ဝန်ထမ်းတွေရဲ့မျှော်မှန်းချက်ကို Boss တွေ ဘယ်လိုဖြေရှင်းနေလဲ?
🌍 ဒီနေ့ခေတ်မှာ ကုမ္ပဏီတွေဟာ ဝန်ထမ်းတွေကို ဆွဲဆောင်ဖို့ လုံးဝအသစ်ဖြစ်တဲ့နည်းလမ်းတွေ သုံးနေပါပြီ။ အခုဆို ဝန်ထမ်းတွေက ပိုပြီး ပြောင်းလွယ် ပြင်လွယ် ဖြစ်တဲ့အလုပ်ပတ်ဝန်းကျင်၊ သူတို့ရဲ့စိတ်ကျန်းမာရေး၊ နဲ့ အလုပ်ရဲ့အဓိပ္ပါယ်တွေကိုပါ ဦးစားပေးလာကြပါတယ်။ ရိုးရာစနစ်များထက် ပျော့ပျောင်းမှု၊ အဓိပ္ပါယ်ရှိမှုနှင့် စေတနာပြည့်ဝမှုတို့ကို အလေးပေးလာကြပါတယ်။
“ပြောင်းလွယ် ပြင်လွယ် အလုပ်လုပ်နည်းစနစ်များ”
ပထမဆုံးပြောင်းလဲမှုကတော့ အလုပ်လုပ်ပုံစနစ်ပါ။ ၉ နာရီက ၅ နာရီ စတဲ့ ရုံးချိန်တင်းကျပ်တာတွေ မရှိတော့ဘူး။ အိမ်ကနေ၊ ရုံးကနေ၊ ဒါမှမဟုတ် နှစ်ခုရောပြီး အလုပ်လုပ်တဲ့ရွေးချယ်ခွင့်တွေ ပေးလာကြပါတယ်။ ရုံးခန်းတွေကိုလည်း အလုပ်လုပ်ရုံသက်သက်မဟုတ်ဘဲ အတူတကွ idea ဖလှယ်ဖို့နေရာအဖြစ် ပြန်လည်ဒီဇိုင်းဆွဲထားကြပါတယ်။
“လစာထက် ပိုသော အကျိုးခံစားခွင့်များ”
နောက်တစ်ခုက အကျိုးခံစားခွင့်တွေမှာ လစာအပြင် အခြားအရာတွေပါ ထည့်သွင်းလာတာပါ။ စိတ်ကျန်းမာရေးအာမခံ၊ အနည်းဆုံး ၄ ပတ်စာ အားလပ်ခွင့်၊ ငွေရေးကြေးရေးအကူအညီတွေအထိ ပေးလာကြတယ်။ ဝန်ထမ်းတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ဂရုစိုက်တဲ့ပုံစံမျိုးပေါ့။
“အလုပ်အကိုင်ဖွံ့ဖြိုးမှု”
အလုပ်အကိုင်တိုးတက်မှုမှာလည်း တစ်ယောက်နဲ့တစ်ယောက် မတူတော့ဘူး။ ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှုနဲ့ ကုမ္ပဏီလိုအပ်ချက်ကို ကိုက်ညီမယ့် လမ်းကြောင်းတွေ ဖန်တီးပေးလာကြပါတယ်။ နှစ်စဉ်အကဲဖြတ်တာတွေအစား ပုံမှန်ဆွေးနွေးတာတွေ လုပ်လာကြပါတယ်။
“ခေါင်းဆောင်မှုပုံစံ ပြောင်းလဲမှု”
ခေါင်းဆောင်မှုပုံစံမှာလည်း အကြီးအကျယ်ပြောင်းလဲမှုတွေရှိလာတယ်။ မန်နေဂျာတွေဟာ ဝန်ထမ်းတွေကို ထိန်းချုပ်တာထက် ပံ့ပိုးပေးတဲ့နည်းပြအဖြစ် ပြောင်းလဲလာကြတယ်။ ကုမ္ပဏီရဲ့အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းပြောတာ၊ ဝန်ထမ်းတွေ လွတ်လွတ်လပ်လပ်ပြောဆိုနိုင်တဲ့ ပတ်ဝန်းကျင်ဖန်တီးတာတွေ လုပ်လာကြပါတယ်။
“အဓိပ္ပါယ်ရှိသော အလုပ်များ”
အရေးအကြီးဆုံးကတော့ အလုပ်ရဲ့အဓိပ္ပါယ်ပါ။ ဝန်ထမ်းတွေက သူတို့လုပ်နေတဲ့အလုပ်က လူမှုအပေါ်၊ ကုမ္ပဏီအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာ သိချင်လာကြတယ်။ ဒါကြောင့် ကုမ္ပဏီတွေက လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ဝန်ထမ်းတွေကိုယ်တိုင် ပါဝင်ဆုံးဖြတ်ခွင့်ပေးလာကြပါတယ်။
