ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝမှာ သုတေသနရဲ့အရေးပါမှု
သုတေသနဆိုတာ သိပ္ပံပညာရှင်များ၊ ပညာရှင်များနဲ့ ပညာရပ်ဆိုင်ရာအသိုင်းအ၀ိုင်းအတွက်သာ ဖြစ်ပြီး ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တစ်ခုလို့ အများက ထင်မြင်ယူဆကြပါတယ်။ သို့သော် ၎င်းရဲ့အရေးပါမှုဟာ ဓာတ်ခွဲခန်းများနဲ့ ပညာရေးအဖွဲ့အစည်းများရဲ့ နယ်ပယ်ထက် ကျော်လွန်ကာ ကျယ်ပြန့်စွာ သက်ရောက်မှုရှိပါတယ်။ သုတေသနဟာ ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝတွင် အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပြီး ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်များမှအစ အသုံးပြုတဲ့ထုတ်ကုန်များ၊ ကျွန်ုပ်တို့ကိုအုပ်ချုပ်တဲ့မူဝါဒများအထိ လွှမ်းမိုးမှုရှိပါတယ်။ သုတေသနရဲ့ အရေးပါမှုကိုနားလည်ခြင်းဖြင့် ၎င်းရဲ့တန်ဖိုးကိုအသိအမှတ်ပြုနိုင်ကာ မိမိတို့ရဲ့ နေ့စဉ်ဆုံးဖြတ်ချက်များမှာလည်း ပေါင်းစည်းအသုံးချနိုင်မှာဖြစ်ပါတယ်။
၁။ အသိပညာနဲ့ နားလည်မှုကို မြှင့်တင်ပေးခြင်း
နေ့စဉ်ဆုံးဖြတ်ချက်များ
သုတေသနဟာ နေ့စဉ်ဘဝမှာ အချက်အလက်များကို အခြေပြုပြီး ဆုံးဖြတ်ချက်များချဖို့ ကူညီပေးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာရွေးချယ်ခြင်း၊ အကောင်းဆုံးစမတ်ဖုန်းရွေးချယ်ခြင်း ဒါမှမဟုတ် ငွေကြေးစုဆောင်းဖို့ အထိရောက်ဆုံးနည်းလမ်းရှာဖွေခြင်းတို့မှာ သုတေသနဟာ ဉာဏ်ပညာရှိစွာဆုံးဖြတ်နိုင်ဖို့ လိုအပ်တဲ့အချက်အလက်များကို ထောက်ပံ့ပေးပါတယ်။ ယုံကြည်စိတ်ချရတဲ့အရင်းအမြစ်များကိုစစ်ဆေးကာ အချက်အလက်များကိုဆန်းစစ်ခြင်းဖြင့်လည်း မှားယွင်းတဲ့ သတင်းအချက်အလက်များကိုရှောင်ရှားနိုင်ပြီး ဘဝအရည်အသွေးကိုမြှင့်တင်ပေးတဲ့ ကောင်းမွန်သော ဆုံးဖြတ်ချက်များချနိုင်ပါတယ်။
ကိုယ်ရေးကိုယ်တာဖွံ့ဖြိုးတိုးတက်မှု
သုတေသနပြုလုပ်ခြင်းဟာ စူးစမ်းလေ့လာလိုစိတ်နဲ့ တစ်သက်တာသင်ယူမှုလုပ်ငန်းစဥ်များကိုလည်း အထောက်အပံ့ပေးပါတယ်။ ၎င်းဟာ လူတစ်ဦးချင်းရဲ့ဖွံ့ဖြိုးမှုနဲ့ ကျွမ်းကျင်မှုအတွက် အရေးပါတဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းများကို မြှင့်တင်ပေးပါတယ်။ အကြောင်းအရာအသစ်များကိုလေ့လာခြင်း၊ အချက်အလက်များကိုရှာဖွေခြင်းဖြင့် လူတွေဟာ ၎င်းတို့ရဲ့အမြင်ကိုကျယ်ပြန့်စေပြီး ကမ္ဘာကြီးအကြောင်း နက်ရှိုင်းစွာနားလည်နိုင်ပါတယ်။
၂။ ထုတ်ကုန်နဲ့ဝန်ဆောင်မှုများကို မြှင့်တင်ပေးခြင်း
တီထွင်ဆန်းသစ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု
သုတေသနဟာ တီထွင်ဆန်းသစ်မှုနဲ့ ထုတ်ကုန်အသစ်များ၊ ဝန်ဆောင်မှုများ အဆင့်မြင့်မားအောင် ကူညီပေးနိုင်ပါတယ်။ ကုမ္ပဏီများဟာ စားသုံးသူလိုအပ်ချက်များ၊ ကြိုက်နှစ်သက်မှုများနဲ့ ဈေးကွက်အလားအလာများကို နားလည်သဘောပေါက်အောင် သုတေသနအတွက် ရင်းနှီးမြှုပ်နှံကြပါတယ်။ သုတေသနကြောင့် ကုမ္ပဏီများဟာ စားသုံးသူလိုအပ်ချက်များနဲ့ကိုက်ညီတဲ့ ထုတ်ကုန်များကို ထိထိရောက်ရောက်နဲ့ ဖန်တီးနိုင်ပါတယ်။ ဥပမာအားဖြင့် နည်းပညာ၊ ဆေးပညာနဲ့ Sustainable Energyတို့မှာ တိုးတက်မှုများဟာ ကျယ်ကျယ်ပြန့်ပြန့်သုတေသနပြုလုပ်မှုရဲ့ ရလဒ်များပင် ဖြစ်ပါတယ်။
