Assignment တွေ ဘယ်လိုရေးကြမလဲ
ထိရောက်သော စာတမ်း/ Assignment ရေးသားရန် သေချာစွာ စီစဉ်မှုနှင့် အကောင်အထည်ဖော်မှု လိုအပ်ပါသည်။ မိမိအတွေးအခေါ်များကို စည်းစနစ်တကျ တင်ပြရာတွင် အထောက်အကူပြုစေရန် အဓိက လမ်းညွှန်ချက်များကို ဖော်ပြပါမည်။
၁။ Assignment ၏ ဖွဲ့စည်းပုံကို စီစဉ်ခြင်း
နိဒါန်း၊ အဓိကအပိုင်းများ နှင့် နိဂုံး ဟူသော အဓိက အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းရန်လိုအပ်ပါသည်။ ရှင်းလင်းသော ဖွဲ့စည်းပုံသည် တင်ပြမှုကို ပိုမိုထိရောက်စေသည်။ နောက်ထပ်အရေးကြီးသော အချက်မှာ အချိန်စီမံခန့်ခွဲမှု ဖြစ်သည်။ Assignment Deadline နောက်ဆုံးအချိန်တွင်ရှိတတ်သော စိတ်ဖိစီးမှုများကို ရှောင်ရှားရန်နှင့် အရေးကြီးသော အချက်များ ပါဝင်စေရန် Assignment ကို အပိုင်းများခွဲ၍ ရေးသားပါ။
၂။ သုတေသနပြုလုပ်ခြင်းနှင့် အချက်အလက် စုဆောင်းခြင်း
ယုံကြည်စိတ်ချရသော အရင်းမြစ်များ (Reference) (ပညာရပ်ဆိုင်ရာ ဂျာနယ်များ၊ သုတေသနစာတမ်းများ) ကို အသုံးပြု၍ နက်နက်ရှိုင်းရှိုင်း သုတေသနပြုလုပ်ရန် အရေးကြီးပါသည်။ မိမိတင်ပြချက်၏ ယုံကြည်စိတ်ချရမှုကို ပြသရန် အရင်းမြစ်များ၏ လက်ရှိအခြေအနေနှင့် သက်ဆိုင်မှုကိုလည်း ထည့်သွင်းအကဲဖြတ်ရမည်။ ကိုးကားမှုအရင်းမြစ်(Reference) တစ်ခုတည်းအပေါ် မှီခိုခြင်းကို ရှောင်ကြဉ်ပါ။
၃။ အားကောင်းသော နိဒါန်း ရေးသားခြင်း
နိဒါန်းသည် ဖတ်ရှုသူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ရန် နှင့် အဓိက အကြောင်းအရာကို မိတ်ဆက်ရန် ဖြစ်သည်။ အကြောင်းအရာ၏ နောက်ခံအခြေအနေကို ရှင်းပြပြီး အသေးစိတ် အားလုံးကို မဖော်ပြဘဲ အဓိက အကြောင်းအရာများကို ခြုံငုံဖော်ပြပါ။ မိမိ၏ အဓိကအဆို (Thesis Statement) ကို ရှင်းလင်းစွာ ဖော်ပြပါ။
၄။ ရှင်းလင်းပြေပြစ်စွာ ရေးသားခြင်း
အပိုင်းတစ်ခုစီကို အဓိက အကြောင်းအရာကို ဖော်ပြသော စာကြောင်းဖြင့် စတင်ပါ။ အထောက်အထားများဖြင့် သက်သေပြပြီး ဆက်စပ်မှုရှိအောင် ရေးသားပါ။ ရှုပ်ထွေးသော အရေးသားများကို ရှောင်ကြဉ်ကာ စာသားကို ရှင်းလင်းစွာ ရေးသားပြီး စာတမ်း တစ်ခုလုံးနှင့် ဆက်စပ်မှုရှိပါစေ။
၅။ ထိရောက်သော နိဂုံး ရေးသားခြင်း
နိဂုံးသည် အဓိကအချက်များကို ထပ်မံဖော်ပြရန် နောက်ဆုံး အခွင့်အရေးဖြစ်သည်။ အချက်အလက်အသစ်များ မထည့်သွင်းဘဲ တင်ပြချက်များကို အနှစ်ချုပ်ပါ။ ရှာဖွေတွေ့ရှိချက်များကို ရေးသားပါ။
