အသိအမှတ်ပြုခြင်းက အခြေခံအကျဆုံးဖြစ်တဲ့ Workplace Motivation
ယနေ့ခေတ်မှာ ကုမ္ပဏီတစ်ခုရဲ့ အောင်မြင်မှုနဲ့ Productivity ဟာ ပါဝင်လုပ်ကိုင်တဲ့ ဝန်ထမ်းတွေရဲ့ တက်ကြွစွာပါဝင်မှုအပေါ်မှာ အများကြီးမူတည်နေပါတယ်။ အခြေခံစံနှုန်းတွေချင်း တူညီတဲ့ကုမ္ပဏီနှစ်ခု နှိုင်းယှဥ်မယ်ဆိုရင်တောင် တက်ကြွစွာပါဝင်တဲ့ ဝန်ထမ်းတွေ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီက ပိုပြီးခြေတစ်လှမ်းသာပါတယ်။ ဒါဆိုရင် ငွေကုန်ကြေးကျအနည်းဆုံးနဲ့ ဝန်ထမ်းတွေကို လှုံ့ဆော်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေသုံးသင့်သလဲ။အကုန်အကျများတဲ့ ကုမ္ပဏီခရီးစဥ်တွေနဲ့ ခမ်းနားတဲ့ညစာစားပွဲအစီအစဥ်တွေကို မေ့ထား လိုက်ပါ။ အဲအရာတွေထက်ပိုပြီး ထိထိရောက်ရောက် လှုံ့ဆော်ပေးနိုင်တဲ့နည်းလမ်းက ရိုးရှင်းတဲ့ စကားလုံးအနည်းငယ်ပါပဲ။ အသိအမှတ်ပြုသလို သဘောဆောင်တဲ့ စကားလုံးတချို့ပေါ့။ ဝန်ထမ်းတွေက မတူညီတဲ့မျှော်လင့်ချက်၊ လိုအပ်ချက် (Needs) တွေနဲ့ အလုပ်လုပ်နေကြတာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် Motivation ရစေတဲ့နည်းလမ်းတွေ တူကြမှာမဟုတ်ပါဘူး။ တချို့ကတော့ လစာများများရခြင်းနဲ့ Bonus တွေကြောင့် အလုပ်အပေါ်စိတ်အားထက်သန်မှု ဖြစ်စေသလို တချို့ကတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာ ချီးကျူးအသိအမှတ်ပြုပေးတာကို အထူးတလည် တန်ဖိုးထားတတ်ကြပါတယ်။ ဝန်ထမ်းအားလုံးက လစာတစ်ခုတည်းကြောင့် အလုပ်လုပ်နေတာ မဟုတ်တာကို သတိပြုမိဖို့ လိုအပ်ပါတယ်။ Centre of Talent Innovation ရဲ့ အဆိုအရ ဝန်ထမ်းများ လုပ်ငန်းခွင်တွင်းပျော်ရွှင်မှုနဲ့ productivity ကို အမှန်တကယ် မြှင့်တင်ပေးနိုင်တဲ့အရာမှာ sense of belonging ဖြစ်တယ်လို့ ပြောထားပါတယ်။
လူတွေက သူတို့ဘဝသက်တမ်းရဲ့ ၃၀ ရာခိုင်နှုန်းကို လုပ်ငန်းခွင်မှာသာ ကုန်ဆုံးကြတာဖြစ်လို့ sense of belonging ကို အလေးထားခြင်းမှာ အံ့ဩစရာမဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ် အမေရိကန်နိုင်ငံမှာ လုပ်ခဲ့တဲ့ Cigna Study တစ်ခုအရ ဝန်ထမ်း ၅၃ ရာခိုင်နှုန်းကျော်ကသာ လုပ်ဖော်ကိုင်ဖက်များနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးရှိပြီး မိမိလုပ်နေတဲ့အလုပ်ကို