ဝန်ထမ်းများ Burnout ခံစားနေရပြီလား
ခေတ်သစ်လုပ်ငန်းခွင်များတွင် "Work-Life Balance" ဆိုတဲ့ စကားလုံးဟာ ကြားဖူးနေကျ ဖြစ်ပေမယ့်၊ ဝန်ထမ်းအများစုအတွက် Work-Life Balance ဆိုတာဟာ လက်တွေ့ အကောင်အထည်ပေါ်ခြင်း မရှိသေးတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲပါ။ အလုပ်ဖိအားများတာတွေ၊ အချိန်ပို လုပ်ကိုင်ရတာတွေနဲ့ နည်းပညာဆိုင်ရာ ဝင်ရောက်စွက်ဖက်မှုတို့ကြောင့် ကိုယ်ရေးကိုယ်တာအချိန်များ ဆုံးရှုံးလာခြင်းဟာ ဝန်ထမ်းများ၏ ကျန်းမာရေး၊ မိသားစုဘဝနှင့် အလုပ်စွမ်းဆောင်ရည်ကို နက်ရှိုင်းစွာ ထိခိုက်စေနိုင်ပါတယ်။
ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းများ
ဒီပြဿနာရဲ့ ဇစ်မြစ်ကို နားလည်ဖို့ လိုအပ်ပါတယ်။ အလုပ်ချိန်တွေကို ပုံမှန်ထက် ကြာမြင့်စွာလုပ်ကိုင် နေရခြင်းက အဓိကပြဿနာ ဖြစ်ပါတယ်။ စမတ်ဖုန်းများမှတစ်ဆင့် ညဘက်နှင့် ပိတ်ရက်များအထိ အလုပ်ဆက်တိုက်ဝင်ရောက်လာခြင်းက အနားယူချိန်များ ပြတ်တောက်သွားတတ်ပါတယ်။ ဒါ့အပြင် လူအင်အားနှင့် မကိုက်ညီတဲ့ လုပ်ငန်းတာဝန်များပေးအပ်ခြင်း၊ ပြောင်းလွယ်ပြင်လွယ် အလုပ်ပုံစံများ (ဥပမာ - အိမ်မှ အလုပ်လုပ်ခွင့်) မရှိခြင်း တို့ကလည်း အလုပ်နဲ့ ဘဝ မျှတခြင်းကို ပျက်ယွင်းစေပါတယ်။
ဝန်ထမ်းများအပေါ် သက်ရောက်မှုများ
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ
စိတ်ဖိစီးမှု (Stress)၊ စိုးရိမ်ပူပန်မှု (Anxiety) နှင့် စိတ်ဓာတ်ကျခြင်း (Depression) တို့ မြင့်တက်လာ တတ်ပါတယ်။ နောက်ဆုံးတွင် Burnout အဆင့် ရောက်တတ်ပြီး ဝန်ထမ်းတစ်ယောက်က အလုပ်အတွက် စွမ်းအင်နှင့် စိတ်ဝင်စားမှု လုံးဝဆုံးရှုံးသွားတတ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုနှင့် ကိုယ်ကျိုးစွန့်စိတ်များလည်း လျော့နည်းလာတတ်တယ်။
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ
အိပ်ရေးပျက်ခြင်း (Insomnia) နှင့် အာဟာရမမျှတခြင်းတို့က နာတာရှည်ရောဂါများကို ဖိတ်ခေါ်နေသလိုဖြစ်နေပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မရခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုစတဲ့ ရောဂါများ ဖြစ်နှုန်းမြင့်တက်လာပါတယ်။ ကိုယ်ခံအားစနစ်ကျဆင်းမှုကြောင့် မကြာခဏ နေမကောင်း ဖြစ်တတ်ပါတယ်။
မိသားစုနှင့် လူမှုဆက်ဆံရေး ပျက်စီးမှုများ
မိသားစုဝင်များနှင့် ကောင်းမွန်တဲ့ အချိန်ကုန်ဆုံးမှု နည်းပါးလာခြင်းက အိမ်ထောင်ရေး ပဋိပက္ခတွေကို များစေပါတယ်။ ကလေးများရဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းများမှာ မိဘများ ပါဝင်နိုင်မှု နည်းလာပါတယ်။ သူငယ်ချင်းမိတ်ဆွေများနှင့် ဆက်ဆံရေးပြတ်တောက်လာခြင်း၊ ကိုယ်ပိုင်ဝါသနာများဆုံးရှုံးခြင်းတို့ကြောင့် လူမှုရေးအထီးကျန်မှုဝေဒနာ ခံစားရတတ်ပါတယ်။
ကုမ္ပဏီများအပေါ် သက်ရောက်မှုများ
စွမ်းဆောင်ရည်ကျဆင်းခြင်း
စိတ်ပင်ပန်းနွမ်းနယ်နေတဲ့ ဝန်ထမ်းတွေဟာ ထုတ်လုပ်မှုနှုန်း (Productivity) နှင့် အရည်အသွေး (Quality) ကို ထိခိုက်စေပါတယ်။ ဆန်းသစ်တီထွင်နိုင်စွမ်း (Creativity) နှင့် ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving) ကျဆင်းလာတတ်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်မှုတွင် အမှားများလာပြီး စီးပွားရေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဝန်ထမ်းလှည့်လည်မှုနှုန်း မြင့်တက်ခြင်း
