ကိုယ်ချစ်မြတ်နိုးတဲ့အလုပ်ကို လုပ်ရမလား? ကိုယ်လုပ်နေတဲ့အလုပ်ကို ချစ်မြတ်နိုးရမလား?
ကျွန်မတို့တွေဟာ ပျှမ်းမျှအားဖြင့် ဘဝတစ်လျှောက် နာရီပေါင်း ၉၀,၀၀၀ ဟာ အလုပ်လုပ်ရင်း ကုန်ဆုံးနေကြတယ်။ အဲ့ဒါဟာဆိုရင် အလုပ်ရှာဖွေရတဲ့အချိန်တွေနဲ့ အချိန်ပိုဆင်းရတဲ့အချိန်တွေ မပါသေးတာတောင်မှ ဘဝရဲ့သုံးပုံတစ်ပုံပမာဏ ဖြစ်လို့နေတယ်။
ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးခွန်းတွေမေးကြည့်ဖူးပါသလား?
(၁) ကိုယ်လုပ်နေတဲ့အလုပ်ကို မကြိုက်ဘူးဆိုတာ သေချာရဲ့လား?
(၂) ကိုယ်လုပ်နေတဲ့အလုပ်ကို ကြိုက်တယ်ဆိုရင်ရော အဲ့ဒါသေချာရဲ့လား?
ဘာလို့ဆိုတော့ ကိုယ်မကြိုက်တဲ့အလုပ်မှာတောင် အဲ့ဒီအလုပ်ရဲ့ တချို့အစိတ်အပိုင်းတွေကို သဘောကျတာမျိုး ရှိကိုရှိတယ်။ အဲ့လိုပဲ ကိုယ်သဘောကျတဲ့အလုပ်မှာလည်း တချို့အလုပ်အစိတ်အပိုင်းတွေကို သဘောမတွေ့တာမျိုး ရှိနိုင်သေးတယ်။ များသောအားဖြင့် အခုလိုရောနှောလို့နေတတ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အလုပ်တစ်ခုလုပ်ရင် ယေဘူယျအားဖြင့်တော့...
ကိုယ်လုပ်ရတဲ့အလုပ်က သေချာပေါက် ကိုယ့်ကိုကျွမ်းကျင်မှုတစ်ခုခုပေးပါလိမ့်မယ်။ ဘယ်အလုပ်မှာမဆို အဲ့ဒီအလုပ်ကိုလုပ်နိုင်ဖို့ skill တွေလိုတယ်။ skill တစ်ခုခု ဒါမှမဟုတ် skill တွေ တစ်ခုပြီးတစ်ခုမှာ master ဖြစ်အောင်၊ ပိုကောင်းအောင်လုပ်မယ်လို့ဆုံးဖြတ်ပြီး ကိုယ့်ရဲ့တိုးတက်လာမှုအတိုင်းအတာကို မှတ်သားတိုင်းတာပေးတာမျိုးလုပ်နိုင်တယ်။
ကိုယ့်ရဲ့အလုပ်အပေါ်ထားတဲ့ အမြင်ကလည်း အရေးကြီးတဲ့အချက် ဖြစ်လို့နေတယ်။ အုတ်စီတဲ့ အလုပ်ကိုလုပ်တဲ့ ဝန်ထမ်းနှစ်ယောက်အကြောင်းမှာဆိုရင် သူတို့အလုပ်နဲ့ ပတ်သက်ပြီးမေးတဲ့အခါ တစ်ယောက်က သူ့အလုပ်ဟာ ဘယ်လောက်စိတ်ပျက်ဖို့ကောင်းတယ်ဆိုပြီး ပြောတယ်။ နောက်တစ်ယောက်က “ကျွန်တော်က ကမ္ဘာမှာ ကံကောင်းတဲ့လူသားပဲ။ ရိုးရှင်းတဲ့အုတ်ခဲကနေ အနုပညာမြောက်လက်ရာအဖြစ် ပြောင်းနိုင်လို့ တည်ဆောက်ရေးအပိုင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းထဲမှာ သူလည်းပါဝင်လို့နေတယ်” လို့ ဖြေတယ်။
