Individualism, Collectivism, Teamwork and Self-reliance
ကျွန်မတို့ငယ်ရွယ်စဉ် ကျောင်းသား၊ ကျောင်းသူဘဝတွေမှာ အဖွဲ့လိုက်ဆောင်ရွက်ရတဲ့ activities တွေ၊ group discussion and presentation တွေကို အဖွဲ့လိုက်ပဲ လုပ်ကြရပါတယ်။ ဒါတွေကို တစ်ယောက်တည်း လုပ်ချင်ရင်တောင် လုပ်ခွင့်မရကြပါဘူး။ သို့ပေမဲ့ Exam ကိုတော့ အဖွဲ့လိုက် ဖြေလို့မရပါဘူး။ တစ်ယောက်ချင်း စီပဲဖြေရတာပါ။ တကယ်တော့ ကျောင်းစာသင်ခန်းက လေ့ကျင့်ပေးခဲ့တဲ့ ဒီပုံစံဟာဆိုရင် ဘဝနေနည်းကို သင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘဝမှာလည်းဒီလိုပါပဲ။ တချို့နေရာတွေမှာ သူများနဲ့ဆက်စပ်ပြီး လုပ်ရတာရှိသလို၊ တချို့နေရာကျပြန်တော့ တစ်ယောက်တည်းပဲ လုပ်ကြရတာပါ။
တကယ်တော့ လူ့ဘဝမှာ Individualism ရော Collectivism ပါ လက်ခံကျင့်သုံးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ Collectivism ဆိုတာ သူများတွေပါလာပြီဆိုတော့ အများနဲ့ နေထိုင်လုပ်ကိုင်ရာမှာ၊ စုပေါင်းလုပ်ကိုင်ခြင်းဆိုတဲ့ teamwork ရယ်၊ ကိုယ့်ရဲ့တာဝန်ကို ပီပြင်စွာထမ်းဆောင်နိုင်ဖို့ ကိုယ့်ရဲ့ Roles and responsibilities ရယ်၊ Communication skills ဆိုတဲ့ အခြေအနေအလိုက် ပြောဆိုဆက်ဆံနိုင်စွမ်းရယ်၊ Negotiation skills ဆိုတဲ့ ညှိုနှိုင်းနိုင်စွမ်းရယ်ရှိဖို့ အင်မတန် အရေးကြီးပါတယ်။ တစ်ယောက်တည်း နေထိုင်လုပ်ကိုင်ရာမှာတော့ individualism ဖြစ်တဲ့ self-reliance ဆိုတဲ့ ကိုယ့်အားကိုယ်ကိုးလိုတဲ့စိတ်နဲ့ စွမ်းရည်ရှိဖို့ လိုပါတယ်။
မြတ်စွာဘုရားရှင်များ သြဝါဒပါတိမောက်မှာပြကြတဲ့ ‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား’ ဆိုတာ ကျွန်မတို့မမေ့သင့်ပါဘူး။ လူမျိုးဘာသာအားလုံး ကျင့်သုံးလို့ ရပါတယ်။ ‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်’ ဆိုတဲ့အချက်တွေကို လိုက်နာဖို့အတွက်၊ လူ့ဘောင်၊လူ့လောကမှာ နေထိုင်နေကြတဲ့ လောကီလူသားတွေအတွက် သိပ်တော့မလွယ်ကူလှပါဘူး။ လူအများနဲ့ ဆက်စပ်နေထိုင်လုပ်ဆောင်နေရတဲ့ အတွက်ကြောင့်မို့ ဒါတွေကိုသိပေမယ့် တစ်ခါတစ်ရံမှာ ရာနှုန်းပြည့် လုပ်ဖို့မလွယ်ပါဘူး။ သို့ပေမဲ့ ‘ဖြူအောင်စိတ် ကိုထား’ ဆိုတာကတော့ ကိုယ့်တစ်ယောက်တည်းရဲ့ စိတ်ကို ထိန်းကျောင်းရုံသာပဲဖြစ်တဲ့အတွက်၊ ဘယ်သူနဲ့မှ ဆက်စပ်ပတ်သက်ခွင့်ပြုချက် ယူနေစရာမလိုပါဘူး။ ဒါပေမဲ့ လက်တွေ့မှာ ဒါက အခက်ဆုံး ဖြစ်နေတတ်ပါတယ်။
Why?