စိတ်ပျက်အားလျော့တဲ့ ကျွမ်းကျင်ဝန်ထမ်းများ အလုပ်ထွက်သွားခြင်းက ကုမ္ပဏီရဲ့ အတွင်းသိပညာ (Institutional Knowledge) ကို ဆုံးရှုံးစေပါတယ်။ အစားထိုးဝန်ထမ်းများကို လေ့ကျင့်ဖို့ အချိန်နဲ့ငွေကြေးများ ပိုမိုကုန်ကျစေပါတယ်။ ဝန်ထမ်းများ မကျေနပ်မှုများကြောင့် ကုမ္ပဏီရဲ့ အလုပ်ခွင် ပတ်ဝန်းကျင်ဂုဏ်သတင်း (Employer Branding) ပျက်စီးလာပြီး ထူးချွန်တဲ့ လူသားအရင်းအမြစ်များ ဆုံးရှုံးရတတ်ပါတယ်။
ဖြေရှင်းနည်းများ
ကုမ္ပဏီများ လုပ်ဆောင်သင့်သည်များ
ပြောင်းလွယ်ပြင်လွယ် အလုပ်ပုံစံများ အကောင်အထည်ဖော်ဖို့ အရေးကြီးပါတယ်။ အိမ်မှအလုပ်လုပ်ခွင့် (Remote Work) ဒါမှမဟုတ် ပြောင်းလွယ်ပြင်လွယ် အလုပ်ချိန် (Flexi-Time) စနစ်များ ကျင့်သုံးသင့်ပါတယ်။ ညနေ/ညဘက် နှင့် ပိတ်ရက်များတွင် အလုပ်ဆက်သွယ်မှုများ ရှောင်ကြဉ်ခြင်းဖြင့် အနားယူချိန်များကို လေးစားရပါမယ်။ စိတ်ဖိစီးမှုစီမံခန့်ခွဲခြင်း (Stress Management) နှင့် စိတ်ကျန်းမာရေးအကူအညီ (Mental Health Support) ဝန်ဆောင်မှုများ ပံ့ပိုးသင့်ပါတယ်။ အားလပ်ရက်နှင့် နားနေခွင့်များ ယူရန် အားပေးတဲ့ အလုပ်ခွင်ယဉ်ကျေးမှုကို မွေးမြူရပါမယ်။
ဝန်ထမ်းများ လုပ်ဆောင်သင့်သည်များ
ကိုယ်ပိုင်အချိန်များကို စနစ်တကျ စီမံခန့်ခွဲပြီး အလုပ်နဲ့ ကိုယ်ရေးဘဝကြား ရှင်းလင်းတဲ့ နယ်နိမိတ်များ ချမှတ်သင့်ပါတယ် (ဥပမာ - ညဘက်အချိန်တွင် အလုပ်ဖုန်းများ မဖြေခြင်း)။ အိပ်စက်ခြင်း၊ အာဟာရ၊ လေ့ကျင့်ခန်းနှင့် အနားယူခြင်းတို့အတွက် အချိန်မှန်မှန် လုပ်ဆောင်ပေးရပါမယ်။ မိမိရဲ့ စွမ်းဆောင်နိုင်စွမ်းကို ကျော်လွန်တဲ့ အလုပ်များကို ယူခြင်းမှ ရှောင်ကြဉ်ပြီး "မလုပ်နိုင်ပါ" ဟု ပြောတတ်ရန် လေ့ကျင့်ရပါမယ်။
နိဂုံးချုပ်
အလုပ်နှင့်ဘဝ ချိန်ခွင်မျှမျှတတဖြစ်စေရေးဟာ ကုမ္ပဏီများရဲ့ ရေရှည်အောင်မြင်မှုအတွက် မရှိမဖြစ်အရေးပါတဲ့ အရာဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၁၉ ခုနှစ်တွင် Burnout ကို ICD-11 ရောဂါအမျိုးအစားခွဲခြားမှုစာရင်းတွင် "အလုပ်ခွင်ဆိုင်ရာ ဖြစ်စဉ်" (Occupational Phenomenon) အဖြစ် သတ်မှတ်ခဲ့တယ်။ ကျန်းမာပျော်ရွှင်ပြီး စွမ်းအားပြည့်ဝတဲ့ ဝန်ထမ်းတွေဟာ ထုတ်လုပ်မှုစွမ်းအား ၂၀% ခန့် ပိုမိုမြင့်မားကြောင်း Gallup အဖွဲ့၏ လေ့လာချက်များက ဖော်ပြပါတယ်။ ဒါကြောင့် ဒီပြဿနာကို ကုမ္ပဏီများနဲ့ ဝန်ထမ်းများ ပူးပေါင်းဖြေရှင်းခြင်းနဲ့သာ ရေရှည်တည်တံ့မယ့် အောင်မြင်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြလိုက်ရပါတယ်။
ကိုးကား
Gallup (2022) Employee Burnout: Causes and Cures. Available at:
https://www.gallup.com/workplace/282659/employee-burnout-persists-pandemic.aspx
(Accessed: 24 July 2025).
World Health Organization (2019) Burn-out an "occupational phenomenon": International Classification of Diseases. Available at:
https://www.who.int/news/item/28-05-2019-burn-out-an-occupational-phenomenon-international-classification-of-diseases
(Accessed: 24 July 2025).
Thwe Thwe Aye
B. Com (Q**), M. Com (MEUE)
Post Graduate Diploma in Research Studies (PGDRS) (MUE)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