“နည်းပညာ တိုးတက်မှု”
နည်းပညာပိုင်းမှာလည်း ဝန်ထမ်းတွေကို ဦးစားပေးတဲ့ပုံစံပြောင်းလာတယ်။ AI တွေက အလိုအလျောက်လုပ်လို့ရတဲ့အလုပ်တွေကို လုပ်ပေးပြီး ဝန်ထမ်းတွေကို ဖန်တီးနိုင်စွမ်း ပိုလိုတဲ့အလုပ်တွေအတွက် အချိန်ပိုရစေပါတယ်။ ဒစ်ဂျစ်တယ်ကိရိယာတွေကိုလည်း အသုံးပြုရလွယ်ပြီး အလုပ်လုပ်ရတာအဆင်ပြေစေမယ့်ဟာတွေကိုပဲ ရွေးချယ်လာကြပါတယ်။
အကျဉ်းချုပ်ပြောရရင် ၂၀၂၅ မှာ အောင်မြင်နေတဲ့ကုမ္ပဏီတွေဟာ ဝန်ထမ်းတွေကို "အရင်းအမြစ်" အဖြစ်မမြင်တော့ဘဲ "လူသား" အဖြစ် ပိုမို နားလည်လာကြပါတယ်။ ဒီလို အမြင်ပြောင်းလဲမှုက ကုမ္ပဏီတွေကို ပိုမို ခိုင်မာစေပြီး ပိုအောင်မြင်စေနိုင်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေရဲ့အကျိုးစီးပွားနဲ့ လုပ်ငန်းရဲ့အောင်မြင်မှုဆိုတဲ့ မျဉ်းနှစ်ခုဟာ တစ်စတစ်စ ပေါင်းစည်းလာပြီး လူသားချင်းစာနာမှုနဲ့အောင်မြင်မှုကို ပေါင်းစပ်ထားတဲ့ ခေတ်မီအလုပ်ခွင်များအဖြစ် ပြောင်းလဲ ဖန်တီးလာကြပါပြီ။
Bloom, N. (2021) ‘Hybrid is the future of work’, Stanford University. Available at: https://siepr.stanford.edu/publications/policy-brief/hybrid-future-work (Accessed: 27 June 2025).
Cappelli, P. and Tavis, A. (2018) ‘HR goes agile’, Harvard Business Review, 100(2), pp. 50-59.
Edmondson, A. (2023) ‘The Fearless Organization: Creating Psychological Safety in the Workplace’, 2nd edn. Hoboken, NJ: Wiley.
Sull, D., Sull, C. and Zweig, B. (2022) ‘Toxic Culture is Driving the Great Resignation’, MIT Sloan Management Review, 63(2), pp. 1-9.
Daw Hninn Pwint Oo
M.Com, B.Com** (MEUE)
Latest Articles
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 week ago
ကောင်းမွန်တဲ့ AI Tool တစ်ခု ဘယ်လိုဖန်တီးရမလဲ
1 week ago
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
2 weeks ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
2 weeks ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
2 weeks ago
