစေနိုင်ပါတယ်။ အထူးသဖြင့် သင်က အလုပ်ကိုပဲ ဂရုစိုက်ပြီး သူတို့ရဲ့အရေးကိစ္စအပေါ်ကို ဂရုမစိုက်ဘူးလို့ ခံစားရရင်ပေါ့။ တခြားတစ်ဖက်မှာ "ဆက်ဆံရေး" တစ်ခုတည်းကိုပဲ အာရုံစိုက်တာက တကယ့်ဖြေရှင်းနည်းမရှိဘဲ စကားဝိုင်းက ပတ်နေနိုင်ပါတယ်။ နှစ်ခုလုံးကို မျှတအောင် လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။

 

၄။ တန်ဖိုးထားမှုတွေကို နားထောင်ပေးပါ

ဒီနောက်ဆုံး နည်းလမ်းကတော့ အခက်ခဲဆုံး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အပေါ်က အခြေခံအဆင့်တွေကို နားလည်ပြီဆိုရင် သင်ယူဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။ ဒါက သင်နားထောင်နေတဲ့အခါ တခြားလူ ဘာကို တန်ဖိုးထားတယ်ဆိုတာ ပိုမိုနားလည်ဖို့ အတွက်မျှဝေခံစားတတ်ခြင်း၊ ထိုးထွင်းသိမြင်တတ်တဲ့ဉာဏ်တွေနဲ့ပတ်သက်ပါတယ်။ သူတို့က အသေးအဖွဲကိစ္စတစ်ခုခုကို ဒေါသတကြီး ပြောနေတာပဲဖြစ်ဖြစ်၊ စိတ်ခံစားမှုပြင်းထန်တဲ့ ဒါမှမဟုတ် ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုခုကို မျှဝေနေတာပဲဖြစ်ဖြစ်၊ ဒါဟာ သူတို့အတွက် ဘယ်လောက်အတိုင်းအတာအထိ အရေးကြီးသလဲဆိုတာကို လေ့လာဖို့ သုံးသပ်ဖို့အရေးကြီးပါတယ်။

လူတွေရဲ့ တန်ဖိုးတွေက လုပ်ငန်းခွင်မှာ သူတို့ရဲ့ အပြုအမူတွေကို ဘယ်လို ပုံဖော်ပြီး သက်ရောက်မှုရှိတယ်ဆိုတာကို နားလည်ခြင်းဟာ ခေါင်းဆောင်မှုအတွက် အစွမ်းထက်တဲ့ အရာတစ်ခုပါ။ ဘာလို့လဲဆိုတော့ ကိုယ်စီကိုယ်စီရှိကြတဲ့ တန်ဖိုးတွေ ခံယူချက်တွေက ဘယ်အခြေအနေတွေကို စိန်ခေါ်မှုအဖြစ် မြင်တယ်၊ ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို လွှမ်းမိုးလို့ပါပဲ။ သင့်လက်အောက်ငယ်သားတွေကို ဘယ်အခြေအနေတွေ၊ လုပ်ငန်းတာဝန်တွေ ဒါမှမဟုတ် ပရောဂျက်တွေက စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တယ်၊ ဘာကြောင့်လဲဆိုတာကို သင်သိနိုင်မယ်ဆိုရင် ဒီအချက်အလက်တွေကို အသုံးပြုပြီး ပြဿနာတွေ ဖြေရှင်းရာမှာ၊ သူတို့ကို အောင်မြင်အောင် ကူညီပေးရာမှာ အသုံးဝင်ပါလိမ့်မယ်။

သင့်လက်အောက်ငယ်သားက သင့်ဆီ စိန်ခေါ်မှုတစ်ခုခုနဲ့ ချဉ်းကပ်လာတဲ့အခါ သူတို့ပြောနေတဲ့ စကားတွေရဲ့ နောက်ကွယ်က ဘာကိုဆိုလိုသလဲဆိုတာကို သတိထားဖို့ လေ့ကျင့်ပါ။ ဥပမာအနေနဲ့ သူတို့က အီးမေးလ်စာရင်းကနေ ချန်ထားခဲ့တာကို စိတ်မသက်မသာ ဖြစ်တာမျိုး ဖြစ်နိုင်ပြီး ဒါကို တမင်တကာ လုပ်တာလို့သံသယရှိနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒုတိယဥပမာအနေနဲ့ အလုပ်လုပ်တဲ့အခါ Printer ပျက်နေတာကိုစိတ်အနှောင့်အယှက်ဖြစ်တဲ့ဝန်ထမ်းလည်းရှိနိုင်ပါတယ်။ အဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ "ကိုယ့်ရဲ့လက်အောက်ငယ်သားက ဘယ်လိုအခြေအနေမျိုးတွေ ကြုံတွေ့နေရတာလဲ။ သူတို့ရဲ့ တန်ဖိုးထားမှုတွေခံယူချက်တွေက အခြေအနေအပေါ် သူတို့ရဲ့ အမြင်ကို ဘယ်လိုသက်ရောက်မှုရှိလဲ။ ဘာတွေက စိတ်အနှောင့်အယှက် ဖြစ်စေတာလဲ။

