Canva CEO, Melanie Perkins ရဲ့ အောင်မြင်မှုဇာတ်လမ်း

Canva မပေါ်မီက ဂရပ်ဖစ်ဒီဇိုင်းပြုလုပ်ခြင်းဟာ ခက်ခဲတယ် စျေးကြီးတယ် အချိန်ကုန်လေ့ရှိတယ်ဆိုတာကို သင်သိပါသလား? Melanie Perkins ဆိုတဲ့ အမျိုးသမီးက ကောလိပ်တက်နေစဉ်မှာ ဘယ်သူမဆို ပရော်ဖက်ရှင်နယ်ဒီဇိုင်းတွေကို လွယ်ကူစွာဖန်တီးနိုင်မယ့် ရိုးရှင်းတဲ့ကိရိယာတစ်ခုကို ဖန်တီးလို့မရဘူးလားလို့ စိတ်ကူးယဉ်ခဲ့တယ်။ အဲ့ဒီအိုင်ဒီယာက Canva အဖြစ်နဲ့ မွေးဖွားလာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့  Canva ဟာ အလျင်အမြန် အောင်မြင်မှုရရှိခဲ့ကာ ၅ နှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ Melanie Perkins ဟာလည်း အသက် ၃၀ အရွယ်မှာ အသက်အငယ်ဆုံး အမျိုးသမီး နည်းပညာယူနီကွန်တည်ထောင်သူများထဲမှ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ 

ယနေ့ Canva ရဲ့ ဈေးကွက်တန်ဖိုးက ဒေါ်လာ ၂၅ ဘီလီယံ ရှိပြီး ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုသူ ၁၆၅ သန်း ရှိနေပီဖြစ်ပါတယ်။ ဒါဆို Melanie Perkins ရဲ့ အိုင်ဒီယာငယ်လေးတစ်ခုကနေ ကမ္ဘာလုံးဆိုင်ရာ ဒီဇိုင်းအင်ပါယာကြီးတစ်ခုအဖြစ် ဘယ်လိုဖန်တီးခဲ့လဲ... 

ငယ်ဘဝနဲ့ ပညာရေး 

Melanie Perkins ကို ၁၉၈၇ ခုနှစ်မှာ ဩစတြေးလျနိုင်ငံ၊ Perth မြို့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ရေခဲပြင်စကိတ်စီးခြင်းကို ဝါသနာပါခဲ့ပြီး နေ့တိုင်း မနက် ၄:၃၀ မှာ လေ့ကျင့်ဖို့ အိပ်ရာထခဲ့တယ်။ အားကစားလုပ်ခြင်းက သူမကို ရည်မှန်းချက်ထားရှိပြီး ကြိုးစားအားထုတ်မှု စိတ်ဓာတ်ကို မွေးမြူပေးခဲ့တယ်။

အသက် ၁၄ နှစ်အရွယ်တွင် handmade scarf တွေရောင်းချတဲ့ စီးပွားရေးလုပ်ငန်းကို စတင်ခဲ့တယ်။ ဒါက သူမရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်စိတ်ဓာတ် ကို ဖွံ့ဖြိုးစေခဲ့တယ်လို့ သူမယူဆတယ်။

အထက်တန်းကျောင်းပြီးတော့ University of Western Australia တက္ကသိုလ်မှာ Communications Psychology and Commerce ဘာသာရပ်တွေကို လေ့လာခဲ့ပြီးတော့ တစ်ချိန်တည်းမှာဘဲ ဂရပ်ဖစ်ဒီဇိုင်းကျောင်းသားတွေအတွက် private tutor အဖြစ် အလုပ်လုပ်ခဲ့တယ်။ အဲ့လိုလုပ်နေရင်း ကျောင်းသားတွေအနေနဲ့ Adobe Photoshop လို ရှုပ်ထွေးတဲ့ဒီဇိုင်းပရိုဂရမ်တွေကို သင်ယူရာမှာ အခက်အခဲတွေရှိနေတာကို ပထမဆုံးအကြိမ် သတိထားမိခဲ့တယ်

