၂၀၂၄ မှာ အချိန်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ဖို့ နည်းလမ်းများ
သင်ဟာ အလုပ်လုပ်တဲ့အခါ တစ်နေ့တာလုံး ကြုံရာကျပန်းပေါ်လာတဲ့ အလုပ်အပေါ်မူတည်ပြီး အချိန်ကို စီမံခန့်ခွဲတတ်တဲ့သူတစ်ယောက်လား?
တကယ်လို့ သင်ဟာ မိမိအသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ တိုးတက်ဖို့ ဆန္ဒရှိတယ်ဆိုရင် အချိန်နဲ့ပတ်သက်ပြီး စီမံခန့်ခွဲခြင်းကို သေချာဂရုစိုက်သင့်ပါတယ်။ ယနေ့ခေတ်အလုပ်အကိုင်တွေဟာ စိန်ခေါ်မှုတွေ ပိုမိုမြင့်မားလာပြီး လူတိုင်းဟာ အချိန်ကိုသေချာစီမံနိုင်ဖို့ လိုလာပါတယ်။ အချိန်တော်တော်များများမှာ အလုပ်တွေ ထိထိ ရောက်ရောက်ပြီးမြောက်ဖို့ အလုပ်တွေကို မဟာဗျူဟာကျကျ လုပ်ကိုင်တတ်ဖို့ လိုပါတယ်။ Zippia ရဲ့ သုတေသနအရ လုပ်ငန်းခွင်အတွင်း ကြားဖြတ်အနှောင့်အယှက်တွေနဲ့ အသေးအဖွဲ အနှောင့်အယှက်များ ကြောင့် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နှစ်စဉ် ဒေါ်လာ ၅၈၈ ဘီလီယံခန့် ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့ တွေ့ရှိချက်တွေအရ ခေါင်းဆောင်တစ်ဦးဟာ အချိန်ရဲ့ 72% ကို အပတ်တိုင်း အစည်းအဝေးများတွင် သုံးစွဲလေ့ရှိကြောင်း မီးမောင်းထိုးပြထားပါတယ်။ ဒါကြောင့် မိမိအချိန်တွေကို သေချာလေး ထိန်းချုပ်ထားဖို့ မိမိတစ်နေ့တာမှာ အသေးစိတ်ကအစ အလုပ်ပြီးမြောက်နိုင်ခြေ ဘယ်လောက် ရှိလဲဆိုတာ ကြိုတင်စဥ်းစားထားဖို့လိုပါတယ်။
ဒါ့အပြင် Zippia က 2023 ခုနှစ်မှာ လုပ်ငန်းခွင်အတွင်း ပျမ်းမျှအလုပ်ချိန်ရဲ့ ထက်ဝက်ကျော်ကို အကျိုး မဖြစ်စေတဲ့အလုပ်တွေမှာ ကုန်ဆုံးစေခဲ့တယ်လို့ ဆိုထားပါတယ်။ အလုပ်ချိန်ကို ပုပ်စေပြီး မလိုအပ်တဲ့ အလုပ်သွား/ပြန်ချိန်တွေ၊ မလိုလားအပ်တဲ့ အဆုံးအစမဲ့ အစည်းအဝေးတွေ၊ အလုပ်ချိန်မှာ ဆိုရှယ်မီဒီယာကို ရှာဖွေသုံးစွဲရတဲ့ အချိန်တွေ၊ အချိန်ဆွဲတတ်တဲ့ အလေ့အထနဲ့ စည်းမဲ့ကမ်းမဲ့ အလုပ်နေရာတွေ စသဖြင့် ပါဝင်ပါတယ်။ တကယ်လို့ သင်ဟာ အထက်ဖော်ပြပါများထဲက တစ်ခုခုကြောင့် အပြစ်ရှိသလို ခံစားရတယ်ဆိုရင် ဒီလို နှောင့်နှေးကြန့်ကြာမှုတွေကို ဖယ်ရှားပေးပြီး အလုပ်မှာ ပိုမိုထိရောက်အကျိုးရှိစေမယ့် ထိရောက်တဲ့ အချိန်စီမံခန့်ခွဲမှုဗျူဟာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ 80/20 စည်းမျဉ်းလို့ အများက သိထားတဲ့ Pareto Principle ပဲ ဖြစ်ပါတယ်။
ဒါဆိုရင် 80/20 စည်းမျဥ်းဆိုတာ ဘာလဲ?