ပထမအခြေအနေမှာ သင့်ဝန်ထမ်းက "Sense of Belonging" ကို တန်ဖိုးထားတာဖြစ်နိုင်ပြီး အီးမေးလ်စာရင်းကနေ ချန်ထားခဲ့တာက သူတို့ကို အပြင်လူလို ခံစားရစေပါတယ်။ ဒုတိယအခြေအနေမှာ သင့်ဝန်ထမ်းက ထိရောက်မှုကို တန်ဖိုးထားတာဖြစ်နိုင်ပြီး ပျက်နေတဲ့ Printer က သူတို့ရဲ့ အလုပ်ပြီးမြောက်မှုကို အမြဲနှောင့်ယှက်နေပါတယ်။ ဒါက လုပ်ငန်းတစ်ခုလုံးအပေါ် သူတို့ရဲ့ ယုံကြည်မှုကို လျော့နည်းစေနိုင်ပါတယ်။

တန်ဖိုးထားခြင်းတွေက စိတ်ခံစားမှုတွေကို ဖြစ်ပေါ်စေပေမယ့် လူတွေဟာ သူတို့ရဲ့ အပြုအမူတွေကို ဘယ်အချိန်မှာ ဖြစ်ပေါ်စေတယ်ဆိုတာကို အမြဲတမ်း မသိကြဘူးဆိုတာကို သတိရပါ။ သင့်အဖွဲ့ရဲ့ မတူညီတဲ့ တန်ဖိုးတွေကို နားလည်နိုင်ပြီး ဘာကို တန်ဖိုးထားတယ်၊ မထားဘူးဆိုတာကို မြင်နိုင်မယ်ဆိုရင် သူတို့ကို ဘယ်လို လမ်းညွှန်၊ အကြံပေးမလဲဆိုတာ ပိုပြီး အသိဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပါလိမ့်မယ်။ ပြဿနာတိုင်းကို ချက်ချင်းဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့် သူတို့ရဲ့ တန်ဖိုးတွေ၊ ခံယူချက်တွေကို အသိအမှတ်ပြုတာက စိတ်ပါဝင်စားမှုရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးရာမှာ ကူညီပေးနိုင်တဲ့ ပံ့ပိုးမှုတစ်ခုပါပဲ။

နားထောင်ခြင်းအနုပညာကို ကျွမ်းကျင်ပိုင်နိုင်တာက ဗျူဟာတစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ ဆက်ဆံရေးတွေကို အဓိပ္ပာယ်ရှိတဲ့ ကြီးထွားမှုနဲ့ ဆက်သွယ်မှုအချိန်လေးတွေအဖြစ် မြှင့်တင်ပေးတဲ့ ခေါင်းဆောင်မှုရဲ့ ပြောင်းလဲမှုစွမ်းအားတစ်ခုပါပဲ။ စကားဝိုင်းတိုင်းဟာ ထိရောက်စွာ နားထောင်ဖို့နဲ့ သင့်အဖွဲ့အစည်းကို ပိုမိုနားလည်ဖို့ အခွင့်အရေးတစ်ခုပါပဲ။ ဒီအစွမ်းထက်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး နားထောင်ခြင်းစွမ်းရည်တွေကို ဦးစားပေးတာက သင့်ရဲ့ပြောဆိုဆက်သွယ်နိုင်မှုကို အားကောင်းစေပြီး သင့်အဖွဲ့ရဲ့ ပါဝင်ပတ်သက်မှုနဲ့ Productivityကို တိုးမြှင့်ပေးပါလိမ့်မယ်။

Harvard Business Review မှ Debra Schifrin ၏ 4 Listening Skills Leaders Need to Master ဆောင်းပါးအားသင့်တော်သလိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

https://hbr.org/2024/12/4-listening-skills-leaders-need-to-master

Daw Theint Thinzar
Lecturer, Strategy First International College

B.E (Civil) West Yangon Technological University

M.Sc. (Construction Project Management),

Heriot-Watt University, Malaysia