အဓိပ္ပာယ်ရှိတယ်လို့ တွေးကြတယ်။ ဒါဆိုရင် ကျန်တဲ့ ၄၆ ရာခိုင်နှုန်းကရော၊ များသောအားဖြင့် ဝန်ထမ်းတွေဟာ သူတို့ရဲ့ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်ပြုပေးမယ့်သူမရှိဘူးလို့ ခံစားလာရတဲ့အခါ ကိုယ်လုပ်နေတဲ့အလုပ်က အဓိပ္ပာယ်မရှိသလို၊ ဘယ်သူ့အတွက်မှ ကောင်းကျိုးမရှိဘူးလို့ ယူဆလာကြပါတယ်။ Duke University မှ စိတ်ပညာနဲ့ စီးပွားရေးဆိုင်ရာပါမောက္ခ Dan Ariely က တစ်စုံတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်မှုကို သေချာ အသိအမှတ်ပြုပေးခြင်းဟာ ပိုက်ဆံမက်လုံးများထက်ပိုပြီး စိတ်ဓာတ်လှုံ့ဆော်မှုကိုပေးနိုင်ကြောင်း ၂၀၁၂၊ TED ဟောပြောပွဲမှာ ပြောကြားခဲ့ပါတယ်။ လူတစ်ဦးတစ်ယောက်ခြင်းရဲ့ စွမ်းဆောင်ရည်ကို လျစ်လျူရှုခြင်းဟာ သူတို့ရဲ့ကြိုးစားအားထုတ်မှုကို မျက်စိရှေ့မှောက်မှာတင် အစိတ်စိတ် အမွှာမွှာဖြစ်အောင် ရိုက်ချိုးဖျက်စီးလိုက်သလို ဆိုးရွားကြောင်း Ariely က ထပ်ပြောခဲ့ပါတယ်။
ဝန်ထမ်းတွေမှတင်မဟုတ် လူတိုင်းမှာ အသိအမှတ်ပြုခံချင်တဲ့ဥာဉ် ရှိကြပါတယ်။ အောင်မြင်မှု သေးသေးလေးကအစ အသိအမှတ်ပြုတာ ခံချင်ကြတယ်။ တစ်ယောက်ယောက်က ကိုယ့်ရဲ့ကြိုးစားမှု အပေါ်အသိအမှတ်ပြုပေးတဲ့အခါ ဒီထက်ပိုပြီးကြိုးစားဖို့ စိတ်ဓာတ်ခွန်အားတွေ ရစေတယ်။ “မင်းလုပ်ထားတဲ့အလုပ်က ကောင်းကောင်းမွန်မွန်နဲ့ ပြီးသွားတာပဲ။” “စိတ်နှစ်ပြီး အလုပ်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ဒီလိုအသိအမှတ်ပြုတဲ့စကားတစ်ခွန်းလောက်နဲ့ စိတ်အားဖြင့် လှုံ့ဆော်မှု အများကြီးပေးနိုင်ပါတယ်။ အောင်မြင်မှုတွေ၊ စွမ်းဆောင်မှုတွေအတွက် ချီးကျူးအသိအမှတ်ပြုခြင်းဆိုတာထက် အကောင်းဆုံး လုပ်ဆောင်မှုတစ်ခုရဲ့ နောက်ကွယ်က ပင်ပန်းခြင်းတွေ ပေးဆပ်ထားတဲ့ ခွန်အားနဲ့ အချိန်တွေကို သေချာနားလည်ကြောင်း အသိအမှတ်ပြုပေးတာပဲဖြစ်ပါတယ်။
ဝန်ထမ်းများနဲ့ အပြန်အလှန်ချိတ်ဆက်ပြီး ပူးပေါင်းလုပ်ဆောင်မှုဟာ အချိန်အများကြီး ပေးစရာမလိုအပ်ဘဲ အကျိုးကျေးဇူးရရှိစေပါတယ်။ ဝန်ထမ်းရဲ့စိတ်ထဲမှာ ငါ့ရဲ့လုပ်ဆောင်မှု အရေးပါပါလားဆိုတဲ့ ကျေနပ်မှုမျိုးပေါ့။ ဒါမှမဟုတ်လည်း ကိုယ်ရေးကိုယ်တာ အသေးအဖွဲကိစ္စလေးပဲဖြစ်ဖြစ် ဝန်ထမ်းတွေနဲ့စကားပြောကြည့်ခြင်းက သူတို့ကို ဂရုစိုက်မှုရှိကြောင်း သိနားလည်စေပါတယ်။ စကားအပြန်အလှန်ပြောဖို့အတွက် အချိန်တွေ၊နေရာတွေ သီးသန့်သတ်မှတ် နေစရာမလိုအပ်ပါဘူး။ အလုပ်လုပ်နေတဲ့စားပွဲနားကနေ ဖြတ်သွားတဲ့အခါ ဒါမှမဟုတ် ဓာတ်လှေကား အတူတူစီးရင်းနဲ့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အသေးအဖွဲအကြောင်းအရာတွေကို ပြောလို့ ရပါတယ်။ ဒီလိုနဲ့ အချင်းချင်းယုံကြည်မှု၊ လိုက်လျောညီထွေဖြစ်မှုနဲ့ တက်တက်ကြွကြွ အလုပ်လုပ်ဖို့ အတွက် တွန်းအားတစ်ခုဖြစ်စေမှာ အသေအချာပါပဲ။
Appreciation ဆိုတာက အထက်လူကြီးဆီကနေလာတဲ့ အသိအမှတ်ပြုမှုတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းမှာလည်း အပြန်အလှန်အသိအမှတ် ပြုပေးလို့ ရပါတယ်။ “မင်းကအလုပ်လုပ်တဲ့အခါ တိကျပြီး မြန်ဆန်တယ်။” “ငါ့အမြင်မှာတော့ မင်းပေးတဲ့ အကြံဉာဏ်က တော်တော်ကောင်းတယ်။” “မင်းအကောင်းဆုံးလုပ်ခဲ့တာပဲ။” ဒီလိုအသိအမှတ်ပြုတဲ့ ချီးကျူးစကားတချို့က စကားလုံးအနည်းငယ်ပဲဆိုပေမယ့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်တည်စေတယ်။ စိတ်ပင်ပန်းမှုတွေကို သက်သာစေတယ်။ ခက်ခဲတဲ့ အခြေအနေတွေကနေ ရုန်းထွက်ဖို့အတွက် စိတ်ဓာတ်အင်အားကို ပေးနိုင်ပါတယ်။
ဝန်ထမ်းများရဲ့ဝါသနာနဲ့ လစာငွေတွေက အလုပ်အပေါ် စိတ်အားထက်သန်မှုကို ဖြစ်စေတယ်လို့ အကြမ်းဖျင်းယူဆကြပေမယ့် တကယ်တော့ အဲဒီအချက်တွေထက် အရေးကြီးတာတွေ ရှိနေပါ သေးတယ်။ တန်ဖိုးထားခံရခြင်း၊ ချီးကျူးအသိအမှတ်ပြုခြင်းတို့က အလုပ်လုပ်ရတာ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးပေးသလို တက်ကြွစွာအလုပ်လုပ်ဖို့ လှုံ့ဆော်မှုကိုလည်းပေးပါတယ်။ ဒါကြောင့် အသိအမှတ်ပြုသင့်တဲ့သူတွေကို ချီးကျူးပေးဖို့၊ အသိအမှတ်ပြုပေးဖို့မမေ့ပါနဲ့။Reference
Perton, C. (2019) Motivation Through Appreciation: The Science Behind a Happy Workplace, America's Small Business Network. Available at: https://www.asbn.com/small-business/leadership/motivation-through-appreciation-the-science-behind-a-happy-workplace/ (Accessed: April 20, 2023).
Daw Theint Thinzar
BE (Civil-West Yangon Technological University)
M.Sc (Construction Project Mgt), Heriot-Watt University
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
