ထူးခြားတဲ့ ဒီဇိုင်းဖန်တီးမှုတွေနဲ့ နာမည်ကျော်အမှတ်တံဆိပ် ZIPIT
ဒီလရဲ့ Case Study ကဏ္ဍမှာတော့ လက်ဆောင်ရထားတဲ့ စိတ်ဝင်စားစရာ ပစ္စည်းလေးတစ်ခုကနေ သူ့ရဲ့ အမှတ်တံဆိပ်အကြောင်းကို လေ့လာဖြစ်ပြီး ပြန်လည်ရေးသားဖြစ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ZIPIT ဆိုတဲ့ ထူးခြားတဲ့ ဒီဇိုင်းဖန်တီးမှုတွေနဲ့ နာမည်ကျော်တဲ့ အမှတ်တံဆိပ်ပဲ ဖြစ်ပါတယ်။ ZIPIT အမှတ်တံဆိပ်ကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကာ Mr. Itamar က CEO အဖြစ် ဆောင်ရွက်လျက်ရှိတဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ တမူထူးခြားတဲ့ ဖန်တီးမှုတွေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။
ဆန်းသစ်မှုတွေအပြင် ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားမှုတွေကိုပါ ပေးစွမ်းနိုင်ရမယ်ဆိုတဲ့ ရည်ရွယ် ချက်တွေနဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ စာရေးကိရိယာထည့်တဲ့ အိတ်၊ ကျောပိုးအိတ်၊ လွယ်အိတ် စတဲ့ပစ္စည်းတွေကို ထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ထုတ်လုပ်တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပစ္စည်းအဆန်းလေးတွေ ကြိုက်နှစ်သက်တဲ့သူတွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်ပေမယ့် နိုင်ငံတကာ ဈေးကွက်တွေထိပါ ထိုးဖောက်နိုင်ပြီး အရောင်းပြခန်းများ ဖွင့်လှစ်ထားရှိခြင်းနဲ့ အွန်လိုင်းက ရောင်းချခြင်းတွေကိုလည်း တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင် ခဲ့ပါတယ်။
ZIPIT အမှတ်တံဆိပ်အနေနဲ့ သူ့ရဲ့ ဆွဲဆောင်မှုရှိပြီး ထူးခြားတဲ့ထုတ်ကုန်တွေနဲ့ ကာလာစုံ၊ အရောင်စုံအပြင် ကစားလို့ပါရတဲ့ ဒီဇိုင်းတွေကြောင့် ပေါ်ပြူလာဖြစ်ခဲ့ပါတယ်။ ZIPIT ရဲ့ ထုတ်ကုန်တွေ ထဲမှာ လူသိအများဆုံး ထုတ်ကုန်ကတော့ ZIPIT Monster ခဲတံထည့်တဲ့အိတ်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ထူးဆန်းပြီး လက်တွေ့ကျတဲ့ ဒီဇိုင်းတွေကြောင့် ဒီအိတ်လေးတွေက ကျောင်းသားတွေကြားထဲမှာ ရေပန်းစားခဲ့ပါတယ်။ Monster Pencil Case တွေရဲ့ ထူးခြားချက်ကလည်း ဇစ်ကို ဖွင့်လိုက်တဲ့အခါမှာ ပြုံးနေတဲ့ မွန်းစတားတစ်ကောင်ကဲ့သို့ ဇစ်လိုင်းကိုပဲ အသုံးပြုပြီး ပါးစပ်သဖွယ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Monster Pencil Case တွေကို အသုံးပြုတဲ့အခါ မွန်းစတားကောင်ကြီးရဲ့ ပါးစပ်ထဲကို ခဲတံ၊ ဘောပင်တွေ၊ စာရေးကိရိယာတွေ ထည့်သိမ်းထားသလိုမျိုး ဖြစ်မှာဖြစ်တဲ့အတွက် ကလေးတွေနဲ့ ကျောင်းသားလူငယ်တွေကို များစွာဆွဲဆောင်နိုင်ခဲ့ပြီး ZIPIT ရဲ့ အထင်ကရ ထုတ်ကုန်တစ်ခုအနေနဲ့ ကိုယ်စားပြုနိုင်ခဲ့ပါတယ်။
အောင်မြင်မှုများစွာ ရရှိလာတဲ့ နောက်မှာတော့ ZIPIT အနေနဲ့ သူ့ရဲ့ ထုတ်ကုန်ပစ္စည်း အမျိုးအစားတွေ ကိုလည်း တိုးချဲ့ခဲ့ပါတယ်။ ခဲတံထည့်တဲ့အိတ် (pencil case) တွေအပြင် ကျောပိုးအိတ်၊ ဘေးလွယ်အိတ်၊ စာရေးကိရိယာအပြင် ကျောင်းသားလူငယ်များ စိတ်ဝင်စားမယ့် ကျောင်းသုံး accessories ပစ္စည်းများကိုပါ ZIPIT ရဲ့ တမူထူးခြားတဲ့ ဒီဇိုင်းအသွင်များအတိုင်း ပြုလုပ်ကာ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ကုမ္ပဏီရဲ့ Mission တစ်ခုဖြစ်တဲ့ စွဲမက်စရာ ဒီဇိုင်းများနဲ့ mass production လုပ်နိုင်ရမယ်ဆိုတဲ့ အချက်က ဒီဇိုင်းတွေ စဉ်းစားတဲ့အခါမှာ တော်တော်လေးကို အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။