အရည်အသွေးနဲ့ဘေးကင်းလုံခြုံမှု
သုတေသနဟာ နေ့စဉ်အသုံးပြုတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများရဲ့ အရည်အသွေးနဲ့ ဘေးကင်းလုံခြုံမှုများ အပေါ်သက်ရောက်မှုရှိပါတယ်။ စနစ်တကျစမ်းသပ်ခြင်းနဲ့ အကဲဖြတ်ခြင်းများကြောင့် သုတေသနပညာရှင်များဟာ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်များကိုဖော်ထုတ်ပြီး စားသုံးသူများအပေါ် သက်ရောက်မှုကို ကာကွယ်နိုင်ဖို့ စံနှုန်းများချမှတ်ပေးပါတယ်။ ကျန်းမာရေး၊ အစားအသောက်ထုတ်လုပ်မှုနဲ့ မော်တော်ယာဉ်ထုတ်လုပ်မှုကဲ့သို့သော နယ်ပယ်များတွင်လည်း သုတေသနရဲ့ အခန်း ကဏ္ဍဟာ အလွန်အရေးလှပါတယ်။
၃။ အများပြည်သူနဲ့ သက်ဆိုင်တဲ့မူဝါဒများကို ပုံဖော်ပေးခြင်း
အထောက်အထားအခြေပြုမူဝါဒများ
အများပြည်သူနဲ့ သက်ဆိုင်တဲ့ မူဝါဒများကို ပုံဖော်ရာမှာ ဆုံးဖြတ်ချက်များကို ခိုင်မာတဲ့ အထောက်အထားများအပေါ်အခြေခံဖို့ သုတေသနဟာ အရေးကြီးပါတယ်။ မူဝါဒချမှတ်သူများဟာ ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကဲ့သို့သော ရှုပ်ထွေးတဲ့ ကိစ္စရပ်များကို ဖြေရှင်းဖို့ သုတေသနကိုအားထားကြရပါတယ်။ အချက်အလက်များကိုဆန်းစစ်ကာ မတူညီသောမူဝါဒများရဲ့ ရလဒ်များကိုလေ့လာခြင်းဖြင့် ထိရောက်ပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းများဖန်တီးဖို့ လိုအပ်တဲ့အချက်အလက်များကို သုတေသနပညာရှင်များက ပေးစွမ်းနိုင်ပါတယ်။
တာဝန်ယူမှုနဲ့ပွင့်လင်းမြင်သာမှု
သုတေသနဟာ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးပါတယ်။ လွတ်လပ်သောသုတေသနအဖွဲ့အစည်းများ (Independent research organizations) အတွေးအခေါ်အဖွဲ့များ (Think Tanks) ဟာ အစိုးရရဲ့မူဝါဒနဲ့ အစီအစဉ်များကို အကဲဖြတ်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ၎င်းတို့ရဲ့တွေ့ရှိချက်များဟာ တိုးတက်ဖို့ လိုအပ်နေတဲ့ နယ်ပယ်များကို ဖော်ထုတ်နိုင်ကာ လျော့ရဲနေတဲ့ နေရာတွေကို သေချာ စိစစ်ပြီး Public Resources ကို ထိရောက်စွာအသုံးပြုနိုင်စေဖို့ ဆောင်ရွက်ပေးပါတယ်။
၄။ လူမှုရေးစိန်ခေါ်မှုများကို ဖြေရှင်းပေးခြင်း
လူမှုတရားမျှတမှုနဲ့ညီမျှမှု
သုတေသနဟာ လူမှုရေးစိန်ခေါ်မှုများကိုဖြေရှင်းဖို့နဲ့ လူမှုတရားမျှတမှုကိုမြှင့်တင်ဖို့ အထောက်အကူပြုပါတယ်။ ဆင်းရဲမွဲတေမှု၊ ခွဲခြားဆက်ဆံမှုနဲ့ မညီမျှမှုကဲ့သို့သော ပြဿနာများကိုလေ့လာခြင်းဖြင့် သုတေသနပညာရှင်များဟာ အကြောင်းရင်းများကိုဖော်ထုတ်ပြီး ပိုမိုတရားမျှတသော လူမှုအဖွဲ့အစည်းဖန်တီးတည်ဆောက်ဖို့ နည်းဗျူဟာများကိုအဆိုပြုပါတယ်။
သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှု
သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုတေသနဟာ ရာသီဥတုပြောင်းလဲမှု၊ လေထုညစ်ညမ်းမှုနဲ့ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုတို့ရဲ့ အကျိုးသက်ရောက်မှုများကို နားလည်ဖို့နဲ့ လျှော့ချဖို့အတွက် အရေးကြီးပါတယ်။ သုတေသနပညာရှင်များဟာ သဘာဝအရင်းအမြစ်များကိုကာကွယ်ဖို့နဲ့ အနာဂတ်မျိုးဆက်များအတွက် ကျန်းမာတဲ့ကမ္ဘာဂြိုဟ်ဖြစ်စေဖို့ သိပ္ပံနည်းကျအထောက်အထားများဖြင့် တိကျတဲ့ ရေရှည်တည်တံ့သော လုပ်ဆောင်ချက်များနဲ့ မူဝါဒများလိုအပ်ပါတယ်။