Pareto Principle (ဒါမှမဟုတ်) 80/20 စည်းမျဉ်းအရ ရလဒ်များရဲ့ 80% ဟာ အာရုံစိုက်အားထုတ်မှုရဲ့ 20% ကြောင့် ဖြစ်ပေါ်လာတယ်လို့ ဆိုထားပါတယ်။ ထိရောက်တဲ့ အချိန်စီမံခန့်ခွဲမှုနဲ့စပ်လျဉ်းပြီး ဆိုလိုချင်တာက သင်ဟာ သင့်ရဲ့ အလုံးစုံရည်မှန်းချက်တွေအတွက် အများဆုံးအထောက်အကူဖြစ်စေမယ့် အထိရောက်ဆုံးဖြစ်တဲ့ အလုပ်တွေ ကိုသာ အာရုံစိုက်သင့်ပါတယ်။
1. Track Your Time (သင့်အချိန်တွေကို ခြေရာခံပါ)
ပထမအဆင့်မှာ သင်ဟာ သင့်အချိန်တွေကို ဘယ်လိုသုံးစွဲနေတယ်ဆိုတာ ခြေရာခံဖို့ပဲ ဖြစ်ပါတယ်။ မကြာခဏ ဆိုသလို မိနစ်အနည်းငယ်လောက် အလုပ်စားပွဲနဲ့ ဝေးရာကို ထွက်ခွာသွားလေ့ရှိခြင်းဟာ အကြိမ်အရေအတွက် များလျှင် အချိန်ပေါင်းများစွာကို ပုပ်စေနိုင်ပါတယ်။ (ဥပမာ- ၅ မိနစ် ၁၀ ခါဆိုရင် မိနစ် ၅၀)။ တစ်ဆက်တည်းမှာပဲ တစ်နေ့တာလုံး သင်လုပ်သမျှအရာတွေအားလုံးကို ထည့်သွင်းတွက်ချက်ဖို့လိုပါတယ်။ (ဥပမာအားဖြင့် အလုပ်သွား/ပြန် အချိန်တွေ)။ ဒါပြီးမှ နောက်တစ်ဆင့်ကို ဆက်သွားပါ။
2. Identify High-Value Tasks (တန်ဖိုးမြင့်တဲ့ အလုပ်တာဝန်တွေကို ခွဲထုတ်သတ်မှတ်ပါ)
သင့်မှာ တစ်နေ့တာအတွက် လုပ်စရာက အများအပြားရှိနေမှာ အသေအချာပါပဲ။ ဒီအများကြီးထဲက သင့် ပရောဂျက်အောင်မြင်မှုအတွက် သက်ရောက်မှုအရှိဆုံးဖြစ်တဲ့ အဓိကတာဝန်တွေကို ခွဲခြားသတ်မှတ်ဖို့ လိုပါတယ်။ အဲ့ဒါတွေ သတ်မှတ်ပြီးပြီဆိုမှ အရေးမကြီးတာ (ဒါမှမဟုတ်) လုံးဝမသက်ဆိုင်တဲ့အရာတွေ ဦးစားပေးလုပ်ဆောင်နေတာတွေကို ပြန်စဥ်းစားဖို့ လိုပါတယ်။ ဥပမာ ရည်ရွယ်ချက်မရှိဘဲ ဆိုရှယ်မီဒီယာကို ကြည့်ရှုခြင်း (ဒါမှမဟုတ်) မလိုအပ်တဲ့အစည်းအဝေးတွေကိုတက်ခြင်း စတဲ့ကိစ္စတွေကို လျှော့နိုင်ဖို့ ကြိုးစားသင့်ပါတယ်။
3. Delegate and Outsource (ခွဲဝေပါ၊ လွှဲအပ်ပါ)
တန်ဖိုးကြီးတဲ့အလုပ်တာဝန်တွေကို ခွဲခြားသတ်မှတ်ပြီးတဲ့အခါ၊ တချို့အရေးမကြီးတဲ့အရာတွေကို မိမိ လက်အောက်ငယ်သားဆီ အလုပ်တာဝန်ခွဲပေးခြင်း (ဒါမှမဟုတ်) outsourcing စတဲ့ နည်းလမ်းအမျိုးမျိုးကို အသုံးချနိုင်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် မိမိအဖွဲ့၀င်တစ်ဦးဦးကို ကူညီပေးခိုင်းခြင်း (ဒါမှမဟုတ်) မိမိရဲ့ ဖန်တီးနိုင်စွမ်းကို ချွေတာဖို့ AI ကို အသုံးချပြီး ခိုင်းခြင်း စသဖြင့် စမ်းကြည့်သင့်ပါတယ်။
