Internship Program အတွက် ကျေးဇူးတင်စာ ဘယ်လိုရေးကြမလဲ?
ယနေ့ခေတ် လူငယ်အများစုက Internship Program အတွက် လမ်းဖွင့်ပေးထားတဲ့ အဖွဲ့အစည်းများမှာ အလုပ်သင်ဝန်ထမ်းများအဖြစ် ဝင်ရောက်လုပ်ကိုင်ကြပြီး သူတို့ရဲ့ကျွမ်းကျင်မှုနယ်ပယ်ကို ရှာဖွေလာကြပါတယ်။ အလုပ်သင်အဖြစ် အဖွဲ့အစည်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခြင်းက လူငယ်များအတွက် အတွေ့အကြုံများစွာကို ရရှိစေနိုင်ပါတယ်။ ဒီဆောင်းပါးမှာ အလုပ်သင်ကာလ ပြီးဆုံးသွားတဲ့အခါ မိမိလုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းအတွက်၊ လုပ်ငန်းရှင်အတွက်၊ ကူညီသင်ပြပေးခဲ့တဲ့သူတွေအတွက် ကျေးဇူးတင်စာ ဘယ်လိုရေးသင့်သလဲဆိုတာကို မျှဝေသွားမှာဖြစ်ပါတယ်။
ကျေးဇူးတင်စာကို ဘာလို့ရေးဖို့လိုတာလဲ?
ကျေးဇူးတင်စာကို ဘာကြောင့်ရေးဖို့လိုသလဲဆိုရင် အလုပ်သင်ကာလအတွင်း သင့်လုပ်ငန်းမှ အတွေ့အကြုံ ရင့်ကျက်တဲ့စီနီယာများထံမှ လမ်းညွှန်မှုနဲ့ထောက်ပံ့မှုများစွာ ရရှိခဲ့ပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ အလုပ်သင် ကာလပြီးဆုံးသွားတဲ့အခါ အဲ့ဒီသူတွေကိုကျေးဇူးတင်စာပေးပို့ပြီး ကျေးဇူးတင်ဖို့လိုပါတယ်။ ကျေးဇူးတင်တတ်ခြင်းဟာ သင့်ရဲ့ရှေ့ဆက်ရမယ့် career အတွက် အခွင့်အလမ်းများစွာကို ရရှိစေမှာဖြစ်ပြီး ထိုသူများကလည်း သင့်ကိုအမြဲအမှတ်ရနေမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်တတ်ခြင်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
၁။ ပေးပို့မယ့်စာစောင်ပုံစံကိုရွေးချယ်ပါ။
ကျေးဇူးတင်စာမရေးခင် ဘယ်လိုပုံစံနဲ့ရေးပြီး ကျေးဇူးတင်ကြောင်း ပြောမလဲဆိုတာကို အရင်စဉ်းစားဖို့ လိုပါတယ်။ ဥပမာ-ကွန်ပျူတာ စာစီစာရိုက်နဲ့ရေးတာထက် လက်ရေးစာကပိုပြီးမှ လက်ခံရရှိသူကို စိတ်ကြည်နူးစေပါတယ်။ လက်ရေးမူကိုပေးပို့ဖို့ အခက်အခဲရှိတယ်ဆိုလည်း အီးမေးလ်ကနေတစ်ဆင့် မိမိပေးပို့မယ့်သူဆီကို သေချာစွာပေးပို့ပါ။ မိမိရဲ့ပေးပို့စာကို လက်ခံရရှိသူက သတိထားမိပါစေ။
၂။ လိပ်စာထည့်ပေးပါ။
ကျေးဇူးတင်စာတစ်စောင်ရေးသားရာမှာ စာရေးသူရဲ့ အမည်၊ email address နဲ့ ဖုန်းနံပါတ်တို့ကို သေချာထည့်ရေးပေးပါ။ ဒါက သင့်ရဲ့အလုပ်သင်ကာလအတွင်း သင်နဲ့အတူတူ လုပ်ဆောင်ခဲ့တဲ့သူတွေနဲ့ အဆက်အသွယ် ဆက်လက်ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။
၃။ ကျေးဇူးတင်ကြောင်း ဖော်ပြပါ။
အလုပ်ခွင်အတွင်း အတွေ့အကြုံအသစ်တွေ ရရှိအောင် သေချာသင်ပြပေးပြီး personally and professionally တိုးတက်လာအောင် ကူညီပေးခဲ့တဲ့ ကြီးကြပ်ရေးမှူးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ကြောင်း စိတ်ရင်းမှန်နဲ့ ဖော်ပြခြင်းအားဖြင့် ကျေးဇူးတင်စာကို အစပြုနိုင်ပါတယ်။ တကယ်လို့ သင်ဟာ လူတစ်ဦးချင်းစီကို ကျေးဇူးတင်စာပေးပို့မယ်ဆိုပါက စာစောင်တိုင်းမှာ အဲ့ဒီသူနဲ့ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေ၊ သူဆီမှရခဲ့တဲ့ သင်ခန်းစာတွေ ပေါ်လွင်အောင်ရေးပြဖို့ လိုပါတယ်။ မိမိရရှိခဲ့တဲ့ အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတများကို အကျဉ်းချုပ် ဖော်ပြပေးဖို့ လိုပါတယ်။
၄။ အတွေ့အကြုံကနေ ရရှိခဲ့တာတွေကို ဆွေးနွေးပါ။
ထိုလုပ်ငန်းကနေရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ဆွေးနွေးပါ။ ဥပမာ-သင်လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေ အကြောင်းကို ပြောပြနိုင်ပါတယ်။ တစ်ဦးချင်းဖြစ်စေ၊ teamwork နဲ့ဖြစ်စေ အတူတကွ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ခဲ့ရတဲ့ အတွေ့အကြုံများကို ဆွေးနွေးနိုင်ပါတယ်။
၅။ ကျေးဇူးတင်စာကို အဆုံးသတ်ပါ။
နိဂုံးချုပ်မှာ သင့်ရဲ့စာကို လက်ခံရရှိသူများကို ကျေးဇူးတင်ကြောင်း သေချာစေပြီး အဆက်အသွယ် ဆက်လုပ်နိုင်ဖို့ ကမ်းလှမ်းနိုင်ပါတယ်။ စိတ်ရင်းအမှန်နဲ့ အလေးထားမှုကိုပြသတဲ့ ကျေးဇူးတင်စာတစ်စောင်ဖြင့် အဆုံးသတ်နိုင်ပါတယ်။ အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် ယနေ့ခေတ်မှာ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးပြီး အလုပ်သင်အတွေ့အကြုံများပေးနေတဲ့ အဖွဲ့အစည်းများ များစွာရှိလာနေပြီဖြစ်ကာ လူငယ်များ အနေနဲ့လည်း မိမိတို့ရဲ့ကွန်ရက်ကို ဖြန့်ကျက်နိုင်ကာ ကောင်းမွန်တဲ့ career တစ်ခုကို ဖန်တီးနိုင်ကြမှာ ဖြစ်ပါတယ်။
References
Indeed team, 2023. How To Write an Internship Thank-You Letter (With Templates). [Online]
Available at: https://www.indeed.com/.../internship-thank-you-letter
[Accessed 10 June 2023].
Daw Hlaing May Win
B.Com , MBA (Meikhtila University of Economics)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
