စွန့်ပစ်ဘက်ထရီကို ပြန်လည်ပြုပြင် ထုတ်လုပ်တဲ့လုပ်ငန်းက ဘာကြောင့်လိုအပ်တာလဲ?
ယနေ့ခေတ် ကမ္ဘာလုံးဆိုင်ရာ စွန့်ပစ်ပစ္စည်းတွေဟာ လျင်လျင်မြန်မြန်ပဲ များပြားလာနေပါတယ်။ ယခုလိုလျင်မြန်စွာတိုးများလာခြင်းက သဘာ၀ပတ်ဝန်းကျင်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချဖို့အတွက် စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင် ထုတ်လုပ်တဲ့လုပ်ငန်းတွေ (Recycling Business) ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။ စက္ကူ၊ ပလတ်စတစ်၊ ဖန်၊ သတ္တု၊ အီလက်ထရောနစ်၊ အဝတ်အထည် စတဲ့ Recycling Business များစွာ ရှိပါတယ်။ ဒီလုပ်ငန်းအမျိုးအစားများထဲမှ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ဘက်ထရီကို ပြန်လည်ပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်းတွေရဲ့ အရေးပါပုံကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
ဘက်ထရီတွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းများစွာပါဝင်တဲ့အတွက် စနစ်တကျ မစွန့်ပစ် ဘူးဆိုရင် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဘက်ထရီဆိုတာဟာ အရေးကြီးဆုံး E-waste ပဲ ဖြစ်ပါတယ်။ E-waste ဆိုတာကတော့ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းကို ဆိုလိုတာပါ။ E-waste အမျိုးအစား များစွာရှိပါတယ်။ အဲ့ဒီအထဲကမှ ဘက်ထရီစွန့်ပစ်ပစ္စည်းဟာ သဘာဝပတ်ဝန်းကျင်အတွက် အဓိက စိုးရိမ်စရာ များထဲမှ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုပြီးသားဘက်ထရီကို ပြန်လည်ပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ လက်ရှိအခြေအနေမှာ Recycling Business များစွာတွေထဲကမှ အရေးအကြီးဆုံး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။
ကျွန်ုပ်တို့ဟာ ကုန်ပစ္စည်းတစ်ခုကို အသုံးပြုပြီးနောက် အလွယ်တကူပဲ စွန့်ပစ်တတ်ကြပါတယ်။ တချို့ စွန့်ပစ်ပစ္စည်းတွေဟာ နှစ်ပေါင်းကြာရှည်တဲ့ထိတိုင်အောင် ပျက်စီးမလွယ်တဲ့အတွက် သဘာ၀ပတ်ဝန်းကျင်ကို အလွန်ထိခိုက်စေပါတယ်။ အခုနောက်ပိုင်းမှာတော့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင်အသုံးပြုခြင်းဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်ကြောင်း တွေ့ရပါတယ်။ ဥပမာအနေနဲ့ အိန္ဒိယနိုင်ငံမှာ လျှပ်စစ်ယာဉ်တွေ (EV ကား) ဆီကိုကူးပြောင်းနေဆဲဖြစ်တာကြောင့် လစ်သီယမ်-အိုင်းယွန်းဘက်ထရီ အသုံးပြု မှုဟာ သိသိသာသာတိုးလာပါတယ်။ ဒါကြောင့် Battery Recycling Business တွေဟာ မရှိမဖြစ် လိုအပ်လာပါတယ်။ ဘက်ထရီမှာပါဝင်တဲ့ အစိတ်အပိုင်းများစွာထဲမှ အထူးသဖြင့် လစ်သီယမ်နဲ့ သတ္တုအချို့က အကန့် အသတ်ရှိတဲ့ သဘာဝအရင်းအမြစ်များပဲ ဖြစ်ပါတယ်။ Recycling ဆိုတာဟာ အဲ့ဒီအကန့်အသတ်ရှိတဲ့ သဘာဝအရင်းအမြစ်များကို ဘက်ထရီအသစ်များမှာ ပြန်လည်အသုံးပြုဖို့အတွက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
