" အွန်လိုင်းသင်ကြားမှုအတွက် နည်းဗျူဟာ (၅) ချက် "
ကမ္ဘာ့ဘယ်နေရာကမဆို အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးနိုင်သည်ကို သင်သိပါသလား။ ယခုခေတ်တွင် KG ပရိုဂရမ်များအပါအဝင် ကျောင်းများစွာသည် ပေါင်းစပ်သင်ယူခြင်း (Blended learning) သို့မဟုတ် အဝေးမှသင်ယူမှု (Remote learning) ကျင့်သုံးနေသည့် ကျောင်းများစွာရှိပါသည်။ ၎င်းကျောင်းများသည် စာသင်ခန်းအတွေ့အကြုံကို တိုးတက်ကောင်းမွန်စေရန် ထိရောက်သော သင်ယူနည်းဗျူဟာများကို မည်သို့အကောင်အထည်ဖော်ရမည်ကို သိထားကြသည့် ဆရာ၊ဆရာမများ ပညာရှင်များအတွက်အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတစ်ခု ဖြစ်လာသည်။
အမှန်မှာ In-Person သင်ကြားခြင်း နှင့် Virtual Learning Environment ကို ပြောင်းရွှေ့နိုင်ခြင်းသည် အနာဂတ်တွင် လိုအပ်နိုင်သည့် ကျွမ်းကျင်မှု (Skill) တစ်ခုဖြစ်သည်။ ထို့ကြောင့် ဆရာများသည် မိမိတို့ လက်လှမ်းမီနိုင်သည့် နည်းပညာများနှင့် ထိရောက်သော သင်ခန်းစာ များပေးစ္ပမ်းနိုင်မည့် နည်းဗျူဟာများကို တိုးချဲ့လေ့လာရန် လိုအပ်ပေသည်။ အွန်လိုင်းသင်ယူခြင်းသည် ပညာရေးတွင်အသုံးများလာသော လမ်းကြောင်းတစ်ခု ဖြစ်လာသည့်အပြင် သင်ကြားနိုင်သည့်နည်းလမ်းများစွာရှိသည်။
အွန်လိုင်းသင်ကြားနည်း ပုံစံများ
အွန်လိုင်းတွင်သင်ကြားပေးနိုင်သည့် အကြောင်းအရာများကိုလေ့လာပြီး မတူညီသည့် သင်ကြားနည်းပုံစံ အမျိုးမျိုးကို ပြန်လည်အသုံးချခြင်းက ဆရာ၊ဆရာမများအတွက် များစွာ အထောက်အကူ ပြုနိုင်ပါသည်။
ပထမဆုံးအနေဖြင့် သင်တန်းပို့ချသူဦးဆောင်သည့်သင်တန်း ( Instructor-led class) (သို့မဟုတ်) လေ့လာသူ ကျောင်းသားကိုယ်တိုင်ဦးဆောင်သည့်သင်တန်း (Self-led class)ကို ကြိုက်လားဆိုသည်ကို စဉ်းစားသင့်သည်။ထိုနှစ်ခုအကြား သိသိသာသာကွာခြားချက်ရှိပါသည်။
သင်တန်းပို့ချသူ ဦးဆောင်သင်တန်းများသည် ပုံမှန်စာသင်ခန်းတွင် ဟော ပြောချက် သို့မဟုတ် သင်တန်းဖွင့်နေစဉ် ကျောင်းသားများနှင့် အပြန်အလှန်ဆက်သွယ်နိုင်စေရန် "Live" လွင့် သင်ကြားလေ့ရှိသည်။
(Self-led class) ကိုယ့်ကိုယ်ကိုယ် ဦးဆောင်သော သင်တန်းများသည် ကျောင်း သားများအပေါ် ဗဟိုပြုသည့် သင်ကြားရေးနည်းဗျူဟာဖြစ်သည်။ ကျောင်း သားများသည် ယေဘုယျအားဖြင့် မိမိတို့၏ ကိုယ်ပိုင်အချိန်တွင် ကြိုတင်ပြင်ဆင်ထားသော ဟောပြောချက်များ (Pre-recorded videos) ကို ကြည့်ရှုကြရသည်။