Canva ဖန်တီးရန် စိတ်ကူးပေါ်ပေါက်လာပုံ 

"ကျောင်းသားတွေက ဒီဇိုင်းပရိုဂရမ်တွေကို သင်ယူဖို့ စာသင်နှစ်တစ်နှစ်စာလုံးကုန်ဆုံးနေရတယ်၊ ဒါဟာ တကယ်ကို အဓိပ္ပာယ်မရှိဘူးလို့ ကျွန်မထင်တယ်။ အနာဂတ်မှာတော့ ဒါတွေအားလုံးကို အွန်လိုင်းပေါ်မှာ ရိုးရှင်းတဲ့ tool တွေနဲ့ တခါတည်းတပေါင်းတည်းဆောင်ရွက်နိုင်မယ့်ပုံစံမျိုးဆို ပိုကောင်းမယ်လို့ အတွေးရမိတယ်" လို့ Melanie က CNBC International အင်တာဗျူးမှာ ဝေမျှခဲ့တယ်။

သူမရဲ့ အယူအဆက နည်းပညာဆိုင်ရာအထူးကျွမ်းကျင်မှုတွေ မလိုအပ်တဲ့ ဒီဇိုင်းပလက်ဖောင်း တစ်ခုကို ဖန်တီးဖို့ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီအချိန်က Melanie နှင့် သူမရဲ့အနာဂတ်ခင်ပွန်း Cliff Obrecht တို့အနေနဲ့ ရှုပ်ထွေးတဲ့ ဒီဇိုင်းဆော့ဖ်ဝဲတစ်ခုကို ဖန်တီးဖို့ အရင်းအမြစ်တွေနဲ့ နည်းပညာဆိုင်ရာအထောက်အကူတွေ လုံလုံလောက်လောက် မရှိသေးဘူး။ ဒါကြောင့် သူတို့က ထုတ်ကုန်အမျိုးအစားတစ်ခုဖြစ်တဲ့ အထက်တန်းကျောင်းနှစ်ကုန်စာအုပ်တွေနဲ့ စတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ သူတို့ရဲ့ ပထမဆုံးကုမ္ပဏီဖြစ်တဲ့ Fusion Books ကို တည်ထောင်ခဲ့တယ်။

Fusion Books မှသည် Canva သို့ အစပျိုးလမ်းကြောင်း

အသက် ၁၉ နှစ်အရွယ်မှာ Melanie Perkins ဟာ တက္ကသိုလ်မှထွက်ပြီး သူမရဲ့ စွန့်ဦးတီထွင်မှုရည်မှန်းချက်ကို ဇောက်ချလုပ်ကိုင်နိုင်ဖို့ ပထမဆုံး company ဖြစ်တဲ့ Fusion Books မှာ သူမရဲ့ အချိန်နဲ့ ခွန်အားတွေကို မြှုပ်နှံခဲ့တယ်။

Melanie နှင့် Cliff တို့မှာ ကုဒ်ရေးသားတဲ့နည်းပညာမရှိပေမယ့် Yearbook ကို ပိုကောင်းတဲ့ပုံစံအဖြစ်ပြောင်းလဲမယ့် အိပ်မက်ကို မရပ်တန့်ခဲ့ဘူး။ Software Development company တစ်ခုဖြစ်တဲ့ InDepth တည်ထောင်သူ Greg Mitchell ရဲ့အကူအညီရယ် သူငယ်ချင်း၊ မိသားစုတွေဆီကလည်း AUD ၅၀,၀၀၀ ချေးငွေရရှိခဲ့ပြီး Fusion Books ရဲ့ ပထမဆုံး software version ကို ဖန်တီးခဲ့တယ်။

"ကျွန်မအမေရဲ့ ဧည့်ခန်းက ကျွန်မရဲ့ရုံးခန်းဖြစ်လာခဲ့ပြီး ကျွန်မရဲ့ရည်းစားက ကျွန်မရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်လာခဲ့တယ်။ ကျွန်မတို့ဟာ ကျောင်းတွေအတွက် သူတို့ရဲ့နှစ်ကုန်စာအုပ်တွေကို တကယ့်ကိုရိုးရိုးရှင်းရှင်းနဲ့ ဖန်တီးနိုင်အောင် စတင်ခဲ့တယ်။"