ကျွန်မတို့တစ်ယောက်ချင်းစီက အရေးပါသလို ကျွန်မတို့နဲ့ ဆက်စပ်ပြီးအလုပ်တွဲလုပ်နေရတဲ့ တခြားသူများကလည်း သူ့နေရာနဲ့သူ အရေးပါလို့နေတယ်။ ကိုယ်လုပ်ရတဲ့အလုပ်ရဲ့ အဓိပ္ပာယ်နဲ့ အရေးပါမှုကို တခြားရှုထောင့်ကနေပြီးတော့ ပြောင်းလဲစဥ်းစားလို့ရတယ်။ ကျွန်မတို့ဟာ အလုပ်လုပ်တဲ့အခါ အနည်းနဲ့အများ လူတွေနဲ့ပူးပေါင်းလုပ်ဆောင်ရတယ်။ အဲ့ဒီအခါ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ပြောဆိုတာအပြင် အလုပ်ကိုမထိခိုက်စေမယ့်၊ အနှောင့်အယှက်မဖြစ်စေမယ့် တခြားသောအကြောင်းတွေ၊ ဟာသလေးတွေနဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေကို နွေးထွေးမှုရှိအောင် ရင်းနှီးတဲ့ bond တစ်ခုဖန်တီးတာကလည်း အရေးပါတယ်။
ဘဝဆိုတာ လူတွေသတ်မှတ်ထားတဲ့ စံတွေ၊ ဘောင်တွေဆိုတာထက်ကို ကျော်လွန်လို့နေပါတယ်။ တချို့ ဆိုရိုးစကားတွေဆိုတာ အမြဲတမ်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ “ကိုယ်ချစ်မြတ်နိုးတဲ့အလုပ်ကိုလုပ်ပါ။ အဲ့ဒါဆိုရင် အလုပ်လုပ်နေရတယ်လို့ ခံစားရတော့မှာ မဟုတ်ဘူး” ဆိုတာတွေ၊ “ကိုယ်မကြိုက်တဲ့အလုပ်ကို အတင်းသဘောကျဖို့ ဖန်တီးနေရင် စိတ်ဖိစီးလာနိုင်တယ်” ဆိုတဲ့ message တွေကို ခဏမေ့ထားလိုက်ပါ။ အဓိက ကိုယ့်ရဲ့အလုပ်သဘာဝနဲ့ အလုပ်အကြောင်းကို သေချာနားလည်ဖို့၊ ကိုယ့်ရဲ့အလုပ်မှာ ကိုယ်ဟာအရေးပါတဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာကို သိရှိထားဖို့လိုတယ်။ အဲ့လိုပဲ တခြားသူများကလည်း အရေးပါကြောင်း နားလည်ပြီး သူတို့ရဲ့ contribution တွေကလည်း အရေးကြီးတယ်ဆိုတာကို အမှတ်ရဖို့လိုတယ်။ အလုပ်မှာ ကိုယ့်ရဲ့ contribution နဲ့ တခြားသူများရဲ့ contribution တွေက တစ်စုံတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတယ်၊ ပြဿနာတစ်စုံတစ်ရာကို ဖြေရှင်းဖို့အတွက် အထောက်အကူ ဖြစ်နေတယ်ဆိုတာကို အမြဲအမှတ်ရပြီး လုပ်ကိုင်သွားဖို့လိုတယ်လို့ ယူဆမိပါတယ်။
theladders.com မှ How to love your job even when you hate your job နဲ့ vivamentalhealth.com မှ Do you have to love your job? ဆောင်းပါးကို သင့်တော်သလို ကောက်နှုတ်သာသာပြန်ထားပါတယ်။
Reference
Rachel, 2023. Do you have to love your job?. [Online]
Available at: https://vivamentalhealth.com/do-you-have-to-love-your.../....
[Accessed 28 August 2024].
Verma, P., 2019. How to love your job even when you hate your job. [Online]
Available at: https://www.theladders.com/.../how-to-love-your-job-even...
[Accessed 28 August 2024].
Daw Myint Zu Phyo
BBM (NMDC), MBA (YUE)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