ဤသင်ကြားပို့ချမှုပုံစံသည်ကျောင်းသားများအနေဖြင့် သတ်မှတ်ထားသော နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ သို့မဟုတ် နောက်တစ်ကြိမ် အွန်လိုင်းတွင် (Live) တိုက်ရိုက်ထုတ်လွှင့်ခြင်းမပြုမီ မည်သည့်အချိန်တွင်မဆို သင်ခန်းစာလေ့ကျင့်ခန်းများ သို့မဟုတ် ပို့ချချက်များကို လေ့လာနိုင်သည်ဟု ဆိုလိုသည်။
ဤစနစ်နှစ်ခုသည် ကျောင်းသားများနှင့် သင်ကြားသူများအတွက် လိုက် လျောညီထွေရှိမှုနှင့် အာရုံစူးစိုက်မူကို ပေးဆောင်နိုင်သည်။ အလုပ်တစ်ဖက်ဖြင့် ကျောင်းတက်နေသူများ၊ မိသားစုတာဝန်ဆောင်ရွက်နေသည့် သူများက အွန်လိုင်းမှတစ်ဆင့်သင်ယူနိုင်သည့် ကိုယ်တိုင်ဦးဆောင်အတန်းများကို ရွေးချယ်နိုင်ပါ သည်။
အွန်လိုင်းဆရာများသည်လည်း အွန်လိုင်းသင်တန်းသားများနှင့်အလားတူ ပြောင်းလွယ်ပြင်လွယ် ခံစားခွင့်ရကြသည်။ အွန်လိုင်းဆရာတို့သည် မိမိတို့၏ ဟောပြောချက်များကို ကြိုတင်မှတ်တမ်းတင်နိုင်ထားနိုင်သည်။ထို့အပြင် အခြားသင်တန်းအကြောင်းအရာများကိုလည်း အွန်လိုင်းတွင် သတ်မှတ်ရက်တိုင်မီ မည်သည့်အချိန်တွင်မဆို Upload လုပ်နိုင်ပါသည်။ ယင်းသည် ၎င်းတို့အတွက် သင်ခန်းစာအစီအစဉ်များရေးဆွဲခြင်း သို့မဟုတ် ၎င်းတို့၏ ပရော်ဖက်ရှင်နယ်နယ်ပယ်အတွင်း သုတေသနပြုခြင်း တို့ကိုဆောင်ရွက်နိုင်သည်။
စာသင်ခန်းများသည် Online Learning Environment သို့ ရွှေ့ပြောင်းကြ သည်နှင့်အမျှ အွန်လိုင်းသင်ကြား နည်းဗျူဟာများသည် ပို၍ တန်ဖိုးရှိလာသည်။ ယနေ့ခေတ်တွင် Remote learning (အဝေးမှသင်ယူခြင်း) သည် လေ့ လာသူများကြား ခေတ်စားလာ သည့် အွန်လိုင်းသင်ကြားနည်းတစ်ခုဖြစ်လာသည်။ နေထိုင်ရာ ဒေသမတူသည့် ကျောင်းသားများနှင့် သင်တန်းပို့ချသူများကို အွန်လိုင်းတွင်တွေ့ဆုံစေနိုင်သည်။
လေ့လာမှုများအရ အဝေးသင်စာသင်ခန်းများရှိ ကျောင်းသားများကို အဓိကနည်းလမ်း လေးခုအနက်မှ တစ်ခုဖြင့် သင်ကြားပေးနိုင်သည်။
• Virtual အွန်လိုင်း သို့မဟုတ် အင်တာနက်သီးသန့် အတန်းများ (Facebook Group)
• ဗီဒီယိုများ (Pre-recorded Videos)
• တိုက်ရိုက်ဗီဒီယို အစည်းအဝေးများ (Facebook live streaming, Zoom meeting, Google meet)
• အသံ/ရုပ်မြင်နည်းပညာ ပလက်ဖောင်းများ (Radio, Motion pictures, Visual Displays, Projectors, and more)