ဒီနေ့ခေတ် Electronic ပစ္စည်းတွေကို အသုံးပြုမှုများလာခြင်းက သဘာ၀ပတ်ဝန်းကျင်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ ဒါကြောင့် အသုံးပြုပြီးသားဘက်ထရီကို အလွယ်တကူစွန့်ပစ်မယ့်အစား ပြန်လည်အသုံးပြုဖို့ ကြိုးစားခြင်းက ဂေဟစနစ်ကို ပိုမိုကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ပြန်လည် အသုံးပြုနိုင်တဲ့ ဘက်ထရီကို အားပြန်သွင်းနိုင်တဲ့ ဘက်ထရီ (Rechargeable Battery) လို့ခေါ်ပါတယ်။ အဲ့ဒီလိုဘက်ထရီတွေဟာ အားပြန်သွင်းပြီး ထပ်မံအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါသုံးဘက်ထရီတွေထက် အနည်းငယ်ပိုပြီး စျေးကြီးနိုင်ပါတယ်။ အားပြန်သွင်းနိုင်တဲ့ ဘက်ထရီများဟာ တစ်ခါသုံး ဘက်ထရီများနဲ့မတူဘဲ တစ်ကြိမ်သုံးပြီးနောက် အကြိမ်ပေါင်းများစွာ ပြန်လည်အသုံးပြုနိုင်ပါတယ်။ အားပြန်သွင်းနိုင်တဲ့ ဘက်ထရီ များကိုသုံးခြင်းဖြင့် ဘက်ထရီစွန့်ပစ်ခြင်းပမာဏကို လျော့နည်းစေမှာပဲ ဖြစ်ပါတယ်။
ဘက်ထရီဝယ်လိုအား များလာတဲ့အခါ ဘက်ထရီထုတ်လုပ်မှု တိုးလာြခင်းက အခြေခံစီးပွားရေးမူ တစ်ခုပဲဖြစ်ပါတယ်။ ဘက်ထရီတွေကို နေရာတကာမှာ အလွယ်တကူဝယ်ယူလို့ရနိုင်တာကြောင့် အသုံးပြု ပြီးတာနဲ့ စွန့်ပစ်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်တတ်ကြပါတယ်။ စွန့်ပစ်ထားတဲ့ဘက်ထရီတွေကို ပြန်လည် အသုံးပြုခြင်းမပြုဘူးဆိုရင် အဲ့ဒီလိုဘက်ထရီတွေကနေမှ လေးလံတဲ့သတ္တုတွေဟာ မြေကြီး၊ ရေနဲ့ မြေဆီလွှာကို ညစ်ညမ်းစေပါတယ်။ ဘက်ထရီများကို မှားယွင်းစွာ စွန့်ပစ်ခြင်းက မီးလောင်ကျွမ်းမှုနဲ့ ပေါက်ကွဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘက်ထရီတွေကို အသုံးပြုပြီးတာနဲ့ စွန့်ပစ်ပစ္စည်းတစ်ခုအဖြစ်နဲ့ မသတ်မှတ်ဘဲ ပြန်လည်အသုံးပြုဖို့ အလွန်လိုအပ်ပါတယ်။ Battery Recycling Business လိုအပ်ရခြင်းရဲ့ အဓိကအကြောင်း အရင်းကိုပြောပါဆိုရင် ဘက်ထရီပစ္စည်းများကို စွန့်ပစ်ခြင်း၊ ပြန်လည်အသုံးပြုခြင်းတို့ကို တာဝန်ယူစီမံခန့်ခွဲဖို့နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူ့ကျန်းမာရေးကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။
My-waste-solution မှ Battery Recycling Business အကြောင်းကို ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆိုကိုးကားရေးသားထားပါတယ်။
Daw Thwet Shwe Yee Htun
B. Com, M.com (MEUE)
Meiktila University of Economics
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