Fusion Books ကနေ အောင်မြင်မှုတွေရရှိနေပေမယ့် Melanie ဟာ သူမရဲ့အိပ်မက်ကြီးတစ်ခုဖြစ်တဲ့ ကမ္ဘာတစ်ဝှမ်းရှိ လူတိုင်းအသုံးပြုနိုင်တဲ့ ဒီဇိုင်းပလက်ဖောင်းတစ်ခုကို ဖန်တီးဖို့ မမေ့လျော့ခဲ့ပါဘူး။

ရင်းနှီးမြှုပ်နှံသူများရှာဖွေခြင်း

Silicon Valley မှ ရင်းနှီးမြှုပ်နှံသူ Bill Tai နှင့် Melanie Perkins တို့ရဲ့ တွေ့ဆုံမှုက သူမရဲ့ဘဝခရီးကို အပြောင်းအလဲကြီးတစ်ခု ဖြစ်စေခဲ့တယ်။ Perth မြို့မှာ ကျင်းပတဲ့ညီလာခံတစ်ခုမှာ စကားပြောဆိုပြီးနောက်၊ Tai က သူမကို San Francisco ကိုလာပြီး all-in-one design platform ဆိုတဲ့ သူမရဲ့ "ကြီးမားရူးသွပ်တဲ့အိပ်မက်" အကြောင်း ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တယ်။

အစပိုင်းမှာ Tai ၏စိတ်ဝင်စားမှုကို Melanie က သံသယရှိခဲ့ပေမယ့်၊ သူမဟာ သတ္တိရှိရှိနဲ့ San Francisco ကိုသွားရောက်ခဲ့တယ်။ သူမရေးဆွဲထားတဲ့ အိမ်မက်အစီအစဥ်တွေကို တင်ပြခဲ့ရာမှာ Taiကို အထင်ကြီးစေခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ မိတ်ဆက်ပေးဖို့ ရင်းနှီးမြှုပ်နှံသူများနှင့် (Kitesurfing) စွန်ပျံစီးဝါသနာရှင်များ အတွက် အထူးပျော်ပွဲရွှင်ပွဲတက်ရောက်ဖို့ Melanieကိုဖိတ်ခေါ်ခဲ့တယ်။

"Taiက 'မင်းရဲ့စီးပွားရေးဘယ်လိုလဲ' လို့မေးတိုင်း 'မင်းရဲ့ (kitesurfing) စွန်ပျံစီးတာရော ဘယ်လိုလဲ' လို့ပါမေးတယ်။ ဒါကြောင့် ကျွန်မ (kitesurfing) စွန်ပျံစီးတာ သင်ဖို့လိုတယ်။ ကျွန်မ မစီးဖူးဘူး။ တကယ်တော့ ဒါဟာ ကျွန်မပုံမှန်လုပ်နေကျအရာတွေထဲကတစ်ခုမဟုတ်ဘူး။ ဒါပေမယ့် လုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ ဘာလို့ဆိုတော့ ကိုယ့်မှာ အဆက်အသွယ်မရှိ၊ network မရှိရင် ကျွန်မအိပ်မက်တွေ ဖြစ်လာမှာမဟုတ်တော့ဘူး" လို့ Melanie က ဝေမျှခဲ့တယ်။

Bill Tai က Melanie ကို Google Maps နဲ့ Google Wave တည်ထောင်သူ Lars Rasmussen နဲ့ မိတ်ဆက်ပေးခဲ့ပြီး နောက်ဆုံးတွင် Google မှ Cameron Adams နှင့် Dave Hearnden တို့ဟာ Canva ရဲ့တွဲဖက်တည်ထောင်သူအနေနဲ့ CTO အဖြစ် ပါဝင်လာခဲ့သည်။

