IGCSE O-Level အတွက် ICT နှင့် Computer Science ဘာသာရပ်များ ရွေးချယ်ခြင်း
သင်က အင်ဂျင်နီယာဘာသာရပ် (Engineering)၊ IT၊ Computer Science သို့မဟုတ် အခြားသော နည်းပညာဆိုင်ရာ ဘာသာရပ်များကို ဆက်လက်လေ့လာလိုတဲ့ IGCSE O-Level ကျောင်းသားတစ်ယောက်လား? ဒါဆိုရင် သင်ဟာ ICT (Information and Communication Technology) နဲ့ Computer Science ဘာသာရပ်နှစ်ခုကြား ဘယ်ဘာသာကို ရွေးချယ်သင့်လဲဆိုတဲ့ လမ်းဆုံလမ်းခွမှာ ရှိနေနိုင်ပါတယ်။ ဒီဆောင်းပါးက မတူညီတဲ့ အနာဂတ်လမ်းကြောင်းတွေအတွက် ဘာသာရပ်နှစ်ခုရဲ့ အရေးပါမှု၊ ကွာခြားချက်တွေနဲ့ ဘယ်ဘာသာရပ်က သင့်ရည်မှန်းချက်နဲ့ ပိုသင့်တော်တယ်ဆိုတာကို ပြောပြပေးခြင်းဖြင့် သင့်ဆုံးဖြတ်ချက်ကို ကူညီပေးပါလိမ့်မယ် ။
ICT နှင့် Computer Science: အခြေခံ ကွာခြားချက်များ
ဒီမှာ ဘာသာရပ်တစ်ခုစီ၏ အဓိကအချက်များကို နှိုင်းယှဉ်ကြည့်ရအောင်:
ICT (Information and Communication Technology)
- Subject focus: ဒီဘာသာရပ်က ကွန်ပျူတာ အသုံးပြုမှုစွမ်းရည်ကို အလေးပေးထားပါတယ် ။ Microsoft Office, Database, Web Design လိုမျိုး လက်တွေ့အသုံးချနည်း တွေကိုသင်ကြားပေးပါတယ် ။
- လက်တွေ့အသုံးချမှု: ICT က စီးပွားရေး၊ ပညာရေးနဲ့ နေ့စဉ်ဘဝမှာ ကွန်ပျူတာကို ထိရောက်စွာ အသုံးပြုနည်းကို သင်ကြားပေးပါတယ် ။
- အလုပ်အကိုင်လမ်းကြောင်း: ICT ဘာသာရပ်အောင်မြင်သူတွေအတွက် Data Entry, IT Support, Office Administration, Digital Marketing စတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိပါတယ် ။
Computer Science
- Subject focus: Computer Science က Programming, Algorithms, Computer Systems, Networking, AI လိုမျိုး နည်းပညာအဆင့်မြင့် အကြောင်းအရာတွေ ပါဝင်ပါတယ် ။
- နည်းပညာအခြေခံ: Coding (Python, Java), Software Development, Hardware Understanding တို့မှာ ခိုင်မာတဲ့ အခြေခံကောင်းများကို ရရှိစေပါတယ် ။
- အလုပ်အကိုင်လမ်းကြောင်း: ဒီဘာသာရပ်က Software Engineer, Cybersecurity Expert, Data Scientist, Game Developer စတဲ့ အလုပ်အကိုင်တွေကို ဦးတည်စေပါတယ် ။
သင့်အနာဂတ်လမ်းကြောင်းအလိုက် ဘယ်ဘာသာက ပိုသင့်တော်သလဲ?