Remote learning သည် လူအမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးအတွက် စာ သင်ခန်းတွင် လူကိုယ် တိုင်တက်ရောက်စရာမလိုဘဲ ပညာရေးရရှိစေနိုင်သည့် အဆင်ပြေသည့်နည်းလမ်းတစ်ခုဖြစ်သည်ဟု ပညာရေးအသိုင်း၀ိုင်းက ဆို သည်။ ဥပမာ- အချိန်ပြည့်အလုပ်တစ်ခုလုပ်နေသည့် ကျောင်းသားများ၊ သို့မ ဟုတ် အခြေခံပညာရေးကို မှီခိုနေရသော ဝေးလံခေါင်သီသောဒေသများတွင် နေထိုင်သည့် ကျောင်းသားများအတွက် အွန်လိုင်းမှသင်ယူမှာ များစွာအကျိုးရှိစေသည်။
အွန်လိုင်းသင်ကြားမှုအတွက် နည်းဗျူဟာ (၅) ချက်
အွန်လိုင်းစာသင်ခန်းကို လူကိုယ်တိုင်သင်ကြားသည့်စာသင်ခန်းလို ထိရောက်မှုရှိအောင် ဘယ်လိုလုပ်ဆောင်မလဲ။ အွန်လိုင်းဆရာများ အကြံပြုထားသော အသုံးတည့်မည့် နည်းလမ်းငါးခုကို အောက်တွင် ဖော်ပြထားပါသည်။
(၁) သင်ခန်းစာ မစတင်မီ သင်ကြားမည့် ဘာသာရပ်နှင့် ခေါင်းစဉ်တစ်ခုစီကို အကျဉ်းချုပ်ရှင်းပြပါ။
ကျောင်းသားများသည် မှတ်သားရမည့် အရေးကြီးသော အကြောင်းအရာကို ခွဲခြား သိမြင်နိုင်ပါသည်။ ဥပမာ _ "ကုန်ပစ္စည်းကို မည်သည့်နေရာတွင် ရောင်းရမည်ကို ဆုံးဖြတ်ခြင်း" ဟု ဖော်ပြခြင်းသည် သင်တန်းဟောပြောချက် ခေါင်း စဉ်ဖြစ်နိုင်သည်ကို ကျောင်းသားများကသိနိုင်သည်။
ထို့နောက်တွင် မည်သည့်အချက်များ ထည့်သွင်းစဥ်း စားရမည်နည်း၊ မည်သို့ရွေးချယ်ရမည်နည်း၊ အဘယ်ကြောင့်နည်း စသည့် အသေးစိတ်အချက် အလက်များကို သင်ကြားသူက နောက်ဆက်တွဲအဖြစ်ဖော်ပြရမည်။
(၂) သင်ကြားသည့်အကြောင်းအရာကို မတူညီသောရှုထောင့်များမှ ဆွေးနွေးတင်ပြပါ ။
ကျောင်းသားများသည် သင်ခန်းစာအကြောင်းအရာကို သင်ယူသည့်အခါ အာ ရုံစိုက်တတ်ကြသည်။ ထို့ကြောင့် တင်ပြသည့်အကြောင်းအရာ ပြီးဆုံးပုံပါက ၎င်းနှင့်နှိုင်းယှဉ်နိုင်သည့် အခြားသော ရှုထောင့်ကို ရှာဖွေရန် ကြိုးစားကြသည်။ ဒါ့ကြောင့် တင်ပြသည့် အကြောင်းအရာနှင့် ဆက်စပ်မှုရှိသည့် အခြားအ ကြောင်းအရာများကိုပါ ကျောင်းသားများအား ထပ်လောင်းတင်ပြရန် အ ရေးကြီးပါသည်။
(၃)သင်၏သင်ကြားရေး အရင်းအမြစ်များကို ရောနှောပါ။
စာသင်ခန်းတွင် Lecture ပေးခြင်းအပြင် အတန်းမတက်မီ ကျောင်းသားများကြိုတင်လေ့လာနိုင်ရန် ကြိုတင်ရိုက်ကူးထားသည့် pre-recorded videos များ၊ အသံဖိုင်များ၊ Soft copy စာရွက်စာတမ်းများ (ဥပမာ- PDF file, Microsoft word file, Power point file) အသုံးပြု၍ သင်ကြားခြင်းဖြင့် ကျောင်းသားများ၏နားလည်မှုတတ်မြှောက်မှုကို တိုးတက်စေပါသည်။
(၄)ကျောင်းသားများကို အကြောင်းအရာဖန်တီးခွင့်ပေးပါ။