၅။ ကျန်းမာရေးနဲ့ ဘဝအရည်အသွေးကို မြှင့်တင်ပေးခြင်း
ဆေးဘက်ဆိုင်ရာတိုးတက်မှုများ
သုတေသနဟာ ဆေးဘက်ဆိုင်ရာတိုးတက်မှုများနဲ့ ပြည်သူ့ကျန်းမာရေးတိုးတက်မှုများရဲ့ အခြေခံဖြစ်ပါတယ်။ ၎င်းဟာ အသက်များကိုကယ်တင်ပြီး လူနေမှု ဘဝအရည်အသွေးကိုမြှင့်တင်ပေးတဲ့ ကုထုံးအသစ်များ၊ ကာကွယ်ဆေးများနဲ့ ရောဂါရှာဖွေရေးကိရိယာများ တိုးတက်မှုကို ဦးတည်ပါတယ်။ ဗီဇဗေဒ၊ အာရုံကြောသိပ္ပံနဲ့ ကူးစက်ရောဂါဗေဒကဲ့သို့သော နယ်ပယ်များမှာ ဆက်လက်သုတေသနပြုလုပ်ခြင်းဖြင့် ရောဂါများနဲ့ ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့နားလည်မှုကိုမြင့်မားစေပြီး ပြည်သူ့ကျန်းမာရေးဗျူဟာများအတွက်လည်း အချက်အလက်များ ထောက်ပံ့ပေးပါတယ်။
စိတ်ကျန်းမာရေးနဲ့ ဘဝအရည်အသွေး
သုတေသနဟာ စိတ်ကျန်းမာရေးနဲ့ ဘဝအရည်အသွေးကို နားလည်နိုင်ဖို့နဲ့ မြှင့်တင်ဖို့အတွက်လည်း အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု၊ အခြားစိတ်ကျန်းမာရေးပြဿနာများနဲ့ ပတ်သက်တဲ့ လေ့လာမှုများဟာ သုတေသနကြောင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်များ ပေါ်ထွက်လာနိုင်ပါတယ်။ ထို့ကြောင့် သုတေသနပညာရှင်များဟာ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးကိုမြှင့်တင်ပေးနိုင်တဲ့ အလေ့အကျင့်များကို အကြံပြုနိုင်ပါတယ်။
“ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝမှာ သုတေသနရဲ့အရေးပါမှု”
သုတေသနဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းဖြစ်ပြီး ကျွန်ုပ်တို့ချမှတ်ထားတဲ့ဆုံးဖြတ်ချက်များ၊ အသုံးပြုတဲ့ထုတ်ကုန်များနဲ့ ကျွန်ုပ်တို့လူမှုအဖွဲ့အစည်းကို ပုံဖော်တဲ့ မူဝါဒများအပေါ် လွှမ်းမိုးမှုရှိပါတယ်။ ၎င်းရဲ့ အရေးပါမှုကို လွန်ကဲစွာမြှင့်တင်ပြောဆိုမရသော်လည်း၊ ၎င်းဟာ အသိပညာတိုးပွားစေခြင်း၊ ဆန်းသစ်တီထွင်မှုများကိုမောင်းနှင်နိုင်ခြင်း၊ အရည်အသွေးနဲ့ဘေးကင်းလုံခြုံမှုကိုသေချာစေခြင်း၊ အများပြည်သူနဲ့သက်ဆိုင်တဲ့ မူဝါဒများ ချမှတ်ဖို့အချက်အလက်ပေးခြင်း၊ လူမှုရေးစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ခြင်းနဲ့ ကျန်းမာရေးနဲ့ဘဝအရည်အသွေးကို မြှင့်တင်ပေးခြင်းတို့အတွက် အရေးပါပါတယ်။ သုတေသနကိုတန်ဖိုးထားကာ ပံ့ပိုးကူညီခြင်းဖြင့် ကျွန်ုပ်တို့ဟာ ပိုမိုအသိပညာပြည့်ဝပြီး တရားမျှတကာ ရေရှည်တည်တံ့တဲ့ ကမ္ဘာတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
www.ambersresearch.com website မှ “The Importance Of Research In Our Daily Lives
” ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Daw May Thiri Khit
BA (Russian), YUFL
Diploma in English (YUFL), ADBM, DBM
M.Econ. (International Program), Chiang Mai University, Thailand
Latest Articles
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 week ago
ကောင်းမွန်တဲ့ AI Tool တစ်ခု ဘယ်လိုဖန်တီးရမလဲ
1 week ago
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
2 weeks ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
2 weeks ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
2 weeks ago