သင့်ရည်မှန်းချက်ပေါ် မူတည်၍ ရွေးချယ်ပါ:
- အင်ဂျင်နီယာလမ်းကြောင်းအတွက် - Computer Science ကိုရွေးပါ ။
အင်ဂျင်နီယာဘာသာရပ်တွေမှာ Programming (C++, MATLAB), Algorithms, Embedded Systems တွေ လိုအပ်ပါတယ် ။ Computer Science က ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving Skills) နဲ့ ယုတ္တိကျကျတွေးခေါ်နိုင်စွမ်း (Logical Thinking) တွေကို ပိုမိုကောင်းမွန်စေပြီး ဒါတွေက အင်ဂျင်နီယာတွေအတွက် အရေးကြီးပါတယ် ။ ဥပမာအားဖြင့် Mechanical နှင့် Aerospace Engineering တို့ဟာ Robotics နှင့် Automation အတွက် Computer Science ကို အကျိုးရှိစွာ အသုံးချနိုင်ပြီး၊ Electrical Engineering ၏ ဗဟုသုတများကို Microcontrollers နဲ့ IoT အတွက် အသုံးပြုနိုင်ပါတယ် ။
- IT / Software Development လမ်းကြောင်းအတွက် - Computer Science ကို မဖြစ်မနေယူပါ ။
IT ဒါမှမဟုတ် Software Development မှာ အလုပ်လုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် Computer Science က မဖြစ်မနေယူရမယ့် ဘာသာရပ်ဖြစ်ပါတယ် ။ Programming (Python, Java, C#), Database, Web Development တို့ရဲ့ အခြေခံဗဟုသုတကို ပေးပါတယ် ။ ICT က Coding အပိုင်း ပါဝင်မှုနည်းတာမို့ IT နယ်ပယ်အတွက် လုံလောက်မှုမရှိပါဘူး ။
- Business / Digital Marketing အတွက် - ICT ကို ရွေးချယ်နိုင်ပါတယ် ။
သင့်ရဲ့ အနာဂတ်က စီးပွားရေး ဒါမှမဟုတ် Digital Marketing မှာဆိုရင် ICT က ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ် ။ Microsoft Excel, PowerPoint, Web Design လိုမျိုး လက်တွေ့အသုံးချနည်းတွေကို အဓိကထား သင်ကြားပေးပြီး ဒါတွေက ဒီနယ်ပယ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ် ။ ICT က Computer Science ထက် လုပ်ငန်းခွင်နဲ့ ပိုနီးစပ်ပါတယ် ။
- Medicine / Arts / Social Sciences အတွက် - ICT က ပိုသင့်တော်ပါတယ် ။
Medicine, Arts, ဒါမှမဟုတ် Social Sciences ဘာသာရပ်ကို လေ့လာမယ်ဆိုရင် ICT က ပိုသင့်တော်ပါတယ် ။ Computer Science ထက် ပိုမိုလွယ်ကူပြီး အချိန်ကိုပိုချွေတာနိုင်ပါတယ် ။ ဥပမာအားဖြင့်၊ ဆရာဝန်တွေအတွက် Medical Database, Research Tools တွေကို အသုံးပြုဖို့ ICT က လုံလောက်ပါတယ် ။
ဘယ်ဘာသာက ပိုခက်ခဲသလဲ?
- Computer Science က Logical thinking နဲ့ Problem Solving Skills ကို ပိုမိုလေ့ကျင့်ပေးနိုင်တဲ့ Computer Architecture, Programming, Algorithms, Logic တွေ ပါဝင်တဲ့အတွက် ပိုခက်ခဲတယ်လို့ သတ်မှတ်ကြပါတယ် ။
- ICT က Practical Skills (Word, Excel, Web) ကို အဓိကထားတဲ့အတွက် ပိုလွယ်ကူပါတယ် ။
အကြံပြုချက်
ဒါက သင့်ဆုံးဖြတ်ချက်ကို ကူညီပေးမယ့် အမြန်လမ်းညွှန်လေးပါ။
- Engineering / IT / Tech လမ်းကြောင်းကို ရည်ရွယ်ထားရင်- Computer Science ကို ရွေးပါ ။
- Business / Arts / Medicine လမ်းကြောင်းအတွက်- ICT ကို ရွေးပါ ။
- မသေချာရင်- Computer Science ကို ဦးစားပေးရွေးပါ ။ Computer Science က ပိုခက်ခဲပေမယ့် Engineering/IT လမ်းကြောင်းအတွက် အနာဂတ်အခွင့်အလမ်းတွေ ပိုပေးစွမ်းနိုင်ပါတယ် ။ IGCSE မှာ Computer Science ယူထားရင် A-Level / University မှာ IT, Engineering, AI စတဲ့ နည်းပညာဘာသာရပ်တွေကို ဆက်လက်လွယ်ကူစွာ လေ့လာနိုင်ပါတယ် ။
အချုပ်အားဖြင့် ICT နဲ့ Computer Science နှစ်ခုလုံးက အရေးကြီးပေမယ့် သင့်ရည်မှန်းချက်ပေါ်မူတည်ပြီး ရွေးချယ်ဖို့ လိုအပ်ပါတယ် ။ အင်ဂျင်နီယာ၊ Software Development၊ AI စတဲ့ နည်းပညာနယ်ပယ်တွေမှာ ရှေ့ဆက်မယ်ဆိုရင် Computer Science ကို မလွဲမသွေ ရွေးချယ်သင့်ပါတယ် ။
Daw Pearl Wutt Hmone
B.C.Tech(UCSTT)
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
4 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
4 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