သင်ကြားသည့် အကြောင်းအရာတစ်ခုခုကို နားလည်ကျွမ်းကျင်အောင်လုပ်ဖို့ အကောင်းဆုံး နည်းလမ်းမှာ စာသင်ခန်းအတွင်း အကောင်အထည် ဖော်နိုင်သော တင်ဆက်မှု၊ ဗီဒီယို သို့မဟုတ် အဖွဲ့လိုက် ဆွေးနွေးမှုတစ်ခု ပြုလုပ်ရန် ကျောင်းသားများကို ဖိတ်ခေါ်ပါ၀င်စေခြင်းဖြစ်သည်။
(၅) ကျောင်းသားများကို စဥ်းစားတွေးခေါ်ရန် အချိန်ပေးပါ။
သင်ကြားသည့် အကြောင်းအရာကို ကျောင်းသားများပိုမိုနားလည်စေရန် ၎င်းတို့အတွက် လုံလောက်သော အချိန်တစ်ခုပေးရန် လိုအပ်ပါသည်။ ထိုမှသာ ၎င်းတို့ လက်တွေ့ဘ၀နှင့် ချိတ်ဆက်၍ တွေးခေါ်နိုင်မည်ဖြစ်ပြီး မတူညီသောရှုထောင့်မှ အကြောင်းအရာတစ်ခုကို စူးစမ်းလေ့လာခွင့်ရကာ နားလည်မှုတိုးလာမည်ဖြစ်သည်။
ဤဆောင်းပါးတွင် အွန်လိုင်းသင်ကြားခြင်းအတွက် အထောက်အကူဖြစ်စေမည့် သင်ကြားရေး နည်းဗျူဟာများကို ဖော်ပြထားပါသည်။ အ ထက်ပါနည်းလမ်းများသည် အွန်လိုင်းပညာရေးကို ထိထိရောက်ရောက် ပို့ဆောင်ရာတွင် အဆင်ပြေချောမွေ့စေမည် ဖြစ်သည်။ ဤသင်ကြားရေးနည်း ဗျူဟာများကို အထူးသဖြင့် အဆင့်မြင့်ပညာရေး အဖွဲ့အစည်းများမှ လက်တွေ့ကျင့်သုံးနိုင်ပါသည်။
လေ့လာမှုများအရ အွန်လိုင်းသင်ကြားခြင်း၊ သင်ယူခြင်းသည် စာသင်ခန်းပတ်ဝန်းကျင်တွင် သမားရိုး ကျသင်ယူခြင်းနှင့် နှိုင်းယှဉ်ပါက အကျိုးကျေးဇူးများစွာရှိကြောင်း တွေ့ရှိရပါသည်။ အွန်လိုင်းသင်ယူမှုတွင် ဆရာနှင့်ကျောင်းသားများ အကြား အခက်အခဲများစွာရှိနိုင်သော်လည်း E-Leaning စနစ်များကို အဆင့်မြှင့် တင်ခြင်း၊ အွန်လိုင်းဆွေးနွေးမှုဖိုရမ်များ၊ ဝဘ်ဆိုဒ်အခြေခံဆော့ဖ်ဝဲလ် အသစ်များကို အသုံးပြုခြင်းဖြင့်လည်း အဆိုပါအခက်ခဲများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် အွန်လိုင်းသင်ယူခြင်းသည် ကျောင်းသား၊ ဆရာများအတွက် များစွာ အကျိုးကျေးဇူးရှိပါသည်။ ထို့ကြောင့် ပညာရေးဆိုင်ရာအဖွဲ့စည်းများက အွန်လိုင်းမူစနစ်ကို ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးမမ်း လေ့လာဆောင်ရွက်သင့်ပါသည်။
Daw Thwe Thwe Aye
B.Com , M.Com (MEUE)
Meiktila University of Economics
Latest Articles
ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ
1 week ago
ငွေကြေးကုန်ကျမှုမများဘဲ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်မယ့် Growth Hacking Marketingရဲ့ လျှို့ဝှက်ချက်
1 week ago
လုပ်ငန်းခွင်တွင်းက တိတ်ဆိတ်သော ပြိုင်ပွဲ/တိုက်ပွဲ
1 week ago
နေ့စဉ်ဘဝမှာ Critical Thinking ကို ဘယ်လိုအသုံးချမလဲ
1 week ago
"တိတ်ဆိတ်ခြင်းနောက်ကွယ်က အသံ" (Silent Quitting)
2 weeks ago