ဖြစ်နိုင်ခြေရှိတဲ့အချက်များစွာထဲကတစ်ချက်က၊ ကျွန်မတို့က Self-reflection ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်မှု အားနည်းတတ်ကြလို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ထက် သူများကို ပိုပြီးစိတ်ဝင်စားနေကြလို့ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်မှုသာ အားကောင်းမယ်ဆိုရင် ‘ဖြူအောင်စိတ်ကိုထား’ ဆိုတဲ့အချက်ကို တဖြည်းဖြည်းရောက်လာပါလိမ့်မယ်။ စိတ်ထားဖြူစင်လာရင် အကောင်းနဲ့အဆိုးကို ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်လာပြီးတော့၊ ‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်’ ဆိုတဲ့ အခြေအနေကို မလွဲမသွေ ရောက်ရှိလာ ပါလိမ့်မယ်။ Self-reflection လုပ်တဲ့နည်းနဲ့ ဖြူအောင်စိတ်ကိုထားဖို့ ကြိုးစားရာမှာ ပံ့ပိုးပေးနေတဲ့ အဓိအချက် တွေကတော့ ‘Self-reliance’ ဆိုတဲ့ ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်မှုနဲ့ ‘Accountability-minded’ ဆိုတဲ့ ကိုယ့်ရဲ့လုပ်ဆောင်မှုအတွက် ဖြစ်လာတဲ့ အခြေအနေတွေအပေါ် တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ထားတာကို ပြောတာဖြစ်ပါတယ်။
ဖြစ်လာမယ့်ရလဒ်ဆိုတာက ကျွန်မတို့ Control လုပ်လို့မရပါဘူး။ Control လုပ်လို့ရတာက၊ ကိုယ်လုပ်ရမယ့် အလုပ်တွေကို သေသေချာချာ စဉ်းစားသုံးသပ်ပြီး၊ မခိုမကပ်ကြိုးစားအားထုတ်ပြီး၊ နည်းစနစ် မှန်မှန်ကန်ကန်နဲ့ ထိထိရောက်ရောက်လုပ်ဖို့သာ ဖြစ်ပါတယ်။ အမှားဖြစ်သွားရင် အမှားကနေ သင်ခန်းစာယူ ပြီးတော့ နောင်ဒီထက်ကောင်းအောင် ကြိုးစားပြုပြင်မယ်ဆိုတဲ့စိတ်ဓာတ်က Accountability စိတ်ဓာတ်ပါပဲ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ‘အတ္တာဟိ အတ္တနော နာထော’ ဆိုပြီး ‘မိမိကိုယ်သာ အားထားရာ’ လို့ ဟောကြားတော်မူခဲ့ပါတယ်။ လောကကြီးမှာ ဘယ်အရာမှ မမြဲပါဘူး။ ကိုယ်လည်းမမြဲပါဘူး။ ဒါကြောင့် မမြဲတဲ့ဘယ်အရာကိုမှ အားမကိုးဘဲ၊ ကိုယ်က အခုမြဲနေသေးတဲ့ အခြေအနေမှာ ကိုယ့်အတွက်၊ ကိုယ်တစ်ယောက် တည်းရှိနေရုံနဲ့ လုပ်လို့ဖြစ်တဲ့ ‘ဖြူအောင်စိတ်ကိုထား’ ခြင်းဖြင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းလာနိုင်ပြီးတော့ ‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်’ သူများဖြစ်လာစေဖို့ ကြိုးစားလုပ်ဆောင်ကြပါစို့လို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။ ။
Daw Aye Aye Win
B. Com (Hons, YIE), M.Com, Diploma in English,
M.A (International Business Studies), (Sophia University, Japan)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