ZIPIT ထုတ်ကုန်တွေရဲ့ ကနဦးအစကတော့ (၂၀၀၄) ခုနှစ်မှာ ဒီဇိုင်နာ Ishay Halmut က သူ့ရဲ့ industrial design ဘွဲ့အတွက် assignment ရေးရာမှာ စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတီထွင်ဖို့ကို သူ့ရဲ့ အနီးအနားမှာရှိတဲ့ အရာဝတ္ထုတွေကို 2D အမြင်ကနေ 3D (three-dimensional) အမြင်အဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ နေ့မအား၊ ညမနား ဆန်းသစ်တီထွင်ချင်တဲ့ စိတ်ခွန်အားတွေနဲ့ ကုန်ကြမ်းမျိုးစုံကိုအသုံးပြုပြီး ကြိုးစားနေရင်းကနေ အဝတ်အစား အသုံး အဆောင်တွေ ချုပ်လုပ်တဲ့အခါမှာသုံးတဲ့ ဇစ် (Zipper) တွေကို သမားရိုးကျ အသုံးပြုနေရာကနေ အိတ်တစ်ခုလုံးကို ဇစ်လိုင်း အရှည်တစ်ခုတည်းနဲ့ စတင်တီထွင်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ZIPIT ရဲ့ ခေတ်အဆက်ဆက် အောင်မြင်အောင် လုပ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် ၂၀၀၆ ခုနှစ်မှာ ပထမဦးဆုံး ဇစ်အရှည်တစ်ခုထဲကို အသုံးပြုကာ တီထွင်ထားတဲ့ အိတ်တွေက ဈေးကွက်ထဲမှာ ရေပန်းစား အောင်မြင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ အမေရိကမှာ ရုံးခန်း ဖွင့်လှစ်ပြီးတော့ ကျောင်းဖွင့်ချိန်တွေအမီ “Back to School” အနေနဲ့ အရောင်းကောင်တာများ ယူကာ ရောင်းချခဲ့ပါတယ်။ ၂၀၁၀ မှာတော့ အာရှတိုက်ဘက်မှာပါ pop up stores တွေအဖြစ် ဖွင့်လှစ် ရောင်းချကာ အပြည်ပြည်ဆိုင်ရာ ဖြန့်ချိရေးကွန်ရက်ကို ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၂ မှာတော့ အပေါ်က ပြောခဲ့တဲ့ နာမည်ကြီး Product တစ်ခုဖြစ်တဲ့ Monster Pouch ကို စတင်ထုတ်လုပ်မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Zipit ရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ အရည်အသွေးစစ်ဆေးရေး စင်တာအဖြစ် တရုတ်ပြည် Xiamen ပြည်နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Monster Pouch ပေါင်း (၁၀) သန်းကျော်ကို ရောင်းချခဲ့ရပြီး ကွန်ပါဘူးပုံစံမျိုး (Storage box) များကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အောင်မြင်မှုများကို စဉ်ဆက်မပြတ်ရရှိပြီး နောက်မှာတော့ ၂၀၁၆ ခုနှစ်မှာ ဉရောပဈေးကွက်အတွက် ဂျာမနီနိုင်ငံမှာ ရုံးခွဲနဲ့ ဆိုင်များဖွင့်လှစ်ကာ ဈေးကွက်ချဲ့ထွင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ဒေးဗစ်ကော်ပါဖီး နဲ့ Brand collaboration ပြုလုပ်ကာ Magical Monster ဆိုတဲ့ ဒီဇိုင်းအမျိုးအစားကို တီထွင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ “Good Design Award” ကို ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ (၁၀) နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ပြီး ယနေ့အချိန်ထိ ကျောင်းသား၊ လူငယ်များသာ မက လူရွယ်များအထိပါ စိတ်လှုပ်ရှားဖွယ်ဒီဇိုင်းများနဲ့ ထုတ်ကုန်များကို နေ့စဉ်ဘဝအတွက် အသုံး ဝင်အောင် ဆန်းသစ်တီထွင်လျက်ရှိပါတယ်။
ZIPIT ဟာ သူတို့ရဲ့ ထုတ်ကုန်များကို အသုံးပြုသူများအနေနဲ့ ပျော်ရွှင်မှု၊ ဆန်းသစ်နေမှုများရရှိစေဖို့ ဂရုတစိုက်ပြုလုပ်ထားပြီး သူတို့ရဲ့ ဆောင်ပုဒ်တစ်ခုဖြစ်တဲ့ “UNZIP YOUR MIND” ဆိုတဲ့အတိုင်း customer များကို အသက်အရွယ်မရွေး စိတ်ကူးစိတ်သန်းများ ကွန့်မြူးစေဖို့နဲ့ အတားအဆီးမရှိဘဲ လွတ်လပ်စွာ တီထွင်ဖန်တီးနိုင်ဖို့အတွက် တိုက်တွန်းအားပေးကာ ဆောင်ရွက်လျက်ရှိပါတယ်။ ကလေးလူငယ်များနဲ့ မိဘများအတွက် အကျိုးရှိမယ့် blog များကိုလည်း အမြဲတမ်း သူတို့ရဲ့ website မှာတင်ပေးပြီး သူတို့ရဲ့ target customer ကို ဆွဲဆောင်ကာ အောင်မြင်မှုများနဲ့ ဆက်လက် ရပ်တည်လျက်ရှိတဲ့ အမှတ်တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။
Ref: https://just-zipit.com/pages/about-us
Daw May Thet Hnin
MBA (Heriot-Watt University)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