The rise of Canva: From startup to industry leader

ရင်းနှီးမြှုပ်နှံသူများကို ၅ နှစ်ကြာ စည်းရုံးပြီး၊ မရေမတွက်နိုင်တဲ့ ငြင်းပယ်မှုများကို ရင်ဆိုင်ကာ၊ အင်ဂျင်နီယာအဖွဲ့များ ပြောင်းလဲဖွဲ့စည်းခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ်မှာ Canva အတွက် ဒေါ်လာ ၁.၆ သန်း ရင်းနှီးမြှုပ်နှံမှုရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ Canva ပလက်ဖောင်းကို စတင်မိတ်ဆက်နိုင်ခဲ့တယ်။ Canva ရဲ့ တွဲဖက်တည်ထောင်သူနဲ့ CEO အဖြစ် တာဝန်ယူစဉ်က Melanie Perkins ဟာ အသက် ၂၆ နှစ်သာ ရှိသေးတယ်။

ဒါပေမယ့် သတင်းစာဆရာတစ်ဦးက Canva အကြောင်း အနုတ်လက္ခဏာဆောင်တဲ့ ဝေဖန်ချက်များ ရေးသားမှုခံခဲ့ရပါသေးတယ်။ ဒီအခက်အခဲကြားမှာ Canva ဟာ တဖြည်းဖြည်း အရှိန်ရလာပြီးတော့ ကမ္ဘာတစ်ဝှမ်းမှ မီဒီယာနဲ့ အသိုင်းအဝိုင်းရဲ့ အပြုသဘောဆောင်တဲ့ အာရုံစိုက်မှုကို ရရှိလာခဲ့တယ်။ Canva ရဲ့ ကြီးထွားမှုက အံ့ဖွယ်ကောင်းလောက်အောင်ဖြစ်ပြီး ကမ္ဘာအနှံ့ လွှမ်းခြုံနိုင်ဖို့ ဆက်လက်တိုးချဲ့လျက်ရှိတယ်။

Canva ရဲ့ အောင်မြင်မှုများ

  • အသုံးပြုသူ ၁၆၅ သန်း ရှိပြီး ဒေါ်လာ ၂၅ ဘီလီယံ တန်ဖိုးရှိတဲ့ ကုမ္ပဏီဖြစ်လာခဲ့တယ်။
  • ၂၀၂၁ ခုနှစ်မှာ "Overall Design Collaboration Company of the Year" ဆုရရှိခဲ့တယ်။
  • Forbes ၏ Cloud 100 စာရင်းမှာ တတိယနေရာမှာ ရပ်တည်ခဲ့တယ်။
  • ၂၀၂၂ ခုနှစ်မှာ CNBC ရဲ့ Disruptor 50 စာရင်းမှာ စတုတ္ထနေရာရရှိခဲ့တယ်။
  • Fast Company မှ ကမ္ဘာ့အဆန်းသစ်ဆုံးကုမ္ပဏီ 10 တွင် ပါဝင်အသိအမှတ်ပြုခံရပြီး SpaceX၊ Microsoft နှင့် Stripe တို့လို ထိပ်တန်းကုမ္ပဏီများနဲ့အတူ ဖော်ပြခြင်းခံခဲ့ရတယ်။

Melanie Perkins ရဲ့ story ဟာ စိတ်ကူး၊ ဇွဲနှင့် လူမှုတာဝန်ယူမှုတို့ရဲ့ အံ့ဖွယ်ပေါင်းစပ်မှုတစ်ခုဖြစ်ပြီး "အိပ်မက်ကြီးပါက လက်တွေ့ဖြစ်အောင် လုပ်ပါ" ဆိုတဲ့ message မျိုးပေးစွမ်းနေပါတယ်။

kitrum.com မှ From Idea to Billion-Dollar Company: The Melanie Perkins Story as Canva CEO ဆောင်းပါးကို သင့်တော်သလို ဘာသာပြန်ထားပါတယ်။

Reference link - https://kitrum.com/blog/melanie-perkins-story-as-canva-ceo/

Myint Zu Phyo

BBM (NMDC)

MBA (YUE)