" လုပ်ငန်းခွင်အောင်မြင်မှုအတွက် Growth Mindset က ဘာကြောင့် မရှိမဖြစ် လိုအပ်တာလဲ "
Mindset ဟာ အရာအားလုံးကို ဖြစ်သွားစေနိုင်ပါတယ်။ အသက်မွေးဝမ်းကြောင်းအောင်မြင်မှု၊ ကိုယ်ပိုင်လုပ်ငန်းစဖို့၊ ခက်ခဲတဲ့ လေ့ကျင့်ခန်းကို ဖြတ်သန်းတာပဲဖြစ်ဖြစ်၊ ခက်ခဲတဲ့အလုပ်တစ်ခုခုကို ကြိုးစားရတာပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့စိတ်ထားရှိခြင်းက အောင်မြင်မှုနဲ့ ကျရှုံးမှုကြား ခြားနားချက်ကို ဖြစ်စေနိုင်ပါတယ်။
Fixed Mindset နဲ့ Growth Mindset ဘာကွာလဲ ?
Fixed Mindset ဆိုသည်မှာ ဉာဏ်ရည်ဉာဏ်သွေး၊ အရည်အချင်းနဲ့ တခြားအရည် အသွေးများဟာ မွေးရာပါဖြစ်ပြီး မပြောင်းလဲနိုင်တဲ့ အရည်အချင်းများဖြစ်တယ်လို့ ယူဆပါတယ်။ သင်ဟာ တစ်ခုခုကိုမကောင်းရင် ဘယ်တော့မှ ကောင်းအောင်လုပ်နိုင်မှာမဟုတ်ဘူးလို့ သင်ထင်လေ့ ရှိပါတယ်။ ဥပမာ Fixed Mindset ရှိသူတစ်ဦးက "ဘောလုံးကစားကျွမ်းကျင်ရင် ကျွန်တော်က မွေးရာပါ ဘောလုံးကစားသမားပါ" ဒါမှမဟုတ် "ဘောလုံးကန်မကျွမ်းကျင်ရင် ကျွန်တော်က ဘောလုံးပါရမီရှင် မဟုတ်ဘူး" လို့ ပြောကာ သူတို့ရဲ့ အားကစားစွမ်းရည်ကို မဖွံ့ဖြိုးနိုင်ဘူးလို့ ယုံကြည်ကြပါတယ်။ Growth Mindset ဆိုသည်မှာ ဉာဏ်ရည်ဉာဏ်သွေးနဲ့ စွမ်းရည်များကို အလေ့အကျင့်နဲ့ ကြိုးစားအားထုတ်မှုဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်တယ်လို့ ယုံကြည်ပါတယ်။ Growth Mindset ဟာ သင့်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးများဟာ သင့်ရဲ့ ကြိုးစားအားထုတ်မှုမှတစ်ဆင့် ပြုစုပျိုးထောင်နိုင်တဲ့ အရာများဖြစ်တယ်လို့ အယူအဆအပေါ် အခြေခံပါတယ်။ လူတိုင်းဟာ အတွေ့အကြုံနဲ့ အလေ့အကျင့် အားဖြင့် ပြောင်းလဲနိုင်ပြီး ကြီးပွားနိုင်တယ်လို့ ယူဆပါတယ်။ Growth Mindset ဟာ ကျရှုံးမှုကို ထိခိုက်မှုတစ်ခုအဖြစ်မဟုတ်ဘဲ အောင်မြင်မှုရဲ့ လမ်းကြောင်းတစ်ခုအဖြစ် မြင်ပါတယ်။ ကျရှုံးခြင်း ဆိုတာ တကယ်တော့ သင်ယူမှုပုံစံတစ်ခုပါ။
ကြီးပွားတိုးတက်တဲ့ စိတ်ဓာတ်ကို မွေးမြူပါ။
Mindset ဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်များမှ လာပါတယ်။ ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်များ အောင်မြင်ဖို့ အမြင်များ ပြောင်းလဲနိုင်တယ်လို့ ယူဆပါတယ်။ Growth Mindset ကို မြှင့်တင်ဖို့ သင်ထိန်းချုပ်နိုင်တဲ့ နည်းလမ်းငါးခု ရှိပါတယ်။
၁။ ကျရှုံးမှုကို ခင်တွယ်ပါ။
Growth Mindset ကို မွေးမြူခြင်းက ရှုံးနိမ့်ခြင်းကို အဆိုးမြင်ခြင်းထက် အပြုသဘောအဖြစ် ရှုမြင်ခြင်း ပါဝင်ပါတယ်။ လူတိုင်းမှာ အဆင်မပြေမှုတွေ ရှိတယ်။ အဓိကတော့ တစ်ခုချင်းစီမှ သင်ယူပြီး သင့်ရဲ့အနာဂတ်အတွက် ပိုကောင်းအောင်ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ အောင်မြင်သူတွေဟာ များသောအားဖြင့်တော့ အောင်မြင်မှုဆီ အရောက်လှမ်းဖို့ အကြိမ်ကြိမ် ကျရှံးဖူးကြပါတယ်။
၂။ တစ်သက်တာသင်ယူသူဖြစ်ပါစေ။
Growth Mindset ရှိတဲ့သူများက အသက်မွေးဝမ်းကျောင်းအတွက် ပိုမိုအောင်မြင်စေတဲ့ သင်ယူမှုအခွင့်အလမ်းများကို တက်ကြွစွာရှာဖွေကြပါတယ်။ အရာအားလုံးကို စူးစမ်းလေ့လာပါ။ အောင်မြင်သူများဟာ မိမိကိုယ်ကိုယ် တိုးတက်စေမယ့် စာအုပ်များကို ဖတ်ကြပါတယ်။ တကယ်တော့ အောင်မြင်သူတွေရဲ့ 85 ရာခိုင်နှုန်းဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်မှု ဒါမှမဟုတ် ပညာပေးစာအုပ်တွေ ဖတ်ကြ၊ လေ့လာကြပါတယ်။
၃။ စိန်ခေါ်မှုကိုရှာဖွေပါ။
စိန်ခေါ်မှုများဟာ သင့်ရည်မှန်းချက်များဆီကို အောင်မြင်လာစေဖို့အတွက် ကူညီပေးတဲ့ အခွင့်အလမ်းများ ဖြစ်ပါတယ်။ "အခက်အခဲများဟာ သာမန်လူများကို ထူးကဲစွမ်းအားများ ပေးလေ့ရှိပါတယ်" အတားအဆီးတွေကို ကျော်လွှားနိုင်တဲ့ စွမ်းအားကို လျှော့မတွက်ပါနဲ့။ အဲဒီ အတွေ့အကြုံက သင့်ကို ပိုတော်တဲ့ လူတစ်ယောက်ဖြစ်လာစေဖို့ အခွင့်ရေးပေးနိုင်ပါတယ်။
၄။ သင့်ရဲ့ကန့်သတ်ချက်တွေကို ကျော်လွန်သွားပါ။
Growth Mindset ကို မွေးမြူဖို့ တခြားနည်းလမ်းမှာ သင်လုပ်နိုင်တာထက် သင့်ကိုယ်သင် တွန်းအားပေးဖို့ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ လေ့လာမှုတစ်ခုမှာ သုတေသီများက ပြိုင်ပွဲဝင် သူများကို မီတာ 4,000 အတတ်နိုင်ဆုံး စက်ဘီးစီးဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြိုင်ပွဲဝင်သူများဟာ သူတို့ရဲ့ ယခင်စီးနင်းမှုထက် ပိုပြီးမြန်မြန်စီးနိုင်ခဲ့တာကို တွေ့ရပါတယ်။ သူတို့ မသိခဲ့တာက သူတို့ အရင်ကထက် ပိုမြန်နေတယ်ဆိုတာပါပဲ။
၅။ Feedback တောင်းပါ။
ပုဂ္ဂိုလ်ရေးအရရော ပညာရှင်ပီသစွာ ကြီးပွားတိုးတက်လိုသူများဟာ Feedback ကို တန်ဖိုးထား တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကြီးထွားမှုကို ဦးတည်တဲ့ ပုဂ္ဂိုလ်များဟာ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ စိန်ခေါ်ဖို့ စိတ်ဝင်စားတာကြောင့်ပဲ ဖြစ်ပါတယ်။ ပြစ်တင်ဝေဖန်မှုကို မကြောက်ကြဘူး။ သင့်ကိုယ်ပိုင်တိုးတက်မှုအတွက် သင့်မှာပဲတာဝန်ရှိတယ်ဆိုတာ သင်နားလည်ပြီးတာနဲ့ Feedback တောင်းခံဖို့၊ အဲ့ဒီကနေ သင်ယူဖို့ သင်ယုံကြည်မှုရှိလာမှာ ဖြစ်ပါတယ်။
နည်းပညာနဲ့ စီးပွားရေးပုံစံများ လျင်မြန်စွာပြောင်းလဲလာတာနဲ့အမျှ တိုးတက်မှုဆိုင်ရာ အတွေး အမြင်များကို လက်ခံကျင့်သုံးခြင်းက အောင်မြင်မှုအတွက် အရေးကြီးပါတယ်။ သုတေသနပြုချက် များအရ သင့်စိတ်နေသဘောထားဟာ အောင်မြင်မှုကို ကြိုတင်ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။ သင်ဘယ်လောက်ကောင်းတာမဟုတ်ပေမယ့် သင်ဘယ်လောက်ကောင်းချင်လဲ အဲဒါအရေးကြီးတယ်။ ဒါ့ကြောင့် Growth Mindset ထားဖို့ လိုအပ်ပါတယ်။
ဤဆောင်းပါးကို Forbes Website မှ Caroline Castrillon ရေးသားထားတဲ့ Why A Growth Mindset Is Essential For Career Success ခေါင်းစဉ်ကို ဒေါ်နှင်းနုအောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Daw Hnin Nu Aung
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