၆။ တည်းဖြတ်ခြင်းနှင့် အမှားပြင်ဆင်ခြင်း
စာတမ်း/ Assignment ပြီးစီးပါက အချိန်အနည်းငယ် အနားယူပြီးမှ အမှားပြင်ဆင်ခြင်း ပြုလုပ်ပါ။ ဖွဲ့စည်းပုံ၊ သဒ္ဒါအမှားများနှင့် ဘယ်ညာ ညီညာမှုကို ပြန်လည်စစ်ဆေးပါ။ အကဲဖြတ်သူများထံမှ အကြံဉာဏ်ရယူခြင်း သို့မဟုတ် အမှားပြင်ဆော့ဖ်ဝဲများ အသုံးပြုခြင်းသည် အထောက်အကူ ဖြစ်စေပါသည်။
၇။ စာတမ်း ပုံစံချခြင်းနှင့် တင်သွင်းခြင်း
ပညာရေးအဖွဲ့အစည်းက သတ်မှတ်ထားသော ပုံစံညွှန်ကြားချက်များ (ဖောင့်အရွယ်အစား၊ ကိုးကားနည်း) ကို လိုက်နာပါ။ စနစ်တကျ ပုံစံချခြင်းသည် စာဖတ်ရလွယ်ကူစေပြီး ဂရုစိုက်မှုကို ဖော်ပြပါသည်။ တင်သွင်းခြင်းမပြုမီ ကိုးကားချက်များနှင့် စာရွက်စာတမ်းကို နှစ်ကြိမ် စစ်ဆေးပါ။
ရှောင်ကြဉ်ရန် အမှားများနှင့် အကြံပြုချက်များ
စာတမ်း/ Assignment ရေးသားရာတွင် အချိန်ဆွဲခြင်း၊ အာရုံစိုက်မှုအားနည်းခြင်း နှင့် ရေးသားညွှန်ကြားချက်များကို လျစ်လျူရှုခြင်း စသော အမှားများမှ အထူးသတိပြု ရှောင်ကြဉ်ရမည်။ စာလုံးပေါင်း၊ သဒ္ဒါနှင့် အချက်အလက် အမှားများကို အမြဲတမ်း အမှားပြင်ဆင်ခြင်း ပြုလုပ်ပြီး၊ အခြားသူ၏ အတွေးအခေါ်များကို မူရင်းရင်းမြစ်ဖော်ပြခြင်းမရှိဘဲ ကူးယူသုံးစွဲသည့် စာပေဆိုင်ရာ အတုအယောင်၊ ခိုးယူခြင်း (Plagiarism) ကို အထူးရှောင်ကြဉ်ရန် လိုအပ်ပါသည်။
ဤလမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် စာတမ်း/ Assignment၏ အရည်အသွေးကို သိသိသာသာ မြှင့်တင်နိုင်ပြီး တင်ပြချက်များ ပိုမိုထိရောက်စေပါသည်။
Reference: https://www.papertrue.com/blog/how-to-write-an-assignment/
Dr. Daw Thel Seint Aye
Acting Professor and Head, Strategy First Int'l College,
B.C.Sc., B.C.Sc. (Hons), M.C.Sc., Ph.D (IT)
Latest Articles
လုပ်ငန်းခွင်မှာ ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ အဖွဲ့အစည်းရဲ့စွမ်းဆောင်ရည်အပေါ်သက်ရောက်မှုများ
2 days ago
HR ကောင်းတစ်ယောက်ဖြစ်စေရန် Empathy ရဲ့ အရေးပါမူ
2 days ago
ဈေးကွက်ရှာဖွေရေးမှာ အသုံးအများဆုံး AIDA Model အကြောင်း
1 week ago
AI Content Detection Tools များ
1 week ago
လုပ်ငန်းခွင်နဲ့ စိတ်ကျန်းမာပျော်ရွှင်မှု
1 week ago
