“Smart Trust”
ခုတလော အလိမ်ခံရတဲ့အကြောင်းတွေကြားရတာများလို့ Smart Trust အကြောင်းလေး ပြောပြချင်ပါတယ်။ Trust ဆိုတဲ့ယုံကြည်မှုနဲ့ပတ်သက်ပြီး Stephen Covey ရဲ့ Trust Matrix မှာ ရှုထောင့်နှစ်မျိုးနဲ့ ဖော်ပြခဲ့ပါတယ်။ ဒါတွေကတော့ Propensity to Trust (matter of the heart)နဲ့ Analysis (matter of the head)တို့ပဲ ဖြစ်ပါတယ်။ အလိမ်ခံရတဲ့လူတွေဟာ ယေဘူယျအားဖြင့်တော့ ယုံလွယ်တတ်ကြပြီး ဝေဖန်ဆန်းစစ်မှုနည်းတဲ့အတွက် ဖြစ်ကြရပါတယ်။ ဒီလိုလူတွေဟာ အလိမ်ခံကြရတာများပါတယ်။ လိမ်တဲ့သူတွေရဲ့ ဟိတ်၊ဟန်တွေနဲ့ လုပ်ပုံကိုင်ပုံတွေကိုပဲကြည့်ပြီး (သူတို့တွေရဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုမသိဘဲ၊ မမေးဘဲ၊ ဖြစ်နိုင်မဖြစ်နိုင် မသုံးသပ်ဘဲနဲ့) ပစ်ခတ်ပြီး ယုံလိုက်ကြပါတယ်။ အကွက်နံပါတ် (၁) မှာရှိတဲ့သူတွေပေါ့။ (ပုံမှာကြည့်ပါရှင်)
တချို့လူတွေကတော့ ကိုယ့်ကိုယ်ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မယုံကြပါဘူး။ ပြီးတော့ ထပ်ခါတလဲလဲ ဆန်းစစ်ဝေဖန်နေတာနဲ့ ကြာနေတတ်ပါတယ်။ ဒါကြောင့် သူတို့နဲ့အလုပ်တွဲလုပ်တဲ့အခါမှာ အရာရာမှာ သံသယစိတ်တွေရှိတတ်ကြလို့ တစ်ခုခုလုပ်ရင် တော်တော်နဲ့ရှေ့မရောက်ကြဘဲ အလုပ်မှာ နှောင့်နှေး ကြန့်ကြာတတ်ကြပါတယ်။ (အကွက်နံပါတ် ၄)
အချို့ကျပြန်တော့လည်း သူများကိုလည်းမယုံတဲ့အပြင် ကိုယ့်ကိုယ်ကိုယ်တောင် ယုံလှတယ်မဟုတ်ပါဘူး။ ဒီတော့ တစ်ခုခုလုပ်မယ်ဆို ဆုံးဖြတ်ချက်မချနိုင်ဘဲ တွေဝေနေကြတာများပါတယ်။ ဘယ်သူ့ကိုမှလည်းမယုံ၊ ကိုယ်တိုင်လည်းမစဉ်းစားတတ်၊ သူများတွေရှင်းပြတာကိုလည်း တော်ရုံနားမလည်၊ လက်မခံနိုင်ကြတော့ အလုပ်တစ်ခုခုကို စလုပ်ဖြစ်ဖို့ကို ခက်ခဲကြပါတယ်။ (အကွက်နံပါတ် ၃)
တကယ်တော်တဲ့သူတွေက သူတစ်ပါးကို သံသယစိတ်မထားဘဲ ယုံတတ်ကြပေမယ့် ဆင်ခြင်ဉာဏ်နဲ့ ဝေဖန်သုံးသပ်မှု၊ ဆန်းစစ်တွက်ချက်မှုတွေပြုပြီးမှ ယုံတတ်ကြပါတယ်။ ဒီလို ယုံကြည်မှုမျိုးကိုသာ Smart Trust လို့ခေါ်ပါတယ်။ (အကွက်နံပါတ် ၂)
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အားလုံးတို့မှာလည်း တစ်ခုခုကို ယုံသင့်သလားဆိုတာကို စဉ်းစားဆုံးဖြတ်ရာမှာ သဒ္ဓါနဲ့ပညာနှစ်ခု (Propensity to Trust နဲ့ Analysis)နဲ့ ချင့်ချိန်စဉ်းစား သင့်ကြပါတယ်။ သဒ္ဓါမရှိဘဲ ပညာတစ်ခုတည်းဆိုရင် ဝေဖန်ဆန်းစစ်မှုကို မပြီးနိုင်မစီးနိုင်လုပ်နေလို့ ရှေ့မဆက်နိုင်တော့ပါဘူး။ ဦးနှောက်တစ်ခုတည်းနဲ့ပဲ စဉ်းစားဆုံးဖြတ်နေသလိုပဲပေါ့။ ထိုနည်းတူ ပညာမပါတဲ့ သဒ္ဓါတရား တစ်ခုထဲကလည်း မျက်ကန်းယုံကြည်မှု ဖြစ်သွားတတ်ပါတယ်။ စိတ်နှလုံးသားနူးညံ့တဲ့သူတွေ၊ အားနာ၊ သနားတတ်တဲ့သူတွေမှာ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့်အလိမ်ခံရသူတိုင်းက လောဘကြောင့်ချည်းပဲဖြစ်တာ မဟုတ်ပါဘူး။ အယုံလွယ်ခြင်း၊ အားနာ၊ သနားခြင်း စတဲ့စိတ်တွေရှိနေကြလို့လည်း ဖြစ်နိုင်ပါတယ်။
လောဘကြောင့် အလိမ်ခံရတဲ့သူတွေကိုတော့ ဘာမှမပြောလိုပေမယ့် အားနာသနားစိတ်ကြောင့် အလိမ်ခံရသူတွေကတော့ နှလုံးသားရဲ့အလိုကိုချည်းပဲမလိုက်ဘဲ၊ ဦးနှောက်ရဲ့ ဝေဖန်ဆန်းစစ်မှုကိုပါ ထည့်ပြီးစဉ်းစားလုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုပါတယ်။
Follow your HEART but take your BRAIN လို့ပြောထားသလိုပဲ သဒ္ဓါနဲ့ပညာကို တွဲပြီးစဉ်းစား လုပ်ဆောင်ရင် ပိုကောင်းမယ်လို့ ထင်မြင်မိပါတယ်။
Daw Aye Aye Win
B. Com (Hons, YIE),
M.Com, Diploma in English,
M.A (International Business Studies), (Sophia University, Japan)
Latest Articles
တက္ကသိုလ်ပညာရေးကို ပြောင်းလဲနေသော AI
4 days ago
စီမံကိန်း အောင်မြင်ဖို့ စိတ်ခံစားမှုဖြစ်တဲ့ ဉာဏ်ရည် (EI) ရဲ့ အရေးပါမှု
5 days ago
Balance Scorecard- လုပ်ငန်းအောင်မြင်မှုအတွက် လေးနက်တဲ့ရှုထောင့် (၄) ရပ်
1 week ago
လုပ်ငန်းခွင်တွင် ဝန်ထမ်းများ စိတ်အားထက်သန်မှု၏ အရေးပါပုံ
1 week ago
Mumbai Dabbawala
1 week ago