4. Remove Time-Wasters (အချိန်ကုန်စေတဲ့အရာတွေကို ရှောင်ကြဉ်ပါ)
အရေးကြီးဆုံးကတော့ အချိန်ဖြုန်းတတ်တာကို လုံးဝရှောင်ဖို့ လိုပါတယ်။ သင်အလုပ်လုပ်နေတဲ့ အလုပ်တိုင်းဟာ သင့်အသက်မွေးဝမ်းကြောင်းအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို စဉ်းစားပြီး လုပ်ဖို့လိုပါတယ်။ ဒီအလုပ်ကရော သင့်ကို ဘယ်လောက်အတိုင်းအတာအထိ မြှင့်တင်ပေးနိုင်လဲဆိုတာ စဉ်းစားဖို့လည်း လိုပါတယ်။ နောက်ပြီး သင့်တစ်နေ့တာကို အချိန်အနည်းဆုံးနဲ့ ထိထိရောက်ရောက် ဘယ်လိုအလုပ်လုပ်နိုင်မလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။
နိဂုံးချုပ်ပြောရရင် အချိန်ကို စီမံခန့်ခွဲခြင်းဆိုတာ အလေ့အကျင့်တစ်ခုဖြစ်တာကြောင့် သင်အပါအဝင် သင့်လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ အလုပ်လုပ်တဲ့ ပုံစံအသစ်တွေ စမ်းကြည့်တဲ့အခါ အချိန်အနည်းငယ် ယူရနိုင် ပါတယ်။ ဒါပေမဲ့ စိတ်ရှည်သည်းခံပြီး လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သင်ဟာ တက်ကြွပြီး ထိရောက်မှုရှိတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သင့်အလုပ်ရှင်ကို ပြသနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဟာ ပိုပြီးစိန်ခေါ်မှုမြင့်မားတဲ့ အလုပ်အသစ်တွေကိုလည်း တာဝန်ယူနိုင်ပြီးဖြစ်ကြောင်း၊ သင့်မှာ ဒီလို ခေါင်းဆောင်မှု စွမ်းရည်တွေ ရှိကြောင်းပြသနိုင်မှာ အသေအချာပါပဲ။
References
Wells, R., 2024. How To Improve Your Time Management Skills In 2024. [Online]
Available at: https://www.forbes.com/.../how-to-improve-your-time.../...
[Accessed 24 May 2024].
Daw Hninn Pwint Oo
B.Com(Q), M.Com (Meiktila University of Economics)
Latest Articles
Kaizen - နေ့တိုင်းနည်းနည်းချင်း ပိုကောင်းအောင် လုပ်ကြစို့
2 days ago
အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးစီမံခန့်ခွဲမှုစနစ်များရဲ့ အခန်းကဏ္ဍ
6 days ago
Halo Effect: သင့်ရဲ့ဆုံးဖြတ်ချက်တွေကို တိတ်တဆိတ် ထိန်းချုပ်နေသူ
1 week ago
ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ
3 weeks ago
ငွေကြေးကုန်ကျမှုမများဘဲ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်မယ့် Growth Hacking Marketingရဲ့ လျှို့ဝှက်ချက်
3 weeks ago